Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြား

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် အတွင်းရှိ မြို့နယ်တို့မှ တောင်သူလယ်သမားကြီးများ စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက်ကြသည်‌့ တောင်သူလယ်သမား ရေးရာ လူထုတွေ့ဆုံပွဲ အခမ်း အနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၂၂) နေ့ နံနက် (၈)နာရီခွဲတွင် ပဲခူတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်‌ဓောစေတီတော်မြတ်ကြီးအနီးရှိ ကွင်းအတွင်း၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား‌ ပြောကြားသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနား သဘာပတိ ပဲခူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြင်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား သူရဦးအေးမြင်‌့ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ပဲခူးတိုင်း ဒေသကြီး တောင်သူ လယ်သမားရေးရာလူထုတွေ့ဆုံပွဲ အခမ်းအနားကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများ အပင်ပန်းခံ၊ အဆင်းရဲခံပြီး တစ်ခဲနက်တက်ရောက် လာကြသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း။

မိမိတို့ပါတီအနေဖြင့် တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ၊ ဖိုရမ်များ များစွာပြုလုပ်ခဲ့သည့် အနက် ယနေ့ကျင်းပသော တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲသည် နိုင်ငံရေးအနှစ်သာရရှိပြီး လက်တွေ့ဘဝကိုထင်ဟပ်စေမည့် လူထုတွေ့ဆုံပွဲပင် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲမှ ပေါ်ထွက်လာမည့် ရှေ့လုပ်ငန်းစဉ်များ၊ မှတ်တမ်းတင်ခြင်းများနှင့် ဆုံးဖြတ်ချက်များသည် ရှေ့ဆက်ပြီး မိမိတို့ အလေး အနက် ထားဆောင်ရွက်သွားရမည့် လုပ်ငန်းများပင်ဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲ၏ အဓိက ရည်ရွယ်ချက်များမှာ -
(၁) ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဗဟို  အလုပ်အမှုဆောင်ကော်မတီ၏ညွှန်ကြားချက်များကို ပါတီဝင်တောင်သူ လယ်သမားများအကြား စိမ့်ဝင်ပျံ့နှံ့စေရန်။
(၂) ပါတီဝင် တောင်သူလယ်သမားများအတွင်း နိုင်ငံတော်နှင့်ပါတီအပေါ် ထားရှိ သည့် သဘောထား ခံယူချက်နှင့် ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာလာစေရန်။

(၃) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင် ရေးတွင် ပါတီဝင်တောင်သူလယ်သမားများတက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက် လာစေရန်။

(၄) တောင်သူလယ်သမားများ၏အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်။

(၅) တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်ရေးအတွက် ရည်ရွယ် ချက်ခြင်း တူညီသည့် အသင်းအဖွဲ့များနှင့် အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် တို့ပင်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မား လာစေရေးနှင့် တောင်သူလယ်သမားထု နက်ရှိုင်းစွာ ပေါင်းစည်းရေးကို ရည်ရွယ်ပါကြောင်း။

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့်သည်လည်း တောင်သူလယ်သမား များဖြစ်ကြပါကြောင်း၊ တောင်သူ လယ်သမား များသည် နိုင်ငံတော်၏ အခြေခံ အကျဆုံးသော လူထုလူတန်းစား အလွှာဖြစ်သကဲ့သို့ လယ်ယာ ကုန်ထုတ် လုပ်မှုသည်လည်း နိုင်ငံတော်၏ စီးပွားရေးတွင် ကြီးမားသည့် အခန်းကဏ္ဍက ပါဝင်လျက် ရှိနေပါကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက တောင်သူလယ်သမားများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးတာဝန်အပြင် လိုအပ်လာပါက နိုင်ငံတော် ကာကွယ်ရေး တာဝန်များကိုပါ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ နယ်ချဲ့တော် လှန်ရေး ကာလတစ်လျှောက်လုံးတွင်လည်း အသက်၊ သွေး၊ ချွေးများစွာရင်းနှီးပြီး စွန့်လွှတ် စွန့်စားစိတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်ကို ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားထုကြီးက သက်သေပြလျက်ရှိပါကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများတွင်လည်း တောင်သူလယ်သမား လူငယ်များပါဝင်ဆင်နွှဲပြီး ဖက်ဆစ်ကို တွန်းလှန်မောင်းထုတ်နိုင်ခဲ့ပါကြောင်း။

ထို့ပြင် လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်ခဲ့သည့် ပြည်တွင်းပဋိပက္ခ တိုက်ပွဲများတွင်လည်း တောင်သူ လယ်သမားများ၏ သားသမီးမျိုးဆက်များဖြင့် ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်တွင် တောင်သူ လယ်သမား လူငယ်အများစုပါဝင်ပြီး နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တာဝန်များကို တစ်စိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများအနေဖြင့် ယင်းသို့ နိုင်ငံတော်အပေါ် တာဝန်ကျေခဲ့ကြသော်လည်း ယနေ့ တောင်သူလယ်သမားများ၏ဘဝကို ထဲထဲဝင်ဝင် လေ့လာကြည့်မယ်ဆိုပါက ခါးမလှ၊ ဝမ်းမဝသည့် အခြေအနေမျိုးဖြင့် နိမ့်ကျ လျက်ရှိနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အခြေအနေသည် လှော်ရင်းနစ်ဆိုသကဲ့သို့ တိုးတက်မလာဘဲ ဆုတ်ယုတ်နေသော အဖြစ်မျိုးသာ ကြုံတွေ့နေရသည့်အပြင် ခေတ်အဆက်ဆက်တွင် ကျေးဇူးရှင် တောင်သူလယ်သမားများဟု တင်စားသုံးနှုန်းခေါ်ဝေါ်ခြင်း ခံခဲ့ရသော်လည်း၊ လက်တွေ့တွင် တောင်သူလယ်သမားများဘဝသည် ဆင်းရဲတွင်း နစ်နေဆဲပင်ဖြစ်သည်ကို မြင်တွေ့နေကြရ ပါကြောင်း၊ ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် တစ်နည်းအားဖြင့် တောင်သူလယ်သမား များ၏ ဘ၀ တိုးတက် မြင့်မားလာစေရန် ပါတီ၊ အစိုးရနှင့် လွှတ်တော်အသီးသီး တို့၏ စုပေါင်းအားဖြင့် တက်ညီလက်ညီ အလေးအနက်ထား ဆောင်ရွက်ပေးရမည့် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း။

ယနေ့ အချိန်အခါသည် မိမိတို့နိုင်ငံအနေဖြင့် ပြည်သူအများစု၏ ဆန္ဒသဘော ထားနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို ညင်သာစွာကူးပြောင်းနေသည့် အချိန် အခါပင် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ ပါတီအနေဖြင့်လည်း ကောင်းမြတ်သည့် စိတ်ရင်း စေတနာအပြည့်ဖြင့် အောင်မြင်စွာကူးပြောင်းနိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ကြိုးပမ်း လျက်ရှိ ပါကြောင်း၊ အထူးသဖြင့် တောင်သူလယ်သမားကြီးများက မိမိတို့ပါတီကို ယုံယုံကြည်ကြည်ဖြင့် တစ်ခဲနက် ထောက်ခံပြီး တာဝန်ပေးအပ်ခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်သူလယ်သမားကြီးများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

အလားတူ နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူများ၏ကိုယ်စား ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်နှင့်အစိုးရအဖွဲ့အစည်းများကလည်း နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိနေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ တွင် အောင်မြင်မှုအများအပြားရှိသကဲ့သို့ စိန်ခေါ်မှုများစွာနှင့်လည်း ကြုံတွေ့နေရသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ယင်းသည်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းစနိုင်ငံတိုင်း ကြုံတွေ့ရ သည့်အခက်အခဲများ ဖြစ်ခြင်းကြောင့် ကြောက်ရွံ့နောက် တွန့်မနေဘဲ စိန်ခေါ်မှုများကို အခွင့်အလမ်းကောင်းများအဖြစ် မှတ်ယူပြီး အောင်မြင်ကျော်လွှားသွားကြရမည် ဖြစ်ပါကြောင်း။

မိမိတို့ ပါတီအနေဖြင့် တောင်သူလယ်သမား များနှင့်စပ်လျဉ်းပြီး ပါတီဖွဲ့ စည်းပုံအခြေခံ စည်းမျဉ်းတွင် ချမှတ်ထားသည့်လုပ်ငန်းစဉ်များအတိုင်း တောင်သူလယ်သမားများ၏ဘဝတိုးတက် မြင့်မားရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ -

(၁)        တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက် ပေးမည်။
(၂)        လယ်ယာလုပ်သူ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲနိုင်ခွင့်ရရှိရေးကို ကူညီ ဆောင်ရွက်မည်။

(၃)        လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်ရရှိစေရန် ကူညီဆောင်ရွက်မည်။

(၄)        တောင်သူလယ်သမားများ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း လုပ်ဆောင်သူများ၏ အခွင့်အရေးကို ကာကွယ်သည့်ဥပဒေများကို ခေတ်နှင့်အညီ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်။

(၅)        တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် လယ်ယာ ထွက်ကုန် ပစ္စည်းများ သင့်လျော်သည့်ဈေးနှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်မည်။

(၆) လယ်ယာထွက်ကုန်ပစ္စည်းများရောင်းချရန် ဈေးကွက်ရရှိရေးနှင့် ပြည်ပပို့ကုန် ဈေးကွက်များ ချဲ့ထွင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

(၇) လယ်ယာထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားရေးနှင့် လေလွင့်ဆုံးရှုံးမှု လျော့ပါး နိုင်သမျှလျော့ပါးရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများ ခေတ်မီတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။
(၈) ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ လယ်ယာသုံးစက်မှုနည်းပညာများကို တောင်သူလယ်သမားများ အကုန်ကျသက်သာစွာဖြင့် အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်မည်။

(၉) စိုက်ပျိုးရေးစရိတ်နှင့် အရင်းအနှီးများကို လုံလောက်စွာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် တို့ပင်ဖြစ်ပါကြောင်း။

ထိုလုပ်ငန်းစဉ်များကို အခြေခံလုပ်ငန်းစဉ်များအဖြစ်ခံယူပြီး တောင်သူ လယ်သမားအခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို လွှတ်တော်တွင် မိမိတို့ပါတီက ပြဌာန်း ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ လက်တွေ့ဖော်ဆောင် နိုင်ရေး အတွက်လည်းနည်း ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များ အမြန်ထွက်ရှိလာသည်အထိ ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ယင်းဥပဒေတွင် တောင်သူလယ်သမားများအတွက် ချေးငွေ ပမာဏတိုးမြှင့်ပေးရန်၊ ချေးငွေပြန်ဆပ်ရန်အချိန်ကာလ တိုးမြှင့်သတ်မှတ်ပေးရန်၊ သဘာဝဘေး အန္တရာယ်ကြောင့် လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့လျှင် ထောက်ပံ့ကြေးပေးရန်၊ နည်းပညာ အကူအညီများပေးရန်၊ ထွက်ရှိလာသည့်သီးနှံများကို သင့်တင့်မျှတသည့် ဈေးနှုန်းများ ရရှိအောင် ဆောင်ရွက်ပေးရန်၊ ထို့ပြင်ချေးငွေများချေးယူသည့် အခါ ကိုယ့်တာဝန် ကိုယ်ယူရန်အတွက် ဝိုင်းကြီးချုပ်စနစ်က ကင်းလွတ်ရန် စသည့်အချက်များ ထည့်သွင်းရေးဆွဲထားကြောင်းကိုလည်း အသိပေးလိုပါကြောင်း။

မတူညီမှုများ၊ ကွဲပြားခြားနားမှုများသည် ရှောင်လွှဲလို့မရသည့် ဒီမိုကရေစီ အသွင်သဏ္ဍာန် များပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီး ပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို မိမိတို့ ပါတီကအလေးထား ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ မတူကွဲပြားမှုများက နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေမည် ဆိုပါကလည်း ပါတီနှင့်ပါတီဝင် တောင်သူလယ်သမားထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တားဆီးပိတ်ပင်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပါတီ အနေဖြင့် ပြည်သူအများစုထဲက အကြီးမားဆုံးနှင့် အခြေခံအကျဆုံး လူတန်းစားအလွှာဖြစ်သည့် တောင်သူ လယ်သမားထုကြီး နှင့်အတူ ဦးထမ်းပဲ့ထမ်း အစဉ်လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ တောင်သူလယ်သမားများ ၏ ဘဝမြှင့်တင်ရေးအတွက်လည်း အစဉ်အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် “ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်” ဆိုသည့် ပါတီ၏ဆောင်ပုဒ် အတိုင်း ပြည်သူများ၏အရေးကိုလည်း တစ်စိုက်မတ်မတ် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲက ကောင်းမွန်သည့်ရလဒ်များ အခိုင်အမာပေါ်ထွက်လာမည်ဟု အလေးအနက်ယုံကြည် မိပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ ဆုံပွဲကြီးကတစ်ဆင့် တောင်သူ လယ်သမားများဘ၀ တိုးတက်မြင့်မားလာစေမည့်အပြင်၊ နိုင်ငံတော်နှင့်ပါတီအတွက် သာမက တောင်သူလယ်သမား ထုတစ်ရပ်လုံးအတွက်ပါ အကျိုးဖြစ်ထွန်းလာစေမည့် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါ၊ ပါတီ၏ ဦးဆောင်မှုကို ခံယူပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ပါတီနှင့် အစဉ်အမြဲလက်တွဲ ကြိုးပမ်းသွားကြပါ၊ ယခုလူထုတွေ့ဆုံပွဲတွင်လည်း အပြုသဘောဆောင်ပြီး ရိုးသားပွင့်လင်း တက်ကြစွာ ဆွေးနွေး သွားကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက အမှာစကား ပြောကြားသည်။

ယင်းနောက် “လယ်ယာ‌မြေပြဿနာများ အ‌ဖြေရှာဆောင်ရွက်ရေးနှင်‌့ တောင်သူ လယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး”အဆို၊ “တောင်သူလယ်သမားထု အင်အားဖြင်‌့ တိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင်‌့ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန်” အဆိုတို့ကို တောင်သူ လယ်သမား ကိုယ်စားလှယ်များက ဖတ်ကြားတင်သွင်းပြီး ထောက်ခံဆွေးနွေးကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ တောင်သူ လယ်သမားများကိုယ်စား မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင်‌့ မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြန်လည် ရှင်းလင်း ‌ဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သုံးသပ်ဖြည့်စွက် ပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲ၌ တောင်သူလယ်သမားများ၏ မြေယာ ပြဿနာများ၊ တောင်သူလယ်သမားများ၏ ဘဝမြင့်မားရေး ကိစ္စရပ် အပါအဝင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသီးသီး တင်ပြဆွေးနွေး ပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးချက်များသည် ယနေ့ပကတိအ‌ခြေအနေကို မူတည်ပြီး အယူအဆများကို ပွင်‌့ပွင်‌့ လင်းလင်း တင်ပြခဲ့ကြ၍ အားရကြိုဆို ပါကြောင်း။

တက်‌ရောက်လာကြသူများအားလုံး သိရှိပြီးဖြစ်သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း (၅၀) အတွင်းမှ ယနေ့အချိန်အထိ ပါတီစုံဒီမိုကရေစီနှင်‌့ လူ့အခွင်‌့အ‌ရေးကိစ္စရပ် များကို ပွင်‌့ပွင့်လင်းလင်း တင်ပြနိုင်သည့်အချိန်ဟု ပြောဆိုရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပါတီသည် မြန်မာနိုင်ငံရှိ ပါတီများထဲမှ ပါတီတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်အများစု အနိုင်ရရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် များစွာ လွှမ်းမိုးထားနိုင်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင်‌့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များကိုလည်း မိမိတို့ပါတီ ကိုယ်စားလှယ်များဖြင်‌့ ဖွဲ့စည်းထားပါကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင်‌့ မိမိတို့ပါတီ သည်လည်း တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်လာပြီး တာဝန်ခံဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးရာတွင် တောင်သူလယ်သမားများနှင်‌့ ပတ်သက်၍ လယ်ယာမြေ ပြဿနာများနှင်‌့ တောင်သူ လယ်သမားဘဝ မြင့်မားတိုးတက်ရေး ပြဿနာများကြုံတွေ့ နေရပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် တင်ပြခဲ့ကြသည့်အတိုင်း လယ်ယာမြေ အပါအဝင် မြေယာများကို အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပွင်‌့လင်းလာသည့်ခေတ်ကာလ၌ တောင်သူ လယ်သမားအကျိုးဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်က တောင်သူ လယ်သမား အခွင့်ရေးကာကွယ်ရေးနှင်‌့ အကျိုးစီးပွားမြှင်‌့တင်ရေး ဥပဒေကို ပြဋ္ဌာန်းပြီး ပြည်ထောင်စုအစိုးရကို တိုက်တွန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြေယာပြဿနာများနှင်‌့ ပတ်သက်၍ ပြည်ထောင်စုအစိုးရကလည်း မြေယာ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဒုတိယသမ္မတဦးစီး၍ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး နှင်‌့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့် မြေယာစီမံခန့်ခွဲရေး ကော်မတီများက ယနေ့ဖြစ်ပေါ်နေသည့် မြေယာပြဿာနာများကို ဖြေရှင်းပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သို့ပင် အခက်အခဲ တွေ့တွေ့၊ စိန်ခေါ်မှုများတွေ့တွေ့ မှန်မှန်ကန်ကန်နှင်‌့ မြန်မြန်ဆောင်ရွက်ပေးရမည့် အချိန်အခါ ဖြစ်ပါ ကြောင်း၊ ယနေ့ကာလ၌ မြေယာပြဿနာများကို ဖြေရှင်း မပေးနိုင်ခဲ့လျင် မိမိတို့ လွှတ်တော်များနှင့် အစိုးရ အဖွဲ့ တာဝန်မကျေရာ ရောက်မည်ဖြစ်ကြောင်း၊ ဥပဒေများပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေ၏ အကျိုး သက်ရောက်မှုကို ခံစားစေလိုသည့် စိတ်စေတနာရှိရန် လိုအပ်ပါကြောင်း။

လယ်ယာမြေပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် ဥပဒေအရ အခက်အခဲ ရှိနေပါက သက်ဆိုင်ရာ လွှတ်တော်များကို တင်ပြပါက မိမိတို့ ဆောင်ရွက်ပေး မည်ကို ကတိပြု ပြောကြားလိုပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေပေါင်း(၁၂၆)ခု ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ဆဲ ဥပဒေပေါင်း(၄၀)ကျော်ရှိပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး မိမိတို့ လွှတ်တော် ကိုယ်စား လှယ်များ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်နှင်‌့ နိုင်ငံသားများအကျိုးစီးပွားနှင်‌့ တောင်သူလယ်သမားများ၏ အကျိုးစီးပွားများ ဖော်ဆောင်ရာတွင် အဟန့်အတားများရှိပါက တည်ဆဲအစိုးရက အမြန်ဆုံးဆောင်ရွက်ပေးစေလိုပါကြောင်း၊ နှောင်‌့နှေးကြန့်ကြာအောင် လုပ်ဆောင် နေမှု များသည် ပြည်သူများ၏ အထင်သေး၊ အထင်လွဲမှုကို ခံရနိုင်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်မှ ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများကို ထည့်သွင်းစဉ်းစားသုံးသပ်၍ ဆောင်ရွက် ပေးရန် လိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲ၏ ခေါင်းစဉ်ကို တောင်သူလယ်သမားရေးရာလူထု တွေ့ဆုံ
ပွဲဟု သုံးနှုန်းရခြင်းမှာ မိမိတို့နိုင်ငံ လူဦးရေ၏(၇၀)ရာခိုင်နှုန်းသော တောင်သူ လယ်သမားများကို အလေးထား၍ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက် ဆင်းရဲမှုကြုံတွေ့ခဲ့ရပြီး လက်ရှိကာလတွင်လည်း ဆင်းရဲမှုမှမလွတ်မြောက်နိုင်သေးပါကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလေးသောင်းကျပ်မှ ကျပ်တစ်သိန်း အထိ တိုးမြှင်‌့ပေးပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းသို့တိုးမြှင်‌့ပေးရုံဖြင့် တောင်သူ လယ်သမားများ ဘဝ တိုးတက်မြင့်မားလာပြီလို့ မဆိုနိုင်ပါကြောင်း၊ ပဲခူး၊ ဝေါ၊ သနပ်ပင်မြို့နယ်များမှ တောင်သူ လယ်သမားများသည် မြစ်ရေကြီးခြင်း၊ မိုးခေါင်ခြင်းများ ကြုံတွေ့ရပြီးလယ်ယာမြေများပျက်စီး၍ ဒုက္ခခံစားရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ (၇၀)ရာခိုင်နှုန်းသော တောင်သူ လယ်သမားများ ဆင်းရဲ နေသည်ဆိုလျင် မိမိတို့မျှော်မှန်းသည့် ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက် စီးပွားရေးစနစ်ကို တည်ဆောက်ရန် ခဲယဉ်းနေမည်ဖြစ်ပါကြောင်း။

ယနေ့ အဆိုပြုထောက်ခံချက်များသည် ယနေ့အခမ်းအနား၌ပင် အဆုံးသတ်ရမည် မဟုတ်ဘဲ ဆက်တိုက် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ အောက်ခြေအဆင်‌့က ထိထိ ရောက်ရောက် ကြပ်ကြပ် မတ်မတ် လုပ်ဆောင် ရန်လိုကြောင်း၊ ဥပဒေအရ အကျပ် အတည်းများ ဖြစ်မည်ဆိုလျင် ဥပဒေများ ပြင်ဆင်ပြောင်းလဲပေးရန် မိမိတို့ဘက်က အဆင်သင်‌့ ဖြစ်သည်ကို ထပ်မံပြောကြား လိုပါကြောင်း၊ တောင်သူလယ်သမားများအပါအဝင် နိုင်ငံတော်နှင်‌့နိုင်ငံသားများ အကျိုးစီးပွား ဖော်ဆောင်ရာတွင် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရှိရေးသည် အရေးကြီး ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင်‌့ ပြည်တွင်း ငြိမ်းချမ်းရေးသည်လည်း အလားတူအရေးကြီးပါကြောင်း၊ ယင်းအချက်များ မရှိဘဲနှင်‌့ တရားဥပဒေ စိုးမိုးရေးနှင်‌့ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်၍ မရနိုင်ပါကြောင်း။

ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ် ကျင်‌့သုံးရာတွင် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု လွှတ်တော်တို့ဖြင်‌့ မလုံလောက်ဘဲ အားလုံးပါဝင် ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တာဝန်ပေး အပ်ထားသည့် အစိုးရ အနေဖြင်‌့ မူဝါဒ၊ ဥပဒေများနှင်‌့အညီ နိုင်ငံတော် အကျိုး အတွက် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးဖြစ်၍ ဥပဒေနှင်‌့အညီ အုပ်ချုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ ဆန္ဒသဘောထားနှင်‌့ နစ်နာချက်များကို တင်ပြရမည် ဖြစ်သော်လည်း ဥပဒေနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ တည်ဆဲဥပဒေများကို နားမလည်၍ ဥပဒေချိုးဖောက်မိပါက ဥပဒေက ခွင်‌့လွှတ် မည် မဟုတ်ကြောင်း၊ ဥပဒေနားမလည်သည့် ပြည်သူများကို ဥပဒေနားလည်သူ များက သွေးထိုးပေး၍ တရားစွဲဆို ခံရခြင်းများသည် ဝမ်းနည်းစရာ ပင်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးဥပဒေများကို တောင်သူလယ်သမားများ လက်တွေ့ခံစားနိုင်ရေး အရေးကြီး ပါကြောင်း။

ယနေ့ တွေ့ဆုံပွဲတွင် ဆွေးနွေးဆောင်ရွက်ချက်များသည် မိမိတို့ပါတီဝင်များ အတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ လယ်သမားများ အကျိုးအတွက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရနှင်‌့ တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းပါ ကြောင်းဖြင်‌့‌ပြောကြားသည်။

ထို့နောက် သဘာပတိက ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံးဖြတ်ချက်များနှင်‌့ တောင်သူလယ်သမားရေးရာ ရှေ့လုပ် ငန်းစဉ်များကို ချမှတ် ကြေညာပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တောင်သူ ဦးကြီးများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်