Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဂျပန်နိုင်ငံ၊ လွှတ်တော် ရေးရာ တရားရေးဒုတိယဝန်ကြီး H.E. Mr. Takashi YAMASHITA အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ တရားရေး ဒုတိယဝန်ကြီး H.E. Mr. Takashi YAMASHITA အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဌာနအနေဖြင့် တရားရေးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရန်အတွက် အထောက်အကူပြုမည့် တရားစီရင်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်တင်လင်း၊ အတွင်းရေးမှူး ဦးလှသန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁ ရက်