Skip to main content

(ခ)-ဥတ္တရသီရိမြို့နယ်အတွင်း လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန်များ ပါဝင်သော ပစ္စည်းခွန်များ ကောက်ခံရာတွင် ပိုင်ရှင်များရှိနေပြီး အဆောက်အဦမရှိသော၊ အဆောက်အဦရှိနေပြီး လူမနေသော၊ အဆောက်အဦဆောက်လက်စ ရပ်ထားသော မြေကွက်များကို အခွန်ပေးဆောင် နေရသော ပြည်သူများနှင့် မျှတမှုရှိစေရေး၊ ပြည်သူ့ဘဏ္ဍာများ မှန်မှန်ကန်ကန် ရရှိစေရေးတို့အတွက် မည်ကဲ့သို့ စည်းကြပ်ကောက်ခံနေပြီး မီးဘေးနှင့်မသမာသူများ ခိုအောင်းနိုင်သောကြောင့် လုံခြုံရေးကိစ္စအတွက် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

 

ဥတ္တရသီရိမြို့နယ်သည် ၂၀၀၉ ခုနှစ်တွင် နေပြည်တော်နယ်နိမိတ်အတွင်း မြို့သစ်တစ်ခုဖြစ်လာပြီး ရပ်ကွက်ကြီးနှစ်ခုနှင့် ကျေးရွာအုပ်စုရှစ်ခု ဖွဲ့စည်းခဲ့ပြီး ၎င်းရပ်ကွက်နှစ်ခုအနက်မှ ဥတ္တရသီရိရပ် ကွက်သည် ဒေသခံကျေးရွာသုံးရွာကို ၄၀၊ ၆၀ မြေကွက်များပေး၍ ပြန်လည်ချထားပေးပြီး ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်များလို အဆင့်‌မြှင့်‌အိမ်ရာကွက်များဖော်ထုတ်ပြီး ကုမ္ပဏီများ နှင့်‌ ပုဂ္ဂလိကတစ်ဦးချင်းစီသို့ ဘလောက်လိုက်ဖြစ်စေ၊ အကွက်လိုက်ဖြစ်စေ စည်းကမ်းချက်များ နှင့်‌အညီရောင်းချပြီး မြို့ကွက်သစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊  နေပြည်တော်နယ်နိမိတ် ဖြစ် သည်နှင့်‌အညီ မြို့ပြနှင့်ညီညွတ်အောင် ဆောင်ရွက်ပေးရသည့်‌အပြင် လမ်းမီးများထွန်းပေးခြင်း၊ အမှိုက်များသိမ်းပေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ စသည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရပါကြောင်း၊ စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ ၁၀(ဂ)အရ ဝန်ဆောင်မှုအခွန်များ ဖြစ်သည့် လမ်းမီးခွန်၊ သန့်ရှင်းရေးခွန် စသည့်အခွန်များ ကောက်ခံခြင်းလည်း ဆောင်ရွက် ရပါကြောင်း၊ ဝန်ဆောင်မှုအခွန်ကောက်ခံသည့်နေရာတွင် အဆင့်‌မြင့်‌အိမ်ရာကွက်အတွင်းရှိ အိမ်အများစုကို ကောက်ခံမှုမရှိဘူးဟု ပြည်သူတချို့မှ တင်ပြထားသဖြင့် တာဝန်ရှိသည့်သူများကို မေးမြန်းသည့်အခါ လူမနေသေးသည့်အတွက် ကောက်ခံမှုမရှိခြင်းဟု ဖြေကြားလာပါကြောင်း၊

ဒေသခံများကိုချပေးခဲ့သည့်  ၄၀၊ ၆၀၊ ၇၀၀ ပတ်ဝန်းကျင်နှင့် အဆင့်‌မြှင့်‌အိမ်ရာကွက် ၆၀၀၀ ကျော် စုစုပေါင်း ၇၀၀၀ ကျော်ခန့်ရှိပါကြောင်း၊  ဝန်ဆောင်မှုအခွန်ကောက်သည့်အခါ အိမ်များတွင် တစ်ယောက်မဟုတ်တစ်ယောက် အမြဲတမ်းရှိနေသည့်အတွက် ကောက်ခံရလွယ်ကူပြီး အမြဲတမ်း ပေးဆောင်ကြပါကြောင်း၊ တချို့အိမ်များမှာ အမြဲတမ်းတံခါး ပိတ်ထားပြီး အခွန်ကောက်ခံ သည့်အချိန်တွင် လူမတွေ့သည့်အတွက် ကောက်ခံမှုမရှိကြောင်း၊ ထိုကိစ္စကိုမေးသည့်အခါ လူမနေသည့်အတွက် မကောက်ခံဘူးဟု ဖြေထားပါကြောင်း၊ အမြဲတမ်းလူမနေခြင်းမဟုတ်ဘဲ သူတို့အတွက် အခြားနေရာများရှိနေသည့်အတွက် အခါအားလျော်စွာ လာနေမှုလည်းရှိပါကြောင်း၊ ထို့ကြောင့် လမ်းမီးနှင့် သန့်ရှင်းရေးဝန်ဆောင်မှုများကို အများနည်းတူပေးထားရပါကြောင်း၊ တံခါးပိတ်ထားသည်နှင့် လူမတွေ့၍မကောက်လျှင် မျှတမှုမရှိပါကြောင်း၊ လူမနေသဖြင့် စာရင်းတွင် မပါဘူးဆိုပါက နှစ်စဉ်ဝန်ဆောင်မှုအခွန် လျာထားသည့်နေရာတွင် အမြဲတမ်းလျော့နေမည ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအခွန်ဌာန၏ မြေကွက်ချပေးသည့် မြေယာဌာနနှင့်ညှိနှိုင်းပြီး ပိုင်ရှင်များကို ဖော်ထုတ်ပြီး စနစ်တကျ စည်းကြပ်မည်ဆိုလျှင် ဝန်ဆောင်မှုအခွန်လည်း တိုးလာနိုင် သည့်အပြင် နှစ်စဉ်ဝန်ဆောင်မှုများလည်း ပိုပြီးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် စီမံကိန်းအိမ်ရာကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး အိမ်ရာချထားသည့် စည်းကမ်းချက်အတိုင်း ဆောင်ရွက်ရန် ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မြေရာချထားပေးသည့် စည်းကမ်းချက် ၁၀ ချက် နံပါတ် ၄ အချက်တွင် သုံးလအတွင်း စတင်ဆောက်ရပြီး တစ်နှစ်အတွင်း အပြီးဆောက်ရမည်ဟု ပါရှိပါ ကြောင်း၊ စနစ်တကျ သေချာညှိနှိုင်းဆောင်ရွက်မယ်ဆိုလျှင် မြို့ပြသာယာလှပမှုနှင့် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးနိုင်ရန် ဝန်ဆောင်မှုအခွန်များ တိုးပွားအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စည်းကမ်းချက်အတိုင်း သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ရန်လိုပါကြောင်း၊ချပေးစဉ် အခါက ဘလောက်လိုက်ဖြစ်စေ၊ လုံးချင်းလိုက်ဖြစ်စေ တချို့ဆိုလျှင် တစ်ဘလောက်လိုက် ယူထားပြီး ပုံစံတူဆောက်ထားပါကြောင်း၊ ယခုထိ မပြီးပြတ်သေးဘဲ ၎င်းအတိုင်းသာရှိနေ ပါကြောင်း၊ တချို့လူမနေဘူးဟုပြောပါကြောင်း၊ တစ်ခါတလေ ပိုင်ရှင်မသိဘဲနှင့် တခြားလူများ ဝင်ရောက်နေထိုင်တာမျိုးလည်းရှိနေကြောင်း၊ အထဲတွင် အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ ထူထပ် နေပြီး တခြားသူများဝင်နေမှန်းမသိ ဖြစ်နေသဖြင့် သေချာစနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ မြို့ပြအတွင်းရှိ အိမ်ရာများကို စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်မည် ဆိုလျှင် မြို့ပြလည်း သာယာလှပလာမည်ဖြစ်ပါကြောင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အဆောက်အဦ နှင့်ဆိုင်သည့် ပစ္စည်းအခွန်များကောက်ခံရာတွင် အဆောက်အဦမရှိသော၊ အဆောက်အဦများ ရှိနေပြီး လူမနေသော၊ ဆောက်လက်စ ရပ်ထားသော အိမ်များ၊ ဝန်ဆောင်မှုအခွန်များကို ပေးဆောင်နေရသည့် ပြည်သူများနှင့် မျှတမှုရှိစေပြီး ပြည်သူ့ဘဏ္ဍာမှန်ကန်စွာရရှိစေရေးကို ဝန်ဆောင်မှုအခွန် မည်ကဲ့သို့စည်းကြပ်ကောက်ခံနေပြီး မီးဘေးနှင့်‌ မသမာသူများခိုအောင်းနိုင် သောကြောင့် လုံခြုံရေးအတွက် မည်ကဲ့သို့စီမံခန့်ခွဲနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဥတ္တရသီရိမြို့နယ်အတွင်း လူနေထိုင်လျက် ရှိသည့် အဆောက်အဦများအတွက် ပစ္စည်းခွန်ကြီးကြပ်ငွေ အားလုံး ၁၉၇၉၁၆၀၀ ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်းတွင် လျာထားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်အထိ ၉၀.၃၂ ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း၊ ပစ္စည်းခွန်ကြီးကြပ်ရာတွင် လုပ်ထုံးလုပ်နည်းအရ မြေကွက်ပေါ် အခြေခံခြင်းမပြုဘဲ အဆောက်အဦအမျိုးအစား၊ အတိုင်းအတာနှင့်‌ တည်နေရာပေါ် အခြေခံပြီး အထွေထွေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် စသည်ဖြင့် ကောက်ခံခဲ့ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ အဆောက်အဦပေါ်သာ အခြေခံပြီး ပစ္စည်းခွန်တွက်ချက်ရာတွင် ပိုင်ရှင်ရှိပြီး အဆောက်အဦဆောက်လုပ်ထားခြင်းမရှိသည့် မြေကွက်များကို ပစ္စည်းခွန်ကောက်ခံထားခြင်း မတွေ့ရပါကြောင်း၊ မေးခွန်းတွင်ပါသည့် လမ်းမီးခွန်နှင့်‌ သန့်ရှင်းရေးခွန် ပစ္စည်းခွန်ကောက်ခံခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းအပိုဒ် ၁ အပိုဒ်ခွဲ(ဍ)အရ ဝန်ဆောင်ခွန်အဖြစ် သတ်မှတ်ထားရှိ ကောက်ခံခြင်း ဖြစ်ပါကြောင်း၊ ဝန်ဆောင်ခွန်ဆိုသည့်နေရာတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများအား လမ်းမီး ထွန်းညှိပေးခြင်း၊ အမှိုက်သိမ်းဆည်းပေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့်အတွက် နေထိုင်သူများကိုသာ စည်းကြပ် ကောက်ခံသည့်အတွက် လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦများ၊ ဆောက်လုပ်ဆဲ အဆောက်အဦများမှာ ဝန်ဆောင်ခွန်ကို စည်းကြပ်ကောက်ခံခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြုထားသည့်အတိုင်း နေပြည်တော် စည်ပင် သာယာရေးကော်မတီအခွန်ဌာနနှင့် မြေရာစီမံခန့်ခွဲရေးဌာနကို လုပ်ထုံးလုပ်နည်းနှင့်‌အညီ စနစ်တကျစီမံချက်ရေးဆွဲပြီ့း လုပ်ရန်နှင့် ကြပ်မတ်ရန် မိမိတို့ ဆက်လက်ပြီး လမ်းညွှန်ပေးမည်ဖြစ် ပြီး စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ တာဝန်ရှိဌာနမှူးများ၊ ကော်မတီဝင်များမှ တစ်ဆင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသည့်အချက်များကို အသေးစိတ် စီမံချက်ဆွဲပြီး မိမိပြန်လည်ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး မီးဘေးလုံခြုံရေးနှင့်‌ မသမာသူများ မပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

နေပြည်တော်ကောင်စ်ီအဖွဲ့ဝင် ဦးတင်ထွဋ်