Skip to main content

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူထုအခြေပြုခရီးသွား လုပ်ငန်း၏အခန်းကဏ္ဍ

နိဒါန်း

၁။    ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏နိုင်ငံခြားဝင်ငွေရရှိသည့် အဓိကလုပ်ငန်းတစ်ခု ဖြစ်သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းပြည်ဝင်ငွေရရှိရန် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးဖြင့် ကမ္ဘာ့တစ်ဝန်းတွင် မြှင့်တင်လျက်ရှိပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအလိုက်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့်ဆင်းရဲမှု လျှော့ချရေးတို့အတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း၏ အခန်းကဏ္ဍနှင့် အကျိုးသက်ရောက်မှုများမှာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ဆောင်ရွက်ချက်များအပေါ် အကျိုးများစွာ သက်ရောက်မှု ရှိနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ၊ သဘာဝအရင်းအမြစ်များစသည်ဖြင့် ခရီးသွားဖွံ့ဖြိုးတိုးတက်စေရန် အရင်းအမြစ်များစွာ ရှိသော်လည်း အာဆီယံဒေသရှိအိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် မှုအားနည်းနေသည်ကို တွေ့ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရခိုင်ဒေသပဋိပက္ခကြောင့် ဥရောပခရီးသွားဝင်ရောက်မှုသည် ကျဆင်းလာခဲ့ပါသည်။ အစိုးရသည် ခရီးသွားကဏ္ဍအပြောင်းအလဲအဖြစ် တရုတ်၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံတွင် ဈေးကွက်သစ်များကို ဖော်ဆောင်ခဲ့သည့်အပြင် လူထုအခြေပြု ခရီးသွားဒေသသစ် များကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။ 

နောက်ခံသမိုင်း

၂။  လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ဆိုသည်မှာ လူမှုအသိုက်အဝန်းတစ်ရပ်အတွင်း နေထိုင်ကြသည့်ဒေသခံတို့ကိုယ်တိုင် ယင်းတို့၏လူမှုအသိုက် အဝန်းသို့ ညအိပ်ညနေလာရောက်လည်ပတ်ရန် ခရီးသွားဧည့်သည်တို့ကိုဖိတ်ခေါ်သည့် ခရီးသွား လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပါသည်။  ဒေသတွင်းအကျိုးအမြတ်ပိုမိုရရှိရေးအတွက် ဒေသခံများကိုယ်တိုင်စီမံခန့်ခွဲပြီး အကျိုးအမြတ်အများစုကို ဒေသခံပြည်သူများသာရရှိစေနိုင်သည့် ဒေသခံများ ပိုင်ဆိုင်သည့်ခရီးသွားလုပ်ငန်းဖြစ်ပါသည်။ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် ၍ ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ထည့်သွင်း ဆောင်ရွက်သည့်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ 

၃။    ယခုအခါ ကမ္ဘာ့လှည့်ခရီးသွားများသည် ဒေသခံများ၏နေ့စဉ်လူမှုဘဝများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုလေ့လာလိုကြပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများနှင့် အလှမ်းကွာဝေးသည့် ကျေးလက်ဒေသခံတို့အကြား အကောင်းဆုံးပေါင်းကူးဆက်သွယ်ပေးနိုင်သည်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းပင်ဖြစ်ပါသည်။ လူထုအဆင့်တွင်စီမံခန့်ခွဲပြီး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်၍ လူထုအတွက်ရေရှည်တည်တံ့သော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခု အဖြစ်လည်းကောင်း၊ သဘာဝနှင့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်၊ လူမှုယဉ်ကျေးမှုဓလေ့များကို ကာကွယ်စောင့်ရှောက်ခြင်း အဖြစ်လည်းကောင်း လူထု၏ကောင်းကျိုးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ပါသည်။ အောင်မြင်သော လူထုအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်းများသည် ဒေသခံလူမှုအသိုက်အဝန်းနှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများ အတူတကွပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်ပါသည်။

၄။ လူထုအခြေပြုခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် လူသိများသည့်လုပ်ငန်းမဟုတ်ဘဲ ပြည်သူအများစုအတွက် အစိမ်းသက်သက်သာရှိနေပါသေးသည်။ မြန်မာနိုင်ငံ၏ပထမဦးဆုံး လူထု အခြေပြုခရီးသွား လုပ်ငန်းစီမံကိန်းများကို ချင်းပြည်နယ်တွင် စတင်အကောင်အထည်ဖော်ရန် ၂၀၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း Forever Top Travel and Tours ကုမ္ပဏီမှ စတင်ဆောင်ရွက်ရန် ချင်းပြည်နယ်၊ နတ်မတောင်အမျိုးသား ဥယျာဉ်အနီးရှိ ဆော်လောင်းကျေးရွာကို ရွေးချယ်ခဲ့ပြီး Action Aid Myanmar အဖွဲ့မှ လမ်းညွှန်အကြံပြုခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဆော်ယောင်းကျေးရွာတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်။  
ကျင့်သုံးလျက်ရှိသောဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ

၅။    ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ လက်ရှိကျင့်သုံးလျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေ၊ ၁၉၉၃ ခုနှစ်သည် ခေတ်ကာလနှင့်ကိုက်ညီမှုအားနည်းခြင်းကြောင့် ယခုအခါ၎င်းဥပဒေကို အသစ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၆။    သဘာဝပတ်ဝန်းကျင်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ၊ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးထမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်မှုမရှိစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆက်နွယ်သူများအားလုံး ကြိုတင်လေ့လာသိရှိနိုင်ရန် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် တာဝန်သိခရီးသွားမူဝါဒ (Responsible Tourism Policy) နှင့် လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း (Community Involvement In Tourism) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်စေရန်အတွက် မြန်မာ့ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုလည်းကောင်း၊ အာဆီယံခရီးသွား လုပ်ငန်းမဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) ကိုလည်းကောင်း၊ သဘာဝအခြေခံခရီးသွား မူဝါဒနှင့် စီမံခန့်ခွဲမှုမဟာဗျူဟာ ၂၀၁၅-၂၀၂၅ (Ecotourism Policy and Management Strategy for Protected Areas) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ ပါသည်။

၇။    ထို့အပြင် ပြည်ပခရီးစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဟိုတယ်လုပ်ငန်းနှင့် တည်းခို ခန်းလုပ်ငန်း လိုင်စင်ဆိုင်ရာအမိန့်၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာအမိန့်၊ ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်၊ မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ခရီးသွားလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း၏အခြေခံအချက်များ

၈။    လူထုအခြေပြုခရီးသွားလုပ်ငန်းကိုဆောင်ရွက်ရာတွင် အခြေခံအချက် ၁၀ ချက်ရှိပါသည်။ ယင်းတို့မှာ -
(က)    လူထု၏ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပိုင်ဆိုင်မှုကို ပွင်းလင်းမြင်သာစွာ စီမံခန့်ခွဲ၍ လူထုအား ပါဝင်ပတ်သက်စေသောနည်းလမ်းဖြင့် ပံ့ပိုးအားပေးနိုင်ရမည်။
(ခ)    သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်သူများနှင့် လုပ်ငန်းဖော်အဖြစ် တရားဝင် အသိအမှတ်ပြုမှုကို တည်ထောင်နိုင်ရမည်။
    (ဂ)    သက်ဆိုင်ရာအာဏာပိုင်များထံမှ တရားဝင်အသိအမှတ်ပြုမှုကို ရနိုင်ရမည်။
(ဃ)    ဒေသခံလူထု၏လူမှုဘဝဖြစ်ထွန်းမှုကိုတိုးတက်စေပြီး လူသားသိက္ခာကိုထိန်းသိမ်း ပေးနိုင်ရမည်။
(င)    တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် အကျိုးအမြတ်ခွဲဝေပေးသောစနစ်ကို ထည့်သွင်းဆောင်ရွက်နိုင်ရမည်။
(စ)    ဒေသတွင်းနှင့်ရပ်ရွာတွင်းစီးပွားရေးအခြေအနေကို ကူးလူးဆက်သွယ်နိုင်သည်ထိ အားပေးနိုင်ရမည်။
(ဆ)    ဒေသခံတို့၏ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းတို့ကို လေးစားနိုင်ရမည်။
(ဇ)    သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တွန်းအားပေးနိုင် ရမည်။
(ဈ)    အိမ်ရှင်နှင့်ဧည့်သည်အကြား အဓိပ္ပါယ်ရှိသော အပြန်အလှန်ဆက်ဆံရေးကောင်းကို အားဖြည့်ပေးခြင်းဖြင့် ဧည့်သည်၏ခရီးအတွေ့အကြုံအား တန်ဖိုးမြှင့်တင်ပေးနိုင်ရ မည်။
(ည)     လူထုကိုယ်တိုင်ငွေကြေးရန်ပုံငွေဖြင့် လုံလောက်လည်ပတ်နိုင်သည်အထိ ရည်မျှော် လုပ်ကိုင်ရမည်။ 

လူထုအခြေပြုခရီးသွားလုပ်ငန်းမှ ရရှိနိုင်သည့်အကျိုးကျေးဇူးများ

၉။    လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါ သည်။ ခရီးသွားဧည့်သည်များကို လာရောက်လည်ပတ်စေခြင်းဖြင့် ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ဝင်ငွေများရရှိနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လူမှုတန်ဖိုးနှင့် စီးပွားရေးတန်ဖိုးတို့ကို သတိပြုမိလာစေခြင်း၊  အမွေ အနှစ်အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏အရေးပါပုံကို သိမြင်လာခြင်း၊ ခရီးသွား ဧည့်သည်များအနေဖြင့် လူမှုအသိုက်အဝန်းတည်ရှိရာအရပ်ဒေသနှင့် တောတောင်ရေမြေသဘာဝ တို့ကို ရှာဖွေလေ့လာနိုင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းများ ဖွံ့ဖြိုးတိုးတက် စေခြင်း၊ ခရီးသွားဧည့်သည်နှင့် ဒေသခံတို့အကြား ယဉ်ကျေးမှုဖလှယ်နိုင်သည့် အခွင့်အလမ်းများ ကို ရရှိစေခြင်းစသည်တို့ ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်း၏ အားနည်းချက်၊ အားသာချက် များကို သိရှိနားလည်လာပြီး ရေရှည်တည်တံ့သောလုပ်ငန်းတစ်ရပ်အဖြစ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သောကျွမ်းကျင်မှုများကိုလည်း လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။

၁၀။  တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အေးချမ်းသောအရပ်ဒေသများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ပေးခြင်းအားဖြင့် ပြည်သူတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေသည့် အပြင် လူနေမှုအဆင့်အတန်း၊ အတွေးအခေါ်များပါ တိုးတက်ပြောင်းလဲစေပါသည်။ ထို့ကြောင့် လူထုအခြေပြုခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် အေးချမ်းမှု၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုကိုလည်း တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေမည် ဖြစ်ပါသည်။

အစိုးရ၏ဆောင်ရွက်ချက်များ

၁၁။    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင် သော အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ၂၆-၄-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏မူဝါဒ ၆ ရပ်ဖြင့် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များပါဝင်ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၁၂။    အစိုးရသစ်လက်ထက်တွင် “ဟိုတယ်နှင့်ခရီးသွား ပြည့်စီးပွားဖွံ့ဖြိုးဝေစည်ဟန်ချက်ညီ” ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထား၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀)ကို ပြည်တွင်း၊ ပြည်ပမှပညာရှင်များနှင့် ၂၀၁၂ ခုနှစ်တွင် ညှိနှိုင်း ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီဖြစ်စေရေး စနစ်တကျရေးဆွဲထုတ်ဝေခဲ့ပါသည်။ ထိုစီမံကိန်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံ လိုက်လျောညီထွေစွာ ဖွံ့ဖြိုတိုးတက်မှုအတွက်ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ပင်မစီမံကိန်းပါနှစ်တိုနှစ်ရှည် မဟာဗျူဟာဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းအကောင် အထည်ဖော်မှုနှင့် ကြီးကြပ်ကွပ်ကဲမှုများကို တစ်ဆင့်ချင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃။    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ကမကထပြုမှုဖြင့် ခရီးသွားကုမ္ပဏီများ၊ Action Aid Myanmar အဖွဲ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖက်ဒရေးရှင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်သင့်လျော်သည့် ဒေသ (၆) ခု ကို ဝန်ကြီးဌာနမှဖော်ထုတ်ပေးခဲ့ပါသည်။ ယင်းတို့မှာ ကချင်ပြည်နယ်မှ အင်းတော်ကြီးအိုင်၊ ကယား ပြည်နယ် လွိုင်ကော်မြို့ (ပန်ပက်နှင့်တနှီးလာလဲကျေးရွာ)၊ ကရင်ပြည်နယ်မှ သံတောင်ကြီး ဒေသ၊ ရှမ်းပြည်နယ် မှ ပအိုးဝ်ဒေသ (လွယ်ခေါ်၊ အင်းနီ၊ ထီးနဲ့၊ ကက္ကူ) ကျေးရွာများ၊ မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ ကံကြီးတောအရှေ့နှင့် အနောက်ကျေးရွာ၊ အင်းရောင်းနှင့် စူလီပန် ကျေးရွာ (၄) ရွာ၊ မန္တလေးတိုင်းဒေသကြီး၊ မင်းကွန်းနှင့် ကျောက်မြောင်းရွာအကြားရွာ (၆) ရွာ တို့ဖြစ်ပါသည်။

၁၄။    လူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့်အချိန်များတွင် စနစ်တကျဖြစ်စေရေး အတွက် စံသတ်မှတ်ချက်များပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ နယ်သာလန်နိုင်ငံများနှင့်ပူးပေါင်းပြီး နေပြည်တော်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး စံနှုန်းမူကြမ်းများ ရေးဆွဲထားခဲ့ပါသည်။ ဟိုတယ်ကြီးများ၊ ခမ်းနားသည့်ပြယုဂ်ကြီးများ ရှိနေသည့်နေရာများမှာပင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်ခြင်းမဟုတ်ပေ။ နေရာတိုင်းတွင် ဟိုတယ်ကြီးများရှိနေရန် ခက်ခဲသည့်အတွက် လူထုအခြေပြုခရီးသွား လုပ်ငန်းများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ ကျေးရွာဒေသများတွင် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများတွင်ရှိသည့် ဒေသခံများမှဧည့်ခံခြင်း၊ ကျွေးမွေးခြင်းများကို အဆင့်မြင့်ဝန်ဆောင်မှုပေးနိုင်ရန် လေ့ကျင့် သင်ကြားပေးနေ ပါသည်။ ထို့အပြင် ကျေးရွာ၏သဘာဝ အရင်းအမြစ်များကိုလည်း စနစ်တကျ လုပ်ဆောင်တတ်ရန် သင်ကြားပေးလျက်ရှိပါသည်။

၁၅။    ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၆ ရက်ကြာပြုလုပ်ခဲ့သော GMS CBT Training Workshop ခေါ် မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အောင်မြင်စွာစတင်ဆောင်ရွက်နိုင်ရေးနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့်ကိုက်ညီမည့် လူမှုအသိုက်အဝန်းများ ဖော်ထုတ်ရေးကို အထောက်အကူ ဖြစ်စေသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပင်ဖြစ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှခရီးသွားလုပ်ငန်းပညာရှင် (၂၈) ဦး ပါဝင်တက်ရောက် ခဲ့ကြပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအတွင်း လူထုအခြေပြုခရီးသွား လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကြုံတွေ့ရသည့် အတွေ့အကြုံများကို စာတွေ့သာမက လက်တွေ့ကွင်းဆင်း လေ့လာစေ၍ လူထုအခြေပြုခရီးသွားလုပ်ငန်း အတွေ့အကြုံများ ရရှိစေခဲ့ပါသည်။

၁၆။    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်ရရှိရေးကို အထောက်အကူပြုမည့် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) ကို သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကျေးရွာလူထု၏သဘောတူညီစွာ ပါဝင်ပူးပေါင်းမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများ၏ ပံ့ပိုးကူညီမှုများကိုရယူ၍ Successful One Tour Operator Sponsor One CBT ဆိုသည့် မူဝါဒများချမှတ်ပြီး လိုက်နာဆောင်ရွက်ရမည့် အခြေခံအချက်များ  ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်မှစတင်၍ CBT Site (၁၅) ခု အား တိုင်းနှင့် ပြည်နယ် (၁၀) ခုတွင် ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍ CBT Site (၆) ခုကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လူထုအခြေပြုခရီးသွား လုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းနေရာ (၁၅) ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင်    
(၂)    ကယားပြည်နယ်၊လွိုင်ကော်မြို့(ပန်ပက်နှင့်တနှီးလာလဲကျေးရွာ)    
(၃)    ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ    
(၄)    ရှမ်းပြည်နယ်၊ ပအိုးဝ်ဒေသ (လွယ်ခေါ်၊ အင်းနီ၊ ထီးနဲ့၊ ကက္ကူ) ကျေးရွာများ    
(၅)    မန္တလေးတိုင်းဒေသကြီးမင်းကွန်းနှင့် ကျောက်မြောင်းရွာအကြားရှိ ရွာ (၆) ရွာ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး    
(၆)    မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိကံကြီးတော အရှေ့နှင့်အနောက်ကျေးရွာ၊ အင်းရောင်နှင့် စူလီပန်ကျေးရွာ (၄) ရွာ    
(၇)    ရှမ်းပြည်နယ်၊ဓနုဒေသ၊ ပင်းတယမြို့နယ်ရှိ စီးဂျာအင်း၊ ပင်စိမ်းပင်ကျေးရွာများ၊ ရွာငံမြို့နယ်ရှိ ရာဇကြီးကျေးရွာ၊ တောင်မြင့်ကျေးရွာများ    
(၈)    ညောင်ရွှေမြို့နယ် လွယ်နွဲ့ဘုရားတောင် ရေးဆိပ်ကျေးရွာအုပ်စု    
(၉)    ညောင်ရွှေမြို့နယ် စကားကျေးရွာ    
(၁၀)    မကွေးတိုင်းဒေသကြီး စလေမြို့နယ်၊ မကျီးကန်ကျေးရွာ    
(၁၁)    ချင်းပြည်နယ်ကန်ပက်လက်မြို့၊ ဆော်လောင်းကျေးရွာ
(၁၂)    ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာ (အလယ်ပိုင်း) ကျိုက်သလဲကျေးရွာစု    
(၁၃)    စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရှိကျေးရွာများ    
(၁၄)    မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆီသည်ကျေးရွာနှင့် မြစ်ကမ်းကြီးကျေးရွာ    
(၁၅)    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တာရွှန်းရွာတို့ ဖြစ်ပါသည်။

၁၇။    ထိုအပြင် ဆက်လက်အကောင်အထည်ဖော် ညှိနှိုင်းလျက်ရှိသည့်ဒေသ (၆) ခုမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
(၁)    ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရာဇကြီးကျေးရွာနှင့် တောင်မြင့်ကျေးရွာ
(၂)    လောင်းလုံမြို့နယ်၊ ထားဝယ်ခရိုင်၊ စမ်းလှမ်းကျေးရွာ
(၃)    ဒုံညောင်းမှိုင်းကျေးရွာ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
(၄)    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာ၊ Myanmar Hill Lodges ခရီးသွားလုပ်ငန်း
(၅)     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ခမိုး-ညောင်သာယာ- ခိုပြင် ကျေးရွာများ
(၆)    ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင်၊ မကြုံဂလက်ကျေးရွာတို့ဖြစ်ပါသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း၏ အောင်မြင်မှုအခြေအနေ

၁၈။    လူထုအခြေပြုခရီးသွားလုပ်ဆောင်မည့်ဒေသများတွင် ကျေးရွာကော်မတီကို သီးသန့် ဖွဲ့စည်းရပြီး ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ပြင်ပပုဂ္ဂိုလ်များပါဝင်ခွင့်မရှိဘဲ ဒေသခံအခြေပြု နေသူများက ဦးဆောင်ရမည်ဖြစ်၍ ဒေသအကျိုးအတွက် ယင်းကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း သိရှိရပါသည်။

၁၉။    မြန်မာနိုင်ငံရှိ လူထုအခြေပြုခရီးစဉ်ဒေသ ၃ ခု ဖြစ်သည့် ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ပန်ပက်နှင့်တနှီးလာလဲကျေးရွာများ၊ ရှမ်းပြည်နယ်ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီးနဲ့၊ ကက္ကူကျေးရွာများနှင့် မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ရှိ ကျေးရွာများကို   အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ASEAN Community Based Tourism Award (2017) ဆုများချီးမြှင့်ခဲ့ပါသည်။

၂၀။    ဆုရရှိခဲ့သော မကွေးတိုင်းဒေသကြီးရှိ မြိုင်မြို့နယ်တွင် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၇၃၅ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၆၀ ဦးနှင့် ၂၀၁၈ ခုနှစ် (ဧပြီလအထိ) ၁၉၃ ဦး ဝင်ရောက်လည်ပတ် လျက်ရှိပါသည်။ နိုင်ငံခြားသားတစ်ဦးလျှင် ၅၅ ဒေါ်လာကောက်ခံပြီး ရရှိသောအကျိုးအမြတ်အား ဒေသခံကျေးရွာ၏ (လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး) ကျေးရွာရန်ပုံငွေအတွက် ၁၀ ဒေါ်လာ၊ နံနက်စာ ၃ ဒေါ်လာ၊ တည်းခိုနေထိုင်ခ ၁၀ ဒေါ်လာ၊ နေ့လည်စာ ၅ ဒေါ်လာ၊ ညစာ ၅ ဒေါ်လာ၊ စက်ဘီးငှားခ ၅ ဒေါ်လာ၊ local guide ၃ ဒေါ်လာ၊ ညပိုင်းဧည့်ခံအက ၁၀ ဒေါ်လာနှင့် သစ်ပင်စိုက် ၅ ဒေါ်လာဟူ၍ ခွဲဝေသုံးစွဲကြောင်းသိရှိပါသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်း၏ အားသာချက်များ၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများ

၂၁။    လူထုအခြေပြုခရီးသွားလုပ်ငန်းကို နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူတို့ပူးပေါင်း၍ အောင်မြင်အောင်ကြိုးပမ်းလျက်ရှိသော်လည်း အားနည်းချက်များ၊ အခက်အခဲများကို ကြုံတွေ့ရလျက်ရှိပါသည်။
(က)    အားသာချက်များ။        မြန်မာနိုင်ငံတွင် ၁၃၅ မျိုးသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများရှိခြင်း၊ လူမျိုးတစ်မျိုးချင်း သမိုင်းရာဇဝင်နှင့် ရိုးရာ ဓလေ့များ ကိုယ်စီရှိခြင်း၊  မြန်မာ့သဘာဝအလှနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိခြင်း၊ နိုင်ငံတော်မှလိုအပ်သည်များကို အားပေးကူညီထောက်ပံ့ပေးခြင်း၊ ဒေသခံ များမှပူးပေါင်းပါဝင်ခြင်း စသည်တို့သည် လူထုအခြေပြုခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများပင်ဖြစ်ပါသည်။
(ခ)    အားနည်းချက်များ။          ခရီးသွားလုပ်ငန်း၏တည်ဆဲဥပဒေမူဝါဒများ     အားနည်းခြင်း၊ ရခိုင်ပြည်နယ်ပဋိပက္ခနောက်ဆက်တွဲအဖြစ် လုံခြုံရေးအခက်အခဲ များရှိခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အားနည်းခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း စသည့်အဟန့်အတားများကို ကြုံတွေ့ရလျက်ရှိပါသည်။ အခြေခံအဆောက်အဦးများမလုံလောက်မှု၊ ခရီးသွားဧည့်သည်များအား ဆွဲဆောင် သည့်အစီအစဉ်များ အားနည်းခြင်း၊ တည်းခိုနေထိုင်စရိတ်များ ဈေးနှုန်းမြင့်မား ခြင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့်လေကြောင်းလိုင်း     အနည်းငယ်သာ ရှိခြင်း၊ ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်ဖြန့်ဝေမှု အားနည်းခြင်း ၊ ခေတ်မီငွေပေးချေမှုစနစ်ကို နေရာတိုင်းတွင်အသုံးမပြုနိုင်သေး ခြင်း၊ ခရီးစဉ်များအတွက် ကုန်ကျစရိတ်သည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ် လျှင်မြင့်မားနေခြင်း၊ သောက်သုံးရေနှင့်အစားအစာ ဘေးကင်းလုံခြုံမှုနှင့် သန့်ရှင်း မှုအားနည်းခြင်း စသည်တို့ဖြစ်ပါသည်။
(ဂ)    စိန်ခေါ်မှုများ။       လူထုအခြေပြုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများမှာ ကောင်းမွန်သောသယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ်မရှိခြင်း၊ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများမရှိခြင်း၊ ငွေကြေးနှင့် အခြေခံစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်သား မရှိခြင်း၊ ဒေသထွက်ကုန်ကြမ်းများအား ကုန်ချောထုတ်လုပ်ရန် နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုအားနည်းခြင်း၊ တိုင်းဒေသကြီးအစိုးရမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်း ကူညီမှုအားနည်းခြင်း စသည်တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကျဆင်းနေကြောင်း သိသာစေသည့်အချက်များ

၂၂။    မြန်မာ့ခရီးသွားလုပ်ငန်းကျဆင်းနေကြောင်း သိသာစေသည့်အချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
(က)    Economic Group က ထုတ်ပြန်သည့် ၂၀၁၇ ဘေးကင်းလုံခြုံသောမြို့များ၊ အညွှန်းကိန်းမှာ မြို့ပေါင်း (၆၀) အနက် ရန်ကုန်မြို့ဟာ ဘေးကင်းလုံခြုံမှု ဒုတိယ မြောက် အနိမ့်ဆုံးအဖြစ် သတ်မှတ်ခံရခြင်း၊
(ခ)    World Economic Forum’s Travel and Tourism Competitiveness Index ၂၀၁၅ အရ နိုင်ငံပေါင်း (၁၄၁) နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် (၁၃၄) တွင် ရှိနေခြင်း၊
(ဂ)    ကမ္ဘာနိုင်ငံများ၏ခရီးသွားအဖွဲ့ World Tourism Organization (UNWTO) ၏ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်း ခရီးသွားလုပ်ငန်း ကျဆင်းမှုအများဆုံးနိုင်ငံဖြစ်ခြင်း၊
(ဃ)    ကမ္ဘာဘဏ်မှ ထုတ်ပြန်ထားသည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်းမရေရာမှုရှိနေကြောင်း ဖော်ပြထားခြင်းစသည်တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ခရီးသွားဝင်ရောက်မှုအခြေအနေ

၂၃။    မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မှ ၂၀၁၈ (ဇွန်လအထိ) အထိ ခရီးသွားဧည့်သည်ဝင်ရောက်မှု မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဇာစ်မြစ် - ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

၂၄။    အထက်ဖော်ပြပါဇယားအရ ယခင်အစိုးရလက်ထက်တွင် ခရီးသွားဝင်ရောက်မှု နှစ်စဉ် တိုးတက်ခဲ့သည်ကို တွေ့ရပါသည်။ သို့သော် အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်တွင် ခရီးသွား ဝင်ရောက်မှု ကျဆင်းခဲ့ပါသည်။ ခရီးသွားဝင်ရောက်မှုမှာ ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါသည်။ ထို့သို့ ခရီးသွားကျဆင်းရသည့် အကြောင်းအရင်းများမှာ ကောက်ယူမှုစနစ်ပြောင်းလဲခဲ့ခြင်းနှင့် အချို့ဒေသများအား လုံခြုံရေး အရ ကန့်သတ်ရခြင်းကြောင့် ဖြစ်သည့်အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသောအကြမ်းဖက်မှု များကြောင့် နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာခဲ့ပြီး ခရီးသွားလုပ်ငန်းအပေါ်လည်း သက်ရောက်မှု ရှိခဲ့ပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထင်မြင်ယူဆချက်များ

၂၅။    ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ကျင်းပသော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်း တွင် ကမ္ဘာ့လှည့်ခရီးသည်များ ခရီးသွားလည်ပတ်ရာတွင် အဓိကအားထားကြသည့် လေကြောင်း ခရီးအပြင် မီးရထားခရီးနှင့် ရေကြောင်းခရီးစသည့်ဖြင့် လမ်းပန်းဆက်သွယ်ရေးကို ပိုမို တိုးတက်ခတ်မီစုံလင်စွာလုပ်ပေးခြင်းဖြင့် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ ဥပမာ မီးရထားဖြင့် ခရီးသွားခြင်းဖြင့် သက်တောင့်သက်သာ ခရီးသွားနိုင်ခြင်း၊ မီးရထားဖြတ်သွားရာလမ်း တစ်လျှောက်တွင် နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေးမှုသဘောသဘာဝများကို အတိုင်းအတာတစ်ခု အထိ နားလည်နိုင်ခြင်း၊ ဒေသထွက်ပစ္စည်းများ၊ အမှတ်တရပစ္စည်းများကိုရောင်းခြင်းဖြင့် ကမ္ဘာ လှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အချက်များစွာရှိသည့်အတွက် နိုင်ငံ၏မီးရထားကဏ္ဍကို ပိုမိုချဲ့ထွင်ဆောင်ရွက်ရပါမည်။ ထို့အပြင် ရေလမ်းဖြင့်ခရီးသွားလာခြင်းအားဖြင့် ရှုခင်းကြည့်နိုင် ခြင်း၊ လေကောင်းလေသန့်ကို ရှုရှိုက်နိုင်ခြင်း၊ မိတ်ဆွေများဖွဲ့နိုင်ခြင်း စသည့်အချက်များဖြင့် ဆွဲဆောင်နိုင်ပါသည်။

၂၆။    နိုင်ငံ၏ယဉ်ကျေးမှုနှင့် ဘာသာရေးများကို လေ့လာချင်သော ကမ္ဘာ့လှည့်ခရီးသည်များ အတွက် လူထုအခြေပြုခရီးစဉ်ဖြင့် ဆွဲဆောင်ခြင်းဖြင့်လည်းကောင်း၊ စွန့်စားသွားလာမှုကို နှစ်သက်သောခရီးသွားများအတွက်  စွန့်စားမှုဆန်ဆန်ခရီးသွားအစီအစဉ်များဖြင့် ဆွဲဆောင်ခြင်း ဖြင့်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာအကများကိုလေ့လာချင်သော ခရီးသွားများ အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း ၍ ရိုးရာအကများကို စီစဉ်ပေးခြင်းဖြင့်လည်းကောင်းစသည်ဖြင့် စိတ်ဝင်စားမှုအရ၊ ယဉ်ကျေးမှု အရနှင့် စိတ်ချမ်းသာမှုအရ ပေးနိုင်မှသာလျှင် နိုင်ငံအသီးသီး၏ ခရီးသွားများအား ဆွဲဆောင်နိုင် ရေးဆောင်ရွက်ချက်များကိုယှဉ်ပြိုင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်၊ နေထိုင်သွားလာရေးနှင့် အစားအစာများသန့်ရှင်းရန်၊ ရိုးရာအစားအစာများကို ထိန်းသိမ်းခြင်းအားဖြင့် SME လုပ်ငန်း များအားမြင့်တင်ရာရောက်သည့် လိုအပ်ချက်များကို အတွေးသစ်၊ အမြင်သစ်များဖြင့် ရေရှည် အကျိုးကြည့်၍ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ပြောကြားသွားပါသည်။

၂၇။    ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် အချက်များစွာရှိပါသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြင့်တင်ရေး (Promotion) လုပ်ရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ဥပဒေပြဋ္ဌာန်းရန်၊ ခရီးသွားလာရေး အထိမ်းအမှတ်ပွဲတော်များ ကျင်းပခြင်း၊ ခရီးသွားနှစ်များ ကျင်းပခြင်းအပြင် Sustainable Tourism ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့သည် အရေးကြီးပါသည်။ 

၂၈။    မြန်မာနိုင်ငံ၏ခရီးစဉ်ပုံရိပ်ကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်များ စုဆောင်း ခြင်း၊ သုတေသနစစ်တမ်းများ ကောက်ယူခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ လမ်းညွှန် ချက်များပြင်ဆင်ခြင်း၊ ကုန်အမှတ်တံဆိပ် သံတမန်များခန့်အပ်ခြင်း၊ ပြည်ပဈေးကွက် တာဝန်ခံ ကိုယ်စားလှယ်များ ခန့်ထားခြင်း၊ လူမှုကွန်ယက်မီဒီယာများဖြစ်သည့် facebook၊ Instagram၊ Twitter၊ Youtube စသည်တို့မှ ကြော်ငြာခြင်း၊ ခရီးသွားလုပ်ငန်း Website များ လွှင့်တင်ခြင်း၊ Documentary Film များ ရိုက်ကူး၍ National Geographic Travel Life Style၊ CNN Travel၊ BBC Travel စသည် ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသခြင်း၊ နိုင်ငံတကာ မီဒီယာများ၊ ခရီးသွားကုမ္ပဏီများ၊ ခရီးစဉ်ရေးသားသူများအတွက် ခရီးစဉ်များ၊ ခရီးစဉ်ရန်ပုံငွေ များစီစဉ်ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ လက်ဆောင်ပစ္စည်းများ၊ ကြော်ငြာ ဆိုင်းဘုတ်များ၊ ခရီးသွားပြပွဲများ စသည့်ဈေးကွက်မြင့်တင်ခြင်းအစီအစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ပါသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများ

၂၉။    အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်လျှင် အာဆီယံ ဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှုသည် ၂၀၁၆ ခုနှစ် မှာ ၁၁၅ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၁၂၅ သန်းထိ တိုးတက်လာပါသည်။ ယင်းတိုးတက်လာမှုကိုကြည့်ခြင်း အားဖြင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်းအပေါ်မှာ စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံအသီးသီးတွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် လွယ်ကူစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်ပေးပြီး ဗီဇာကြေးများ လျှော့ပေါ့ပေးခြင်း၊ ဗီဇာကင်းလွတ်ခွင့်များဖြင့် ဆွဲဆောင်နေကြပါသည်။

၃၀။    လူထုအခြေပြုခရီးသွားလုပ်ငန်းသည် ကမ္ဘာလှည့်ခရီးသွားများအား စွဲဆောင်လျက်ရှိသည့် ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်လာသည့်အားလျော်စွာ အဆိုပါခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံအချို့တွင်အကောင်အထည်ဖော်လျက်ရှိပါသည်-
(က)    ထိုင်းနိုင်ငံ၏လူထုအခြေပြုခရီးသွားလုပ်ငန်း။         ထိုင်းနိုင်ငံသည် အပန်းဖြေ စခန်းဝန်ဆောင်မှုများတွင် ကျော်ကြားသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ခရီးသွား ဧည့်သည်အများစုသည် ထိုင်းနိုင်ငံ၏ပင်လယ်ကမ်းခြေ၊ အပန်းဖြေစခန်းများဆီသို့ သွားရောက်လည်ပတ်၍ စိတ်ဖိစီးမှုများဖြေလျော့တတ်ကြသော်လည်း ယခုအခါ ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် လူထုအခြေပြုခရီးသွားလုပ်ငန်းသို့ပြောင်းလဲ ချဉ်းကပ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့အနီးတွင် တည်ရှိသော Dol Inthanon National Park အမျိုးသားဥယျာဉ်ရှိ Mae Klang Luang ကျေးရွာလေးသည် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်နေသော ကျေးရွာ များအနက်မှ တစ်ခုဖြစ်ပါသည်။ Mae Klang Luang ကျေးရွာ၏အားသာချက် များမှာအစားအသောက်ပေါများခြင်း၊ တစ်ညတာအိပ်စက်နားနေရသည့် နေအိမ်မှ ဒေသခံမိသားစုတို့၏ ဧည့်ဝတ်ကျေပွန်ခြင်းတို့ဖြစ်ပါသည်။

နိုင်ငံတကာခရီးသွား ဧည့်သည်များအား ဆွဲဆောင်လျက်ရှိသောကျေးရွာ၏ ဝန်ဆောင်မှုအချို့မှာ -

(၁)    သစ်ပင်၊ သစ်မြစ်တို့၏အသုံးဝင်ပုံများကို သစ်တောအတွင်းလေ့လာခြင်း၊
(၂)    ကျေးရွာရှိအောဂဲနစ်စိုက်ခင်းများနှင့် ငါးလုပ်ငန်းများအကြောင်း လေ့လာ နိုင်ခြင်း၊
(၃)    ဒေသထွက်လတ်ဆတ်သောကော်ဖီစေ့များကို ချက်ချင်းလှော်၍ ဖျော်ပေးသည့် သင်းပျံ့သောကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်သုံးနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။ ယခင်က Mae Klang Luang ကျေးရွာသည် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် သစ်တောပြုန်းတီးစေသည့် အလုပ်များပေါ်တွင်သာ မှီခိုခဲ့ကြသော်လည်း ယခုအခါ Community Based Tourism Initiative (CBTI) အမည်ရ NGO အဖွဲ့၏အားထုတ်ဆောင်ရွက်မှုဖြင့် အရေးပါသော ခရီးသွားလုပ်ငန်းပုံစံတစ်ရပ် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏လူထုအခြေပြု ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာခြင်းမှာ ဒေသခံလူမှု အသိုက်အဝန်းနှင့် ပြည်တွင်း/ပြည်ပခရီးသွား လုပ်ငန်းလုပ်ကိုင်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တစ်ခုပင်ဖြစ်ပါသည်။
(ခ)    ကမ္ဘောဒီးယားနိုင်ငံ။        ဘန်တေချန်မာဒေသသည် ကမ္ဘောဒီးယားနိုင်ငံ ဘန်တေမီးချေးခရိုင်တွင်တည်ရှိပြီး အနီးပတ်ဝန်းကျင်တွင် ကျေးရွာ (၁၄) ရွာခန့် ရှိပါသည်။ မြို့လယ်တွင်ခရီးသွားများကို စွဲဆောင်လျက်ရှိသည့် ဂူဘုရားအများအပြား စုပေါင်းတည်ရှိပြီး အဆိုပါ သမိုင်းဝင်အဆောက်အအုံများမှာ ပြည်တွင်းစစ်ကြောင့် ပြုပြင်မှုမရှိဘဲပျက်စီးယိုယွင်းလျက်ရှိပါသည်။ ရေလုံလောက်မှုမရှိခြင်း၊ လျှပ်စစ်မီးအကန့်အသတ်ဖြင့်သာ ရရှိခြင်းတို့ကြောင့် မြို့ပြအဆောက်အအုံများစွာ မှာ အားနည်းလျက်ရှိကာ ရေနှင့်လျှပ်စစ်မီးအတွက် မိုးရေနှင့်ဘက်ထရီများကိုသာ အဓိကအားထားနေရပါသည်။
ပြင်သစ်အခြေစိုက် အစိုးရမဟုတ်သောအဖွဲ့ Agir Pour Le Cambodge (APLC) အနေဖြင့် ၂၀၀၆ ခုနှစ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အစီအစဉ် တစ်ခုကို ဒေသခံများအကြား အကျိုးအမြတ်များ မျှမျှတတခွဲဝေရရှိစေရန်အတွက် စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါအဖွဲ့အနေဖြင့်ဒေသခံများအား တည်းခိုနေထိုင် ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသထွက်ကုန်များဖြင့် ဝန်ဆောင်မှုပေးခြင်းတို့တွင် ဧည့်ဝတ်ပျူငှာသင်တန်းများ သင်ကြားပေးခဲ့ပါသည်။ ကမ္ဘောဒီးယားလူထုအခြေ ပြု ဂေဟအခြေခံခရီးသွားကွန်ယက်မှလည်း ဒေသခံများနှင့်ပူးပေါင်း၍ စွမ်းရည် မြှင့်သင်တန်းများနှင့် ဘာသာစကားသင်တန်း များဆောင်ရွက်လျက်ရှိသည့် အစိုးရ မဟုတ်သောအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါဒေသတွင်းရှိ ဂူဘုရားများ၊ ဒေသခံများ၏ရိုးရာယဉ်ကျေးမှုနှင့် လူနေပုံစံ များသည် ခရီးသွားများကို အဓိကစွဲဆောင်လျက်ရှိပါသည်။ ခရီးသွားများအား ဒေသခံမိသားစုအိမ်များတွင် နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ ရာသီပေါ်ဒေသထွက် အစားအစာဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ လူထုအခြေပြု ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် APLC ၏ အကူအညီမပါဘဲ ဆောင်ရွက်ခဲ့ရ သဖြင့် ပိုမို၍အမှီအခိုကင်း ရပ်တည်လာနိုင်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ ၂၀၀၉ ခုနှစ်တွင် Global Heritage Fund (GHF) ၏အကူအညီကြောင့် အဓိက ဂူဘုရားများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့် အတတ်ပညာပိုင်းဆိုင်ရာ သင်တန်းများ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါသည်။ လက်ရှိအနေဖြင့် GHF ၏ပံ့ပိုးငွေ ဖြင့် ခရီးသွားများအား ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများနှင့် နေရာထိုင်ခင်းများ ပေးအပ်နိုင်ရန် ကော်မတီများနှင့် အဖွဲ့ဝင်များအား ချထားပေးပြီးဖြစ်ပါသည်။
အဆိုပါလူထုအခြေပြုခရီးသွားလုပ်ငန်းမှာ ဘန်တေချန်မာဒေသ၏စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ရေးရာ အခြေအနေများအပေါ်  ကောင်းကျိုးများစွာဖြစ်စေခဲ့ပါသည်။ ခရီးသွားလုပ်ငန်းကြောင့် ဒေသခံများ ဝင်ငွေတိုးတက်ရရှိ ခဲ့သည့်အပြင် လူမှုရေးဆိုင်ရာတိုးတက်မှုများအဖြစ် ရေရရှိရေး၊ သန့်ရှင်းရေးစနစ်များ ပိုမိုကောင်းမွန်လာသကဲ့သို့ ပညာရေးအတွက်လည်း အခွင့်အလမ်းများစွာ ရရှိလာခဲ့ပါသည်။ ထိုမျှမကဘဲ ခရီးသွားလုပ်ငန်းမှ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းကြောင့် နေရပ်စွန့်ခွာအလုပ်ရှာမှုများကို ကန့်သတ်လျော့ကျစေခဲ့ပါသည်။ လူထုခရီးသွားလုပ်ငန်းအနေဖြင့် ဒေသအတွက်၊ ကဏ္ဍ ပေါင်းစုံအတွက် ကောင်းကျိုးများရရှိစေခဲ့သည်ဟု ဆိုနိုင်ပါသည်။

နိဂုံး

၃၁။    မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများတိုးတက်ဝင်ရောက်လာစေရန်အတွက် ခရီးသွားများစိတ်ဝင်တစား လေ့လာနိုင်မည့်နေရာသစ်များ ထပ်မံရှာဖွေရမည်ဖြစ်ပါသည်။ သဘာဝအလှအပ ကိုခံစားနိုင်ပြီး အနားယူ အပန်းဖြေနိုင်သည့်စခန်းသစ်များကို ဖော်ထုတ်နိုင်မှသာ ခရီးသွားများကို ပိုမိုဆွဲဆောင်ပြီးတိုင်းပြည်ဝင်ငွေ တိုးတက်ရရှိမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို အားပေးဆောင် ရွက်ခြင်းအားဖြင့် ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုတိုးတက်ပြီး အကျိုးအမြတ်ပိုမိုရရှိစေသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိမ်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်စုံ တစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသန ဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၄.၈.၂၀၁၈