Skip to main content

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စည်ပင်ယာသာရေးအဖွဲ့ပိုင် ငွေကြေးသည် ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေးဖြစ်သည့်အတွက်  ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင့်မသက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီ/မညီ ပြန်လည်စိစစ်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ယခင် ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုဖြစ်သည့် နယ်စပ်ရေးရာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ၁၉၉၆ ခုနှစ်တွင် စည်ပင်သာယာရေးအဖွဲ့များအတွက် စည်ပင်သာယာရေးဘဏ်ကို ရည်ရွယ်ချက်လေးရပ်နှင့် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ (က) စည်ပင်သာယာရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုံလောက်မှုမရှိသော စည်ပင်သာယာရေးအဖွဲ့များအား ဘဏ်မှ လှူဒါန်းထောက်ပံ့ခြင်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများ အစဉ်တစိုက်ဖြည့်တင်းနေရခြင်းမှ လျော့နည်းစေရန်၊ (ခ) စည်ပင်သာယာရေးအဖွဲ့များသည် ဒေသန္တရအဖွဲ့ အစည်းများ၏ အခြေခံမူနှင့်အညီ မိမိဝင်ငွေအပေါ် မိမိရပ်တည်ဆောင်ရွက်နိုင်စေရန်၊ (ဂ) စည်ပင် သာယာရေးအဖွဲ့များနှင့် ပြည်သူတို့၏ ငွေကြေး အရင်းအမြစ်များစုစည်းပြီး စီးပွားရေးစွမ်းအားစုတစ်ရပ် အဖြစ် ဘဏ်စနစ်ကို အသွင်ပြောင်း ဆောင်ရွက်ရန်၊ (ဃ) မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါ‌စေတင်ဖွဲ့စည်းစဉ်နှစ်မှစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၏ ရန်ပုံငွေက အစုရှယ်ယာများ စုပေါင်းထည့်ဝင်တာ၊ နှစ်စဉ် စုဆောင်းငွေများ အချိုးကျ ထည့်ဝင်ခြင်းများကြောင့် အကျိုးအမြတ်များစွာကို နှစ်အဆက်ဆက် ရရှိခဲ့ပြီး စည်ပင်သာယာရေးဘဏ် လီမိတက်သည်လည်း ပိုင်ဆိုင်မှု များစွာရှိခဲ့ပါကြောင်း၊

၂၀၁၁ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနကို နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းဖွဲ့စည်းခဲ့သလို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စည်ပင်သာယာရေးအဖွဲ့များသည်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ၏ ကွပ်ကွဲမှုအောက်ကို ရောက်ရှိသကဲ့သို့ စည်ပင်သာယာရေးဘဏ်လီမိတက်ကိုလည်း ကျေးလက်ဖွံ့ဖြိုးရေး ဘဏ် လီမိတက်အဖြစ် အမည် ပြောင်းခဲ့ပြီး၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစကာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ကို ပြောင်းရွှေ့ခဲ့ပါကြောင်း၊

ယခု အစိုးရသစ်လက်ထက် ဝန်ကြီးဌာနများ လွှဲပြောင်းရာတွင် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကို လွှဲပြောင်းမှု မပြုဘဲ ယခင် ပြည်ထောင်စုဝန်ကြီးဟောင်းက ဦးဆောင်ကာ ပုဂ္ဂလိကဘဏ်အဖြစ် ဖွဲ့စည်း ဆောင်ရွက်ခဲ့ သည်ဟုသိရှိရပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မူလအစုရှယ်ယာ ပိုင်ရှင်များ ဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့များကို အသိပေး၊ သဘောထားရယူခြင်း မပြုဘဲ ပုဂ္ဂလိက ကုမ္ပဏီအချို့ကို အစုရှယ်တွေခွဲဝေရောင်းချကာ အမြတ်ဝေစုများကိုလည်း အချိန်တိုအတွင်း စည်ပင်သာယာရေးအဖွဲ့များ နည်းတူ ခွဲဝေပေးခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ခြင်းအတွက် ဘဏ္ဍာငွေနှင့် အဆောက်အဦပစ္စည်းများ၊ အရင်းအနှီးများတွင် ပုဂ္ဂလိကရှယ်ယာရှင်များကို လုပ်ထုံးလုပ်နည်း လွဲမှားစွာဖြင့် ဝင်ရောက်စေခဲ့ခြင်း ကြောင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် များစွာဆုံးရှုံးနစ်နာခဲ့ရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်(နေပြည်တော်)တွင် ၂၇-၆-၂၀၁၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် ပြည်နယ်/တိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးများ က ကန့်ကွက်ခဲ့သော်လည်း ပုဂ္ဂလိကဘဏ်အဖြစ် အမည်ပြောင်းရေးကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊

စည်ပင်သာယာရေးအဖွဲ့များ၏ ကျေးလက်ဘဏ်တွင်စုဆောင်းထားသည့် ငွေစုစုပေါင်းသည် အဆောက် အဦနှင့် အခြားပိုင်ဆိုင်မှုများ မပါရှိသေးဘဲ ၂၁၇၉၉.၄ သန်းရှိပြီး အဆိုပါငွေကြေးများသည် နိုင်ငံတော်ကခ ျမှတ်ထားသည့် ရသုံးဆိုင်ရာဘဏ္ဍာရေး ညွှန်ကြားချက်များအရ နိုင်ငံတော်ပိုင် ငွေကြေးများ ဖြစ်သည့် အတွက် ပုဂ္ဂလိကဘဏ်အဖြစ် လွှဲပြောင်းခြင်းသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ လွဲမှားနေသည့်အပြင် စည်ပင်သာယာရေးအဖွဲ့များ၏ စုစုပေါင်း မတည်စုဆောင်းငွေများဖြင့် နှစ်ပေါင်းများစွာလည်ပတ်ခဲ့သည့် အကျိုးအမြတ်များကို ပိုင်ဆိုင်သည့် ကျေးလက်ဖွံ့ဖြိုးဘဏ်ကို ပုဂ္ဂလိကဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်းသည် နိုင်ငံတော်နှင့် စည်ပင်သာယာရေးအဖွဲ့များအတွက် များစွာနစ်နာစေခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင်ငွေကြေးသည် ဥပဒေအရ နိုင်ငံပိုင်ငွေကြေးဖြစ်သည့် အတွက် ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင်‌့သက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီ/မညီ ပြန်လည်စိစစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း  မေးမြန်းပါသည်။


လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပထမ မေးခွန်းစပ်လျဉ်း၍ ကုမ္ပဏီများကို ဖွဲ့စည်းတည်ထောင်ရာတွင် အဓိကအားဖြင့် ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ကြရပါကြောင်း၊ ထို့အပြင် ကုမ္ပဏီအစုရှယ်ယာရှင်တွင် နိုင်ငံတော်အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ပါဝင်ပါက ၁၉၁၄ ခုနှစ်၊ မြန်မာ နိုင်ငံကုမ္ပဏီများအက်ဥပဒေအပြင် ၁၉၅၀ ပြည့်နှစ်၊ မြန်မာနိုင်ငံအထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ကြရပါကြောင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများကို တည်ထောင်ရာတွင် အထက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်ရသည့်အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လိုင်စင်အရ မြန်မာနိုင်ငံတော် ငွေရေးကြေး‌ရေးအဖွဲ့အစည်းများ ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရပါကြောင်း၊ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အသစ်ထပ်မံပြဋ္ဌာန်းခဲ့ပါကြောင်း၊

ကျေးလက် ဖွံ့ဖြိုးရေးဘဏ်သည် ယခင် စတင်တည်ထောင်စဉ်က စည်ပင်သာယာရေး ဘဏ်ဖြစ်ပြီး နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ထည့်ဝင်ငွေဖြင့် တည်ထောင်ခဲ့ပြီး ယင်းသို့ တည်ထောင်ရာတွင်လည်း ၁၉၉၆ ခုနှစ်တွင် အထက်ပါ ၁၉၁၄ ခုနှစ်၊ ကုမ္ပဏီများအက်ဥပဒေနှင့် ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ တို့အရ အများနှင့်မသက်ဆိုင်သော ပုဂ္ဂလိကဘဏ်အဖြစ် ပေးရန်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ဘဏ်များကို အစုရှယ်ယာအဖြစ်ဖွဲ့စည်းရာတွင် အကျိုးအမြတ်ရရှိပါက နှစ်စဉ်အမြတ်ဝေစု အဖြစ် ထုတ်ပေးသော်လည်း အစုရှယ်ယာထည့်ဝင်ခြင်းသည် ဘဏ်၏ ရင်းနှီးငွေအဖြစ် ထည့်ဝင်ခြင်းဖြစ်၍ အစုရှယ်ယာများကို ပြန်အမ်းရန်တောင်းဆိုနိုင်သည့် အခွင့်အရေးမရှိပါကြောင်း၊ အစုရှယ်ယာရှင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားသည့် အစုရှယ်ယာများကို ထုတ်ပေးခြင်း မပြုဘဲ ကန့်သတ်ထားခြင်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းမှသာ ပေးရန် ရရန်တာဝန်များကို စာရင်းရှင်းလင်းပြီး ပိုလျှံငွေကို အစုရှယ်ယာအချိုးအစားအလိုက် ပြန်လည်ခွဲဝေပေးမည်ဖြစ်ပါကြောင်း၊ အစုရှယ်ယာ ပိုင်ရှင်သည် အစုရှယ်ယာထည့်ဝင်ထားငွေကို ပြန်လည်ရယူလိုပါက အခြားသူများသို့ လွှဲပြောင်းရောင်းချ ခြင်းဖြင့်သာ ပြန်လည်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏စွမ်းဆောင်ရည်အပေါ်မူတည်ပြီး မိမိထည့်ဝင် ထားသည့် တန်ဖိုးထက် လျော့နည်း၍ရရှိခြင်း၊ ပိုမို၍ရရှိခြင်းများ ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာအဖွဲ့များမှ နှစ် အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့်အရင်းအနှီးများအား ပြန်လည် တွက်ချက်၍ ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ ထိုသို့ဆောင်ရွက်ရန်  ဖြစ်နိုင်ဖွယ်မရှိပါကြောင်း၊

 အကယ်၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တွင် အစုဝင်အဖြစ် ထည့်ဝင်ထားသည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များက အစုရှယ်ယာရှင် အဖြစ် ဆက်လက်ပါဝင်လိုခြင်းမရှိပါက အစုရှယ်ယာများကို ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ(၁)အရ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းတွင် ပါရှိသည့် နည်းလမ်းများနှင့်အညီ အစုရှယ်ယာဝယ်ယူမည့်သူထံ လွှဲပြောင်းရောင်းချနိုင်ပါကြောင်း၊ ထိုသို့လွှဲပြောင်းရောင်းချရာတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၄၂ အရ အစုရှယ်ယာ ပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းနှင့်အထက်ဖြစ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်အား ရယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကို စတင်တည်ထောင်စဉ်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့များသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသဖြင့် စည်ပင် သာယာရေးအဖွဲ့များ၏ ထည့်ဝင်ငွေသည် အစိုးရဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်းမဟုတ်သည်ကို တွေ့ရှိရသည့်အပြင် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ ပုဂ္ဂလိကဘဏ်အဖြစ်သာ တည်ထောင်ခဲ့ခြင်းဖြစ်သည်ကိုတွေ့ ရှိရပါကြောင်း၊

၂၀၁၁ ခုနှစ်တွင် ဝန်ကြီးဌာနများပြောင်းလဲဖွဲ့စည်းခဲ့သဖြင့် စည်ပင်သာယာရေးဘဏ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်အဖြစ် ရောက်ရှိခဲ့သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ယခင် စည်ပင် သာယာရေးဦးစီး ဌာန၏ လက်ကျန်ဗဟိုရန်ပုံငွေမှ ထည့်ဝင်ငွေကျပ်သန်းပေါင်း ၂၄၂၅ သန်းပါရှိလာခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် စည်ပင်သာယာရေးအဖွဲ့များ၏ ငွေစာရင်းလက်ကျန်များကို ပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေသို့ ပြန်အပ်နှံရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အကြောင်းကြားချက်များအရ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပြန်လည် အပ်နှံခဲ့သဖြင့် လျော့ကျသွားသည့် ဘဏ်၏ မတည်ငွေရင်းကို ပြန်လည်ဖြည့်တင်းရန် ပုဂ္ဂလိကကုမ္ပဏီ သုံးခုသို့ အဆိုပါ ကျပ်သန်း ၂၄၂၅ သန်းကို ရှယ်ယာလွှဲပြောင်းရောင်းချခဲ့ပါကြောင်း၊

၂၀၁၆ ခုနှစ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)အရ ဘဏ် တစ်ခု၏ မတည်ငွေအရင်းကို ကျပ် ၂၀ ဘီလီယံအောက်မလျော့နည်းစေရန် ပြဋ္ဌာန်းထားပြီး ကျေးလက် ဖွံ့ဖြိုးရေးဘဏ်သည် မတည်ရင်းနှီးငွေကျပ် ၈.၁ ဘီလီယံရှိသည့်အတွက် မတည်ငွေတိုးမြှင့်ရန် လိုအပ်လာ ပါကြောင်း၊  ရှယ်ယာများရောင်းချပါက ရှယ်ယာရှင် ဦးရေ ၅၀ နှင့်အထက် ဖြစ်နိုင်ပါကြောင်း၊  ရှယ်ယာရှင်  ၅၀ ထက်ကျော်ခဲ့ပါက အများပိုင်ကုမ္ပဏီဟု သတ်မှတ်သည့်အတွက် အစုရှယ်ယာများဖြင့် ပေးရန် တာဝန်ကန့်သတ်ထားသော အများနှင့်မသက် ဆိုင်သောကုမ္ပဏီမှ အများနှင့်သက်ဆိုင်သောကုမ္ပဏီသို့ ပြောင်းလဲရန် ဘဏ်၏ကုမ္ပဏီဖွဲ့စည်းတည်ထောင်ဆောင်ရွက်ခြင်းဆိုင်ရာ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့ မှတ်တမ်းများကို ပြင်ဆင်ရန်အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၈ အရ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန် တင်ပြခဲ့ပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်နေဆဲအတောအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုများနှင့် အခြားလိုအပ် ချက်များကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အကြား ဆွေးနွေးညှိနှိုင်း မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်မှ အစုရှယ်ယာရှင်အများစု၏ ဆုံးဖြတ်ချက်အရ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီအဖြစ်သာ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီသို့ ပြောင်းလဲရန်အတွက် ပြင်ဆင်ရေးဆွဲထားသည့် သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတည်ပြုချက်တောင်းခံထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်းကို စာဖြင့် အကြောင်းကြားခဲ့ပါကြောင်း၊  

အများနှင့်သက်ဆိုင်သော ကုမ္ပဏီသို့ပြောင်းခြင်း၊ မပြောင်းလဲခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်း၊ အစုရှယ်ယာရှင်အများစု၏ အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးများတွင် ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်ဖြစ်သည့်အတွက် အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်ကို ရယူရာတွင် နည်းလမ်းတကျဆောင်ရွက်ခဲ့ပါက အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်းသည် လည်းကောင်း၊ ထိုသို့ပြောင်းလဲဆောင်ရွက်နေစဉ်ကာလအတွင်း ဆောင်ရွက်မှုကို ပြန်လည်ရုပ်သိမ်းခြင်းသည်လည်းကောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်သည်ဟု ဆိုနိုင် ကြောင်း၊

စည်ပင်သာယာရေးပိုင်ငွေကြေးသည် ဥပဒေအရ နိုင်ငံပိုင်ငွေကြေးဖြစ်သည့်အတွက် ပုဂ္ဂလိက ဘဏ် သို့မဟုတ် အများနှင့်မသက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်ညီ/မညီဆိုသည့်အချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော်မှ ငွေကြေးများထည့်ဝင်၍ အများနှင့်မသက်ဆိုင်သည့်ဘဏ် သို့မဟုတ် အများနှင့်သက်ဆိုင်သည့်ဘဏ်နှစ်မျိုးလုံးကို ဖွဲ့စည်း တည်ထောင်ဆောင်ရွက်နိုင်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်ပိုင်ငွေကြေးဖြစ်သည့်အတွက် အစုရှယ်ယာဝင် နိုင်ငံတော်အဖွဲ့အစည်းများဟာ နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အခြားတစ်ဖက်မှ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် အများနှင့်မသက်ဆိုင်သောဘဏ်အဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်းသည် အစုရှယ်ယာရှင်များ၏နှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် အထူး အစည်း အဝေးများတွင် အများစုဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်ပါကြောင်း၊ အနာဂတ်တွင် အစုရှယ်ယာရှင်အများစုက သဘောတူပါက အများနှင့်သက်ဆိုင်သော ဘဏ်အဖြစ် ပြောင်းလဲခြင်းကိုလည်း အချိန်မရွေးဆောင်ရွက်နိုင်ပါကြောင်း၊

အထက်ပါကိစ္စနှင့်စပ်လျည်း၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တွင် အစုရှယ်ယာထည့်ဝင် ထားသည့်  ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုတွင် အများစုက့ သဘောတူသည့် သဘောတွေ့ရပါကြောင်း၊ အဓိကအချက်အနေဖြင့် အများပိုင်ဘဏ်ကနေ အများပိုင်ဘဏ်မဟုတ်တာကို ပြောင်းလဲခြင်း မဟုတ်ဘဲ အများပိုင်မဟုတ်သောဘဏ်မှ အများပိုင်ဖြစ်သောဘဏ်ကို ပြောင်းလဲစဉ်တွင် ယင်းလုပ်ငန်းစဉ်ကို ဆက်မဆောင်ရွက်ဘဲ With Draw လုပ်ခဲ့တာဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းများသည် ရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်သာလျှင် အဓိကဖြစ်သည့်အတွက် ရှယ်ယာရှင်များက ဆုံးဖြတ်ချက်များအတိုင်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြားပါသည်။

ဦးမြင့်ဦး(သနပ်ပင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသသည်။

ပြည်ထောင်စုကို ပြန်သွင်းရန်ငွေများသည် စည်ပင်သာယာရေးအဖွဲ့က စုဆောင်းခဲ့သည့် ၂၄၂၅.၅ သန်းပဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းငွေများသည် နိုင်ငံတော်ပိုင်ငွေကြေးဟု ပြောနိုင်သကဲ့သို့ ပြည်သူပိုင် ငွေကြေးဟူ၍လည်း ပြောနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (သို့မဟုတ်)  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနများက စစ်ဆေးပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း

ဗဟိုဘဏ်အနေဖြင့် ဖြေကြားခြင်းများသည်  ဥပဒေတွေနှင့် ဆက်စပ်ပြီး ဗဟိုဘဏ်ကို တင်ပြလာသည့် ကိစ္စများ အပေါ် ဖြေရှင်းခြင်းဖြစ်ပါကြောင်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ ကိုယ်စားဖြေကြား ခြင်း မဟုတ်ပါကြောင်း၊ ကျွန်တော်တို့ဆီမှာ ရောက်လာတဲ့ဥစ္စာကို အခြေအနေတွေအားလုံးကို သုံးသပ်ပြီး ဖြေကြားတာဖြစ်ပါတယ်။ နည်းလမ်းတကျ မဆောင်ရွက် ခဲ့ပါက နှစ်ပတ်လည်အစည်းအဝေးတွင် ရှယ်ယာရှင်များအနေဖြင့် ကန့်ကွက် ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ ကိစ္စမျိုးကို ရှယ်ယာရှင်များက တင်ပြချက်မျိုးမရှိဘဲ အားလုံးစုပေါင်းဆုံးဖြတ်သည့် တင်ပြချက်မရှိဘ တစ်စုံတစ်ရာပြုလုပ်ရန် ခက်ခဲပါကြောင်းနှင့် မြန်မာနိုင်ငံတော် စာရင်းစစ်နှင့်ပတ်သက်သည့်  ကိစ္စရပ်များကို စာရင်းစစ်ရုံးက မေးမြန်းဖြေကြားရန်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ၊ ဦးစိုးသိန်း