Skip to main content

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

      ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးဟာ ယနေ့ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစည်းအဝေးကျင်းပရက် (၁၉) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း (၁၂၃) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၂၁၄) ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆို (၁၁) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၆) ခု၊ မှတ်တမ်းတင်အဆို (၅) ခု တို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၈) ခု ရှိပြီး ဥပဒေကြမ်း (၁၀) ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၈) ခု ကျန်ရှိပါတယ်။ ဒီအစည်းအဝေးကာလအတွင်း ပြည်သူ့လွှတ်တော် ကော်မတီ (၆) ခုရဲ့ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃) ဦးကို ကော်မတီ အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်း ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

      နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးစီးပွားအတွက်  ဆက်လက်ထမ်းဆောင်ကြရမယ့် တာဝန်တွေများစွာ ကျန်ရှိနေပါတယ်။ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့အားလုံး တာဝန်သိသိသစ္စာရှိရှိနဲ့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်ပါအတိုင်း နိုင်ငံတော်အချုပ်အခြာ အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်းအပြန်အလှန် ထိန်းညှိခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးကဏ္ဍမှာလည်း ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေများနဲ့ အညီသာ ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။  “ No one is above the Law ” “ ဥပဒေအထက်တွင် မည်သူမျှမရှိ ” ဆိုတဲ့ စကားနဲ့အညီ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကိုစံနမူနာပြ လေးစားလိုက်နာကြဖို့ အထူးလိုအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

     ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကို မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေအဖြစ် ပြောင်းလဲပြီး လွှတ်တော်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းမှာ ကြားလိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်ကအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထုကို အကာအကွယ်မပေးနိုင်တဲ့ ဥပဒေတွေဖြစ်နေရင် ဒီမိုကရေစီ ယဉ်ကျေးမှု လမ်းကြောင်းကနေ သွေဖယ်သွားစေနိုင်တယ်ဆိုတာ သတိပြုကြရမှာဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကို ရှောင်ရှားပြီး “ ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ကျား/မ ခွဲခြားမှုမရှိ၊ လူတန်းစားခွဲခြားမှုမရှိဘဲ နိုင်ငံသားအားလုံးကိုတန်းတူ အကာအကွယ် ပေးတဲ့ဥပဒေများ ” ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

   လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ပြယုဂ် (Identitly) များ ဖြစ်တဲ့အတွက် သွားသတိ/လာသတိနဲ့ နေထိုင်ကြဖို့နဲ့ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ပြောဆိုဆက်ဆံ ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာလည်း တက်တက်ကြွကြွ ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ မည်သည့်နေရာဒေသမှာမဆို ဘေးအန္တရာယ် ကျရောက်လာခဲ့ရင်လည်း ပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို စာနာနားလည်ပြီး တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ပေးကြဖို့ လိုအပ်ပါတယ်။ ပြည်သူတွေက အားကိုးယုံကြည်စွာနဲ့ ရွေးချယ် တာဝန်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်သူတွေကြုံတွေ့ ခံစားနေရတဲ့ အခြေအနေ မှန်တွေကို မျက်ခြေမပြတ်စေဘဲ သတိရှိရှိနဲ့အမြဲနားစွင့်နေဖို့ လိုပါတယ်။ “ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဝိုင်းဝန်းပူးပေါင်း ကူညီပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

    နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ် ကာလအတွင်း မဲဆန္ဒရှင်ပြည်သူလူထုထံ အရောက်သွားပြီး ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသူများ ပီသစွာ ပြည်သူလူထုကိုလည်း စစ်မှန်တဲ့ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ဖွံ့ဖြိုးလာဖို့ ကူညီဆောင်ရွက် ပေးကြပါ။ ပြည်သူက အားကိုးယုံကြည်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို စိတ်ကောင်းစေတနာမှန်နဲ့ ကူညီဆောင်ရွက် ပေးကြပါ။ ပြည်သူများအကြား လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။ “ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာဖြောင့်ဖြူးကြပါစေ၊ ဘေးအန္တရာယ် ကင်းဝေးကြပါစေ၊ ဆွေမျိုးမိတ်ဆွေများ၊ မိသားစုဝင်များနဲ့ ပျော်ရွှင်စွာပြန်လည် ဆုံစည်းနိုင်ကြပါစေ၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး ရွက်ဆောင်နိုင်သူများ ဖြစ်ကြပါစေ၊ နောင်ကျင်းပမယ့် ဒသမပုံမှန် အစည်းအဝေးမှာလည်း ကျန်းမာချမ်းသာစွာနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်