Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံ၊ အာဏာရ Liberal Democratic Party ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၈ နာရီခွဲတွင် ဂျပန်နိုင်ငံ၊ အာဏာရ Liberal Democratic Party ဒုတိယဥက္ကဋ္ဌ မစ္စတာ မာစဟီကို ကိုမူရ ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးစောလှထွန်း၊ ဦးကြည်သာ၊ ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Mikio NUMATA လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆိုင်ရာအတွေ့အကြုံများ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန် ထူထောင်ခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်ပွဲများကျင်းပရေး၊ ပြည်သူလူထု၏ လူနေမှုဘဝမြှင်‌့တင်ရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် အတွေ့အကြုံများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဧည့်သည်တော် အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။(သတင်းစဉ်)