(က) သတင်းစာပညာဘာသာရပ်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဧည်သည်‌့တော် များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးရင် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်မေးမြန်းမယ့် မေးခွန်းကတော့ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်ကဲ့သို့ ဘွဲ့လွန်ပညာများသင်ကြားပေးသည့် တက္ကသိုလ်ကြီးများတွင် Journalism သတင်းစာပညာဘာသာရပ်ကို ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခြင်း ဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ဆက်စပ်ပြီးတော့ အကျိုးအကြောင်းဖော်ပြရမယ်ဆိုလို့ရှိရင် ဒီနေ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့လည်းပဲ နိုင်ငံတော်တည်ဆောက်ရေးမှာ သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါ တယ်။ ဒီသတင်းမီဒီယာကဏ္ဍဟာ နည်းစနစ်ကျနစွာ တိုးတက်ဖွံ့ဖြိုးမှသာလျှင် နိုင်ငံတော်           တည်ဆောက်ရေးလုပ်ငန်းတွေကို အကျိုးပြုဖော်ဆောင်ပေးနိုင်ဖို့ အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သတင်းမီဒီယာကဏ္ဍ  Journalism လို့ခေါ်တဲ့ သတင်းစာပညာဟာ အလွန်အရေးပါတဲ့အတွက် ပညာရပ်တစ်ခုအဖြစ် ပေါ်ထွန်းနေပြီဖြစ်ပါတယ်။  ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဒီကနေ့ သတင်းမီဒီယာနယ်ပယ်မှာ လူငယ်ဂျာနယ်လစ်တွေ အများအပြားတက်ကြွစွာ ဆောင်ရွက်နေကြတာ တွေ့မြင်နေကြရပါတယ်။ သူတို့တစ်တွေဟာ မိမိထက်လက်တွေ့အတွေ့အကြုံ များပြီး ဒီလောကထဲမှာ နှစ်ရှည်လများကျင်လည်ခဲ့ကြတဲ့ ဝါရင့်ဆရာကြီးတွေထံမှာ လက်တွေ့ တပည့် ခံရင်းနဲ့ မိမိတို့ရဲ့အစွမ်းအစကို ဖော်ထုတ်ပြီးတော့ ဂျာနယ်လစ်အဖြစ် ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။ နောက်သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရှင်သန်လာပုံကို ကြည်‌့ရင်လည်းပဲ ဒီ Journalism အစပိုင်း မှာ သတင်းစာ၊ ဂျာနယ်တိုက်တွေကပဲ ဦးဆောင်ပြီးတော့ အဲဒီမှာ စိတ်ပါဝင်စားတဲ့ သတင်းစာဆရာကြီး တွေ၊ ထုတ်ဝေသူတွေ၊ စာပေပညာရှင်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ပေါ်ထွန်းလာပြီးတော့ စာဖတ် ပရိသတ်တွေကြားမှာ ထင်ရှားလာတယ်။ နောက်သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့ရဲ့တီထွင်မှုတွေနဲ့ စွမ်းဆောင်မှုရလဒ်တွေဟာ ပညာရပ်နယ်ပယ်တစ်ခုအဖြစ် ဖြစ်တည်နေတာဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာရပ်၊ ဘာသာရပ်တစ်ခုအဖြစ် Journalism ဖြစ်ပေါ်နေပြီးတော့ သင်ကြားပေးနေပြီဖြစ်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သင်ကြားပို့ချဖို့ သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ခွဲ၊ ဘာသာရပ်စိတ်တွေလည်းပဲ ပေါ်ထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

 

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတက္ကသိုလ်တွေမှာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဖော်ဆောင်လျက်ရှိပါတယ်။ အဲဒီအစီအစဉ်အောက်မှာ သတင်းစာ ပညာ၊ (Journalism) ဘာသာရပ်ကို ဘွဲ့လွန်ဘာသာရပ်အနေနဲ့ သင်တန်းဖွင့်မယ်ဆိုရင် မျိုးဆက်သစ် ဂျာနယ်လစ်တွေကို အဆင့်မီစွာ၊ အရည်အသွေးပြည်‌့စွာ၊ နည်းစနစ်ကျစွာ သင်ကြားမွေးထုတ်လာနိုင် မှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခွင့်သင့်တုန်း သတင်းစာပညာဘာသာရပ်နှင့် ရန်ကုန်တက္ကသိုလ်ရဲ့ဆက်စပ်မှုလေးကို အနည်းငယ်တင်ပြခွင့်ပြုပါ။ ၁၉၅၈ ခုနှစ်ပတ်ဝန်းကျင် ပါလီမန်လွှတ်တော်‌ခေတ်မှာ ကိုယ်ပိုင်သတင်းစာတွေနဲ့ ကိုယ်ပိုင်ဂျာနယ် တွေထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခြေအနေနဲ့ သတင်းစာလောကရဲ့တောင်းဆို မှုအရ ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၈ ခုနှစ်ပတ်ဝန်းကျင် ကျောင်းသားဘဝမှာ သတင်းစာပညာ ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ သို့သော်နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်အခြေအနေလည်း ပြောင်းသွားတဲ့အတွက်ကြောင့် ဒီသတင်းစာပညာ သင်တန်းဟာရပ်ဆိုင်းသွားပါတယ်။ တစ်ခါ တပ်မတော်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ရဲ့ စိန်ရတုကာလကိုမှီပြီးတော့ တက္ကသိုလ်တွေကို အဆင့်မြင့်အောင် မွမ်းမံမှုတွေပြုပြီးတဲ့ နောက်ဘာသာရပ်တွေတိုးချဲ့ဖို့ စီစဉ်တဲ့အခါမှာ လူ့စွမ်းအားအရင်းအမြစ်သင်တန်းတွေလည်းပဲ ဖွင့်ဖို့ နိုင်ငံတော်က အားပေးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ အဲဒီအချိန်ကျတော့ Journalism မှာ ကိုယ်ပိုင်သတင်းစာတွေလည်းမရှိ၊ ဂျာနယ်တွေလည်းပဲ မဖြစ်ထွန်းတဲ့အတွက်ကြောင့် မီဒီယာလောက အဲဒီအချိန်မှာ  မဖြစ်ထွန်းသေးပါဘူး။ ဒါပေမယ့်လို့ ဒီအချိန်မှာ Information သတင်းအချက်အလက် တွေဟာ တစ်ကမ္ဘာလုံးမှာစပြီးတော့ ထွန်းကားနေတဲ့အချိန်ဖြစ်တယ်။ ဒါဟာလည်းပဲ Journalism နဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်တက္ကသိုလ်မှာ အဲဒီအချိန်မှာ ပညာရေးပေါ်လစီကို အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံပညာရေးကော်မတီရဲ့ခွင့်ပြုချက်နဲ့ သတင်းစာပညာလို့ မခေါ်ဘဲနဲ့ စာကြည်‌့တိုက်နှင့်သုတ (Library and Information Study) ဆိုပြီးတော့ ဒီပလိုမာ သင်တန်းလေးစဖွင့်ပြီးတော့ ပညာရေးကော်မတီရဲ့ခွင့်ပြုချက်နဲ့ ဘာသာရပ်ဌာနလည်းပဲ ထူထောင်ပြီး တော့ ဘွဲ့သင်တန်းတွေ ပေးနိုင်ပါတယ်။ ဒီနေ့ဆိုရင် အဲဒီဌာနကနေပြီးတော့ Library and Information Study နဲ့ဆိုင်တဲ့ ဘွဲ့ကြိုတွေရော၊ ဘွဲ့လွန်ရော၊ ပါရဂူဘွဲ့သင်တန်းတွေကို ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကစလိုက်တာ ဒီကနေ့ဆိုလို့ရှိရင် ယနေ့နိုင်ငံတော်အစိုးရသစ် လွှတ်တော်အသီးသီး ခေတ်ရောက်တဲ့အခါမှာ သတင်းစာပညာဂျာနယ်တွေကလည်း အလွန်ပေါ်ထွန်းလာပါတယ်။ ဂျာနယ်လစ်လောကထဲကို ဝင်လာတဲ့လူငယ်တွေကလည်း များပြားလာပါတယ်။ သူတို့အနေနဲ့လည်း သူတို့ကို ကိုယ်ပိုင်လေ့လာရမယ့်အစား စနစ်တကျသင်တန်းတွေနဲ့ သူတို့လေ့လာရရင် သူတို့အတွက် အင်မတန်ကောင်းပါတယ်။ ဒီနေ့ Journalism မှာလိုတဲ့ ဂျာနယ်လစ်တွေရဲ့ရှိရမယ့် Ethic တွေ၊ သူတို့နားလည်သင့်တဲ့ဥပဒေတွေ ဒါတွေဟာ ပညာရပ်နယ်ပယ်ထဲကနေမှ သင်ပေးလိုက်မှသာလျှင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ သူတို့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒီကနေ့ ကျွန်တော်တို့ အခြေအနေအရ တောင်းဆိုလာပြီဖြစ်ပါတယ်။ အဲဒီတော့ ရန်ကုန်တက္ကသိုလ်ဟာ အစဉ်တစိုက် ဒီဘာသာရပ်ကို ဆက်စပ်လာတဲ့အတွက်ကြောင့် ယခုအခါမှာ Journalism ဘာသာရပ်ကို သင်ကြားပေးဖို့ အခွင့်ကောင်း၊ အချိန်ကောင်းရောက်နေပြီလို့ယူဆပါတယ်။ နောက်သင်တန်းဖွင့်တဲ့ အခါမှာလည်းပဲ စနစ်တကျအဆင့်မီစွာ နိုင်ငံတကာအဆင့်ဖွင့်နိုင်ဖို့ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန် တက္ကသိုလ် သို့မဟုတ် မန္တလေးတက္ကသိုလ်ဟာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ဆိုပြီးတော့  မြန်မာနိုင်ငံမှာ အကြီးဆုံးတက္ကသိုလ်ကြီးနှစ်ခုဖြစ်ပါတယ်။ House Institution အနေနဲ့ ဒီတက္ကသိုလ်ကြီးနှစ်ခုကယူပြီးတော့ ဒီပညာရပ်နယ်ပယ်ကတော့ ကျယ်တဲ့အတွက်ကြောင့် ပံ့ပိုးပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နောက်ဒီနေ့ဖြစ်ထွန်းနေတဲ့ မီဒီယာလုပ်ငန်းအဖွဲ့အစည်းတွေ၊ သတင်းစာ တိုက်တွေနဲ့ပူးပေါင်းပြီးတော့ Human Resource Development လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အောက်မှာ Public Privite Partnership သဘောအနေနဲ့ School of Journalism သဘောမျိုးထောင်ပြီးတော့ သင်ကြားပို့ချမယ်ပညာရှင်တွေဟာ ပြည်တွင်းကရှိတဲ့ပညာရှင်တွေ၊ ပထမဦးဆုံးဖွင့်ခဲ့တဲ့ ၁၉၅၈ ပတ်ဝန်းကျင်ကတက်ခဲ့တဲ့ သတင်းစာပညာရှင်တွေဟာ ဒီကနေ့ဆိုရင် လူကြီးလူအိုတွေတောင်ဖြစ်နေပါပြီ။ ဒီကနေ့လည်းပဲ ဒီလောကထဲမှာ သူတို့ကဦးဆောင်ပြီးတော့ ဒီကလေးတွေကို သင်ကြားပို့ချပျိုးထောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။ သူတို့တွေနဲ့အတူ နောက်တစ်ခါ နိုင်ငံတကာက ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ ပင့်ဖိတ်ပြီးတော့ ဒီသင်တန်းတွေမှာ ပို့ချပေးမယ်ဆိုရင် သင်တန်းကြီးဟာ အဆင့်မီစွာနဲ့ ဖြစ်ထွန်းလာမယ်လို့မျှော်မှန်းပါတယ်။ မျှော်ကိုး ပါတယ်။ နောက်သတင်းစာလောက၊ ဂျာနယ်လောက၊ မီဒီယာလောကတွေလည်း မျှော်လင့်တကြီးနဲ့ တောင်းဆိုနေတဲ့လိုအပ်ချက်လည်းဖြစ်တယ်လို့ တင်ပြလိုပါတယ်ခင်ဗျား။ ဒါကြောင့်မို့လို့ Journalism ဒီပလိုမာသင်တန်းကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှာ ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ ဖွင့်လှစ်မယ်ဆိုပါက မည်သည့်အချိန်တွင်ဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းထားပါသည်။

 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ရဲ့ ပညာရေးကဏ္ဍဆိုင်ရာ မေးမြန်းချက်နဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ဖြေကြားမှာဖြစ်ပါတယ်။ မေးမြန်းချက်ကတော့ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ကဲ့သို့ ဘွဲ့လွန်ပညာများသင်ကြားပေးသည့် တက္ကသိုလ် ကြီးများတွင် Journalism သတင်းစာပညာဘာသာရပ်ကို ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ် ပေးရန်အစီအစဉ် ရှိ၊ မရှိ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဖြေကြားရမယ်ဆိုရင်တော့ ဝိဇ္ဇာဘွဲ့(သတင်း အတတ်ပညာ) B.A(Journalism) သင်တန်းကို ၂၁-၁-၂၀၀၈  မှစပြီးတော့ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်မှာဖွင့်လှစ်ခဲ့ပါတယ်။ ၎င်းသင်တန်းသားသင်တန်းသူများသည် စာတွေ့ ၃ နှစ်၊ လက်တွေ့ ၆ လ၊ စုစုပေါင်း သုံးနှစ်ခွဲသင်ယူခဲ့ကြပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ဝိဇ္ဇာဘွဲ့(သတင်း အတတ်ပညာ) B.A(Journalism)ရရှိခဲ့ကြသဖြင့် ပြင်ပမီဒီယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ဆဲ ဖြစ်ပါတယ်။ ဝိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ)B.A(Journalism)ဘွဲ့များထဲမှ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသော ဘွဲ့ရကျောင်းသားကျောင်းသူများကိုစိစစ်ရွေးချယ်ပြီး မဟာဝိဇ္ဇာသင်တန်း(သတင်း အတတ်ပညာ)အရည်အချင်းစစ်သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ သင်ကြားရမည့် ဆရာဆရာမများမွေးထုတ်ပေးပြီးတဲ့အချိန်မှာ အထက်မြန်မာပြည် တွင်လည်း ဝိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ)သင်တန်းဖွင့်လှစ်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ သို့ပါ၍ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် ဝိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ) B.A(Journalism) သင်တန်းကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိပြီး မဟာဝိဇ္ဇာသင်တန်း(သတင်းအတတ်ပညာ) အရည်အချင်းစစ်သင်တန်းကိုလည်း ၂၀၁၂ ခုနှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အထက်မြန်မာပြည်၌လည်း သင်ကြားမည်‌့အရည်အချင်း ပြည်‌့ဝသော ဆရာဆရာမများ လုံလောက်စွာမွေးထုတ်ပေးနိုင်သည့်အချိန်တွင် သင့်လျော်သည့် တက္ကသိုလ်တစ်ခုခု၌ ဘွဲ့လွန်ဒီပလိုမာ Journalism သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ဥက္ကဋ္ဌကြီးကို အလွတ်သဘောဆွေးနွေးပါရစေ ခင်ဗျား။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ကတော့ Post Graduate တွေဖြစ်နေပါတယ်။ သူက Under Graduate မရှိပါဘူး။ ကြိုပြောလို့လည်း မဖြစ်သေးလို့ပါ။ ကျွန်တော်တို့မှာ Plan တစ်ခုရှိပါတယ်။ အဲတက္ကသိုလ်ကြီးနှစ်ခုကို နိုင်ငံခြားတက္ကသိုလ်ကြီးတွေနဲ့ သူတို့နှစ်ခုကို Focal Point ထားပြီးတော့လုပ်ဖို့ Plan လည်းထားတဲ့အတွက်ကြောင့်မို့လို့ ရန်ကုန်နှင့် မန္တလေးကို လောလောဆယ် B.A Journalism သင်တန်းကို မဖွင့်ဖို့စဉ်းစားထားပါတယ်ဟုဖြေကြားထားပါသည်။