Skip to main content

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်း တင်သွင်းခြင်း

ဥက္ကဋ္ဌ။    ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၈၅ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲ(က)အရ ဦးစောလှထွန်း၊ ချောင်းဦးမဲဆန္ဒနယ်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းကို တင်သွင်းရန် ဖြစ်ပါတယ်။ ဦးစောလှထွန်းအား ဥပဒေကြမ်းတင်သွင်းရန် ဖိတ်ခေါ်ပါတယ်။

ဦးစောလှထွန်း (ချောင်းဦး)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးရဲ့ ပထမနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော့် အနေနဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးပေး ပါရန် ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၈၂ နည်းဥပဒေခွဲ(ခ)အရတင်ပြခဲ့ပါတယ်။ ထိုသို့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ဆောင်ရွက်ခြင်း အပေါ် လွှတ်တော်က နည်းဥပဒေ ၁၈၂ နည်းဥပဒေခွဲ(ခ) နည်းဥပဒေခွဲငယ် (၃) အရ လက်ခံအတည်ပြုပေးခဲ့ပါတယ်။ ယခု ဆက်လက်ပြီး ဥပဒေကြမ်းကို ဆွေးနွေးခြင်းမပြုမီ ဥပဒေကြမ်း တင်သွင်းခြင်းလုပ်ငန်းအဆင့်ဆင့်ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ နည်းဥပဒေ ၁၈၅ (က) အရ တင်သွင်းရန်ဖြစ်ပါတယ်။ ထိုသို့တင်သွင်းရာတွင် အချိန်ကိုငဲ့ညှာသောအားဖြင့် တင်သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးအကြောင်းဖော်ပြ ချက် တို့ကို ထပ်မံဖော်ပြခြင်းမပြုတော့ဘဲ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်က ဆက်လက်ဆောင်ရွက် သွားနိုင်ရန် ချောင်းဦးမဲဆန္ဒနယ်မှ ကျွန်တော် ဦးစောလှထွန်းက လွှတ်တော်ကိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါ တယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း

ဥက္ကဋ္ဌ။    ။ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၈၅ နည်းဥပဒေခွဲ(ခ) အရ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိမှုအစီရင်ခံစာကိုဖတ်ကြားရှင်းလင်းရန် ဖြစ်ပါတယ်။ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းဖို့ ဥပဒေကြမ်းကော်မတီအားဖိတ်ခေါ်ပါတယ်။

ဒေါ်ခင်ဌေးကြွယ်(ဥပဒေကြမ်းကော်မတီ)

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံး မင်္ဂလာပါလို့နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်မကတော့ မွန်ပြည်နယ်၊ မော်လမြိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်ဌေးကြွယ်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်း အား ဥပဒေကြမ်း ကော်မတီ ၏ လေ့လာတွေ့ ရှိချက်အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီကိုယ်စား ဖတ်ကြား တင်သွင်းသွားမှာ ဖြစ်ပါတယ်။

၁။စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း က တင်သွင်းသော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းအား ၁၃-၁-၂၀၁၄ ရက်နေ့၌ ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်မှ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။

၂။ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းကို အောက်ပါရည်ရွယ်ချက်များဖြင့် တင်သွင်း ရခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

(က)ပြည်သူတို့ကရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ် အမျိုးသား စီမံကိန်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသန္တရစီမံကိန်းများတွင် ပါဝင်ခြင်း မရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ငယ်များကို လွှတ်တော်ကိုယ်စားလှယ်များက ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများအား ကူညီမှုပြုနိုင်ရန်၊

(ခ)လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ရယူပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲမထားဘဲ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လက်တွေ့ကျကျ မျှတစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်၊

(ဂ)လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးအတွက် မြို့နယ်အ လိုက်သုံးစွဲ ရန်ခွင့်ပြု ထားသော ထောက်ပံ့ငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက် သည့် အလေ့အကျင့်ရရှိစေရန်။

၃။ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၁၅-၁-၂၀၁၄ ရက်နေ့တွင် ယင်းဥပဒေကြမ်း အားပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ ပါ အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်။

(က) ဤဥပဒေကြမ်းတွင် အခန်း ၈ ခန်းနှင့် ပုဒ်မပေါင်း ၂၂ ခုပါရှိပါသည်။

(ခ) အခန်း(၄) ပုဒ်မ ၇ ပုဒ်မခွဲ(ခ)ကို ၇(ခ) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌဟု ပြင်ဆင်ပါသည်။

(ဂ) အခန်း(၅) ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)ရှိ တိုင်းရင်းသား ဝန်ကြီးများဆိုသည့် စကားရပ်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အသုံးအနှုန်းနှင့် ညီညွတ်မှုရှိစေရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများဟု ပြင်ဆင်ဖြည့်စွက် ပါသည်။

(ဃ) အခန်း(၇) ပုဒ်မ ၁၃ ရှိ လုပ်ငန်းငယ်ဆိုသည့် စကားရပ်သည် ဤဥပဒေ၏ အခန်း(၂) ရည်ရွယ်ချက် ပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် ပါရှိပြီးဖြစ်သဖြင့် အောက်ပါလုပ်ငန်းများအနက် လုပ်ငန်းငယ်များကို ဆိုသည့် စကားရပ် အား အောက်ပါ လုပ်ငန်းများကိုဟုပြင်ဆင်ပါ သည်။

(င) ပုဒ်မ ၁၄ ရှိ ပြီးပြတ်အောင်ဆောင်ရမည်ဖြစ်ပြီး ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိ ပါကဆိုသည့် စကားရပ်အား ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်းမရှိပါက ဟု ပြင်ဆင်ပါသည်။

(စ) အခန်း(၇) ပုဒ်မ ၁၇ ရှိ လှုံ့ဆော်ဆိုသည့် စကားရပ်အား မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါ သည်။

(ဆ) ပုဒ်မ ၁၈ အား မည်သူမဆို ဖွံ့ဖြိုးရေးရန်ပုံငွေကို မရိုးမဖြောင့်သော သဘောဖြင့် ဆောင် ရွက်ခြင်း ပြုလုပ် ပါက ပြစ်မှုဆိုင်ရာ ဥပဒေအရ အလွှဲသုံးစားပြုမှု ကျူးလွန်သည် ဟုမှတ်ယူရမည်ဟုပြင် ဆင်ပါသည်။

(ဇ) ပုဒ်မ ၂၁ တွင်ပါရှိသော မဆန့်ကျင့်သ၍ဆိုသည့်စကားရပ်အား ရေးထုံးနှင့် ညီညွတ် စေရန်မဆန့်ကျင် သရွှေ့ ဟုပြင်ဆင်ပါသည်။

၄။သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးနိုင် ပါရန် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၆၃ နှင့်အညီ အစီရင်ခံတင်ပြအပ်ပါသည်။ ကျေးဇူးတင်ပါတယ်။

ဦးစောလှထွန်း၊ ချောင်းဦးမဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌကကြေညာခြင်း

ဥက္ကဋ္ဌ။      ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၈၆ နှင့် နည်းဥပဒေ ၁၈၈ တို့နှင့်အညီ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလို သူများသည် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ ၂၁-၁-၂၀၁၄ ရက်နေ့(အင်္ဂါနေ့)နောက်ဆုံး ထားပြီး အမည်စာရင်းတင်သွင်းရန်ဖြစ်ကြောင်း အသိပေး ကြေညာပါတယ်။