Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli အား တွေ့ဆုံဆွေးနွေး

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခင်မောင်ဝင်း၊ ဦးအောင်မင်း၊ ဦးဇော်သိန်း၊ ဦးခွန်မောင်သောင်း၊ ဒေါက်တာတင်အောင်၊ ဒေါက်တာ စံရွှေဝင်း၊ ဦးရန်လင်း၊ ဦးတင်မောင်ဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang လည်း တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မိမိတို့ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက် ပေးလျက် ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်   အလွန်အရေးကြီး ပါကြောင်း၊  တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် အကြားတွင်သာမက အစိုးရများနှင့် ပြည်သူများအကြား ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ က ပြန်လည်ဆွေးနွေး ပြောကြားရာတွင် တရုတ်-မြန်မာနိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေနိုင်သည့် ဥပဒေပြုရေးလုပ်ငန်းများနှင့် သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများပြီး ရာသီဥတု ကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း အထူးကောင်းမွန် ပါကြောင်း၊ တရုတ်- မြန်မာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှုန်းမှာ နောင်အနာဂတ်တွင် တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Ding Zhongli တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ  ၁၇ ရက်