Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လက်ဆောင် ပေးခြင်းနှင့် အလှူဒါန ခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ် (၁၁၄) သိန်း (၂) သောင်း နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာ စုပေါင်း လှူဒါန်းငွေ ကျပ် (၈၅) သိန်း (၈) သောင်း  စုစုပေါင်း ကျပ် သိန်း (၂၀၀) ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မှ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထံသို့  အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ  ၂   ရက်