(ဂ)-၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂ အပိုဒ်ခွဲ(က)ပါ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုဒ်မ ၂ ပုဒ်မခွဲ(က) ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေနဲ့စပ်လျဉ်းပြီးတော့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများတွင် အဓိပ္ပာယ်နှင့်တကွ ပြဋ္ဌာန်းဖော်ပြထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေဟူသည့် သတ်မှတ်ချက်စကားရပ်အရ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုလုပ်မှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက် လာသည့် ဘေးအန္တရာယ် သို့မဟုတ် ညစ်ညမ်းမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်းမပြုပါက အများပြည်သူများအား အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို သော်လည်းကောင်း၊ ပတ်ဝန်းကျင် ဂေဟစနစ်ကိုသော်လည်းကောင်း ထိပါးစေနိုင်သည့်အခြေအနေကိုဆိုသည်ဟု ရေးသားဖွင့်ဆိုထားပါ တယ်။ တစ်ဖန် ယင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၉ (က) တွင် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေကို မည်သို့ကျင့်သုံးရမည်ကိုဖော်ပြထားပါတယ်။ ယင်းပုဒ်မ ၉(က)၌ ပုဒ်မ ၂ ပုဒ်မခွဲ (ထ) အရဖွဲ့စည်းမည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သော်လည်းကောင်း၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုတွင်သော်လည်းကောင်း၊ နယ်မြေတစ်ခု တွင်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်ကြောင်း သို့မဟုတ် ထိုသို့ပေါ်ပေါက်နိုင်ကြောင်းသိရှိရင် ယင်းအခြေအနေတစ်ရပ်ကို ပေါ်ပေါက်ကြောင်း ထုတ်ဖော်ကြေညာနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ချက်ချင်းတင်ပြရမည်ဟူ၍လည်း ပါရှိပါတယ်။ သို့ဖြစ်ရာ အဆိုပါပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဓိကထားကာကွယ်သည့်အနေနှင့် သတ္ထုတွင်းဝန်ကြီး ဌာန ဧရာဝတီအစရှိသည့် မြန်မာ့မြစ်ကြီးလေးသွယ်တွင် သတ္ထုရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ ပိတ်ပင်ခြင်းကို အထူးပင်ကြိုဆိုပါသည်။ သို့ရာတွင် ထိုမြစ်ကြီးများမှ အပဖြစ်သော ဒေသဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် အများအားဖြင့် ဓာတ်သတ္ထုတူးဖော်ရာ လုပ်ငန်းဝန်းကျင်တို့တွင် ရှိနေဆဲဖြစ်ပါသည်။ လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဖြစ်ရပ်တို့ကို ဥပမာပြရပါက အောက်ပါ တို့ဖြစ်ကြပါတယ်။ ယင်းတို့မှာ (က) နိုင်ငံခြားကုမ္ပဏီများမှ ကြေးနီနှင့် သတ္ထုများတူးဖော်ရာတွင် တောင်များကို ချိုင့်ဝှမ်းအဖြစ်တူးဖော်၍ အက်စစ်ငရဲမီးအရည်ဖြင့် ဖော်ယူထုတ်လုပ်သောနည်းကို အသုံးပြုနေခြင်း၊ ဥပမာ မုံရွာကြေးစဉ်တောင်၊ လက်ပံတောင်းတောင်စသည့် ဤသို့ဖြင့်မြေအောက် ရေချိုနှင့် သဘာဝချောင်း မြောင်း၊ ချောင်းရေ၊ မြောင်းရေတို့တွင် အန္တရာယ်ရှိသော ဓာတ်သတ္ထု ပစ္စည်းများ ပျော်ဝင်မှုဖြစ်စေခြင်း၊ ဒေသခံပြည်သူများ ရွာအလိုက်ပြောင်း‌ရွှေ့ခံရပြီး မိရိုးဖလာ စိုက်ပျိုးရေးအဖြစ် အသက်မွေးဝမ်းကျောင်းရခြင်းကို ဆုံးရှုံးရခြင်း၊ ဤအချက်သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ယာဉ်ကျေးမှု အမွေအနှစ်များ၊ ထိန်းသိမ်းရေးအပိုဒ် ၈ အပိုဒ်ခွဲ(က) ပါ မြေအောက်ရေအပါအဝင် ရေချိုသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်နေကြောင်း လေ့လာသိရှိရပါသည်။ (ခ) ဖားကန့်မြို့နယ် တွင် ကျောက်စိမ်းထုတ်လုပ်မှုကြောင့် ယင်းဒေသရှိ ဥရုမြစ်၏ ရေစီးရေလာပိတ်ဆို့ပြီးနောက် အချို့နေရာတို့တွင် ရေကန်များရှိနေပြီး အချို့နေရာတို့တွင် စုပုံကျရောက်နေသော မြေစာခဲတို့ကြောင့် မြေစာခဲပိတ်ဆို့မှုများအောက်မှ ရေများထွက်ပေါက်ရှာ၍ စီးဆင်းနေရခြင်းတို့ကို တွေ့ရပါသည်။ ဤသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၇) အပိုဒ် ၁၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပိုဒ်ခွဲ(က)ပါ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ငန်းများမှာ စုပေါင်းအစီအမံဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်းထည့်ဝင် ဆောင်ရွက်ရန် တာဝန်ရှိသည်ဆိုသော ပြဋ္ဌာန်းချက်များဖြင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ (ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ အပိုဒ်ခွဲ (ဆ)မှာ အဏ္ဏဝါဆိုင်ရာ သယံဇာတ အရင်းအမြစ်ထိန်းသိမ်းရေးတွင် အကျုံးဝင်နေသည့် သန္တာကျောက်တန်းများကို စောင်‌့ရှောက်ထိန်းသိမ်းခြင်းမရှိပါက နှစ် ၂၀ အတွင်း ဆုံးပါးပျောက်ကွယ်မည်ဟု ပညာရှင်များက ထုတ်ဖော်တင်ပြထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် သဘာဝအတားအဆီးအဖြစ် ဆူနာမီ ရေလှိုင်းတို့ကိုကျားကန်ပေးနိုင်မည့် ဤသန္တာကျောက်တန်း ထိန်းသိမ်းရေးမှာ မျိုးဆက်တာဝန်၊ အမျိုးသားရေးတာဝန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  ရေသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ ပင်လယ်သယံဇာတများကို ထိန်းသိမ်းနိုင်ရေးတို့ အတွက် အောက်ပါကြယ်ပွင့်ပြပေးခွန်းတို့ကို မေးမြန်းရခြင်းဖြစ်ပါတယ်။ အထက်တင်ပြပါ အပိုဒ် (က)၊ (ခ)၊ (ဂ) အချက်တို့အပေါ် သက်ဆိုင်ဝန်ကြီးဌာနမှ မည်သို့ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ဦးစွာပထမ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ အဓိပ္ပာယ်ဖွင့်ဆိုချက် ကို ရှင်းလင်းတင်ပြလိုပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေဆိုတဲ့နေရာမှာ သာမန် ဘေးအန္တရာယ် သို့မဟုတ် ညစ်ညမ်းမှုဖြစ်စဉ်မျိုးမဟုတ်ပဲ မတော်တဆဖြစ်စဉ် ဖြစ်ရပ်တစ်ခုကြောင့် ဘေးအန္တရာယ်သို့မဟုတ် ညစ်ညမ်းမှုဖြစ်ပေါ်လာပြီး ယင်းအခြေအနေကို ချက်ချင်းအရေးယူ မဆောင်ရွက်ရင် ကြီးမားတဲ့ဘေးအန္တရာယ်ဆိုး (Disaster) အဖြစ် ရောက်ရှိလာနိုင်တဲ့ အခြေအနေ မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘောမှောက်ခြင်း၊ ရေနံတူး စင်များပေါက်ကွဲခြင်း၊ အဲဒီလိုဖြစ်စဉ်ကြောင့် ရေနံယိုဖိတ်မှုတွေ ဖြစ်ပေါ်လျှင်သော်လည်းကောင်း၊ ဓာတုဗေဒစက်ရုံ၊ နျူကလီးယားစက်ရုံများမှာ မတော်တဆပေါက်ကွဲမှု ဖြစ်ပေါ်လျှင်သော် လည်းကောင်း၊ ချက်ချင်းအရေးယူမဆောင်ရွက်လျှင် ဒေသနေပြည်သူလူထုနဲ့ သက်ရှိသတ္တဝါများ အပေါ် ဘေးအန္တရာယ်အကြီးအကျယ်ကျရောက်နိုင်ခြင်း၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိခိုက်ပျက်စီးစေခြင်းစတဲ့ အခြေအနေများ ဖြစ်ပေါ်လာ ပြီး ကြီးမားတဲ့ ဘေးအန္တရာယ် (Disaster) အဖြစ် ရောက်ရှိသွားနိုင်တဲ့အတွက် တုံ့ပြန်မှု အစီအစဉ် (Emergency Counter Measures) များနှင့်ကြိုကြိုတင်တင်တားဆီး ဟန့်တားနိုင်ဖို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာပြီး အရေးယူဆောင်ရွက်နိုင်ရန် အလို့ငှာ  ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေကာလအတွင်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သို့မဟုတ်ရင်လည်း ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုများ မဖြစ်ပွားရအောင် အတတ်နိုင်ဆုံး တားဆီးကာကွယ်သွားရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်တွေကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ ကျွမ်းကျင်သူများနဲ့ လိုအပ်သလို အရေးပေါ်ပေါင်းစပ်ညှိနှိုင်းပြီး အလျင်အမြန်ချမှတ်ကာ မြေပြင်၊ ရေပြင်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ဒုတိယအနေဖြင့် ကြယ်ပွင့်ပြမေးခွန်းပါ ဥပမာ (က) နိုင်ငံခြားကုမ္ပဏီများမှာ ကြေးနီနှင့် အခြားသတ္တုများ တူးဖော်ရာတွင်တောင်များကို ချိုင့်ဝှမ်းအဖြစ် တူးဖြို၍ အက်စစ်ငရဲမီး အရည်ဖြင့် ဖော်ယူထုတ်လုပ်သောနည်းကို အသုံးပြုနေကြောင်း ဥပမာ မုံရွာကြေးစင်တောင်၊ လက်ပံတောင်း တောင် စသည်တို့ဖြစ်ကြောင်း၊ ဤသို့ဖြင့် မြေအောက်ရေချိုနှင့် သဘာဝချောင်းရေ၊ မြောင်းရေတို့တွင် အန္တရာယ်ရှိသော ဓာတ်သတ္ထုပစ္စည်းများ ပျော်ဝင်မှုဖြစ်စေကြောင်း၊ ဒေသခံပြည်သူများ ရွာအလိုက် ပြောင်းရွှေ့ခံရပြီး မိရိုးဖလာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းနိုင်မှုဆုံးပါကြောင်း ဤအချက် သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ သဘာဝသယံဇာတအရင်းအမြစ် များနှင့် ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေး အပိုဒ်ခွဲ (ဂ)၊ (ဃ) ပါ မြေအောက်ရေ အပါအဝင် ရေချိုသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကင်းလွတ်နေ ကြောင်းဟု ဖော်ပြခဲ့ပါတယ်။

ဒုတိယ ကြယ်ပွင့်ပြမေးခွန်းပါ ဥပမာ (ခ) ဖားကန့်မြို့နယ် ကျောက်စိမ်းထုတ်လုပ်မှုကြောင့် ယင်းဒေသရှိ ဥတုမြစ်၏ ရေစီးရေလာ ပိတ်ဆို့ပြီးနောက် အချို့နေရာများမှာ ရေကန်များဖြစ်နေပြီး၊ အချို့နေရာတို့တွင် စုပုံကျရောက်လာသော မြေစာခဲ့တို့ကြောင့်၊ ‌မြေစာခဲပိတ်ဆို့မှုများအောက်မှ ရေများထွက်ပေါက်ရှာ၍ စီးနေခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ဤသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ အခန်း (၇) အပိုဒ် ၁၃ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပိုဒ်ခွဲ (က) ပါ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အရ  ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများမှ စုပေါင်းအစီအမံဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်း ထည့်ဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟူသော ပြဋ္ဌာန်းချက်နှင့် ညီညွတ်ခြင်း မရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ကြယ်ပွင့်ပြမေးခွန်း ဥပမာ (ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၉) အပိုဒ် ၁၈ အပိုဒ်ခွဲ (ဆ) ပါ အဏ္ဏဝါဆိုင်ရာ သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် အကျုံးဝင်နေသည့် သန္တာကျောက်တန်းများကို ထိန်းသိမ်းခြင်းမရှိပါက နှစ် ၂၀ အတွင်း ဆုံးပါးပျောက်ကွယ်နေမှု ပညာရှင် များက ထုတ်ဖော်တင်ပြထားပြီးဖြစ်ပါကြောင်း မြန်မာနိုင်ငံအတွက် သဘာဝအတားအဆီးဖြစ်ပြီး ဆူနာမီရေလှိုင်းတို့ကို ကြားခံပေးနိုင်သည့် ဤသန္တာကျောက်တန်း ထိန်းသိမ်းရေးမှာ မျိုးဆက်တာဝန်၊ အမျိုးသားတာဝန် ဖြစ်ပါကြောင်း၊ သို့ပါကြောင့် အထက်ဖော်ပြပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပမာ (က)၊ (ခ) နှင့် (ဂ) အချက်တို့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းထားခြင်းနှင့် ပတ်သက်၍ ဆက်လက်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (င)မှာ ဥပဒေရဲ့ ရည်ရွယ်ချက် တစ်ခုအနေနဲ့ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရန်ဟု ဦးစွာဖော်ပြထားပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ အခန်း (၄) ပုဒ်မ ၇ မှာ ညစ်ညမ်းမှုကို ထိန်းချုပ်ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ညစ်ညမ်းမှုကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် လျော့နည်းပပျောက်ရေးအစီအစဉ်တွေကို ချမှတ် ဆောင်ရွက်ဖို့နှင့် စစ်ဆေးကြပ်မတ်ဖို့၊ ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေရဲ့ အမျိုးအစားနှင့် အတန်းအစားတွေ သတ်မှတ်ဖို၊့ အဆိပ်အတောက်နှင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအား ပြုပြင်သန့်စင်ရေးအတွက် စက်ရုံ စခန်းတွေ တည်ထောင်ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တဲ့စနစ်နဲ့ လူမှုရေးရာထိခိုက်မှု ဆန်းစစ်တဲ့စနစ်ချမှတ်ဆောင်ရွက်စေဖို့၊ ပတ်ဝန်းကျင်ထိခိုက်မှုပါ ညစ်ညမ်း စေသူက ပေးလျော်စေဖို့၊ သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုစနစ်မှ အကျိုးအမြတ်ရရှိတဲ့ အဖွဲ့အစည်း တွေက ရန်ပုံငွေထည်‌့ဝင်စေဖို့၊ သဘာဝသယံဇာတများ ထုတ်ယူရောင်းဝယ်သုံးစွဲတဲ့  လုပ်ငန်းတွေက အကျိုးအမြတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ထည့်ဝင်စေဖို့ တာဝန်ယူစီမံခန့်ခွဲရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို တာဝန်ပေးအပ် ပြဋ္ဌာန်းထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အခန်း (၇) ပုဒ်မ ၁၃ မှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်း၊ သန့်စင်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခြင်းစသည့်လုပ်ငန်း များတွေကို သက်ဆိုင်ရာအစိုးရဌာနများ အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဘက်စုံစောင့်ကြပ် ကြည့်ရှုစစ်ဆေးရေးစနစ်ကို ထားရှိ၍ အကောင်အထည် ဖော်ဆောင်ရွက်ရမယ်လို့လည်း ပြဋ္ဌာန်းထားရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၄ အရ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသူဟာ ညစ်ညမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချက်များအတိုင်း သန့်စင်ခြင်း၊ ထုတ်လုပ် ခြင်း၊ စွန့်ပစ်ခြင်းများနှင့် စုပုံခြင်းတွေကို ပြုလုပ်ရန် တာဝန်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၅ အရ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေတဲ့ လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် ပိုင်ရှင် ဒါမှမဟုတ် လက်ရှိဖြစ်သူဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို စောင့်ကြပ်ကြည့်ရှုဖို့၊ ထိန်းချုပ် ဖို့၊ စီမံခန့်ခွဲဖို့၊ လျှော့ချဖို့ ဒါမှမဟုတ် ပပျောက်စေဖို့အတွက် လုပ်ငန်းခွင် အထောက်အကူပြုပစ္စည်း တွေ၊ ထိန်းချုပ်ရေးပစ္စည်းကိရိယာတွေကို တပ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင် ရင်တော့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ စွန့်ပစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးရာမှာ တာဝန်ရှိမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအခန်း (၉) ပုဒ်မ ၁၈ မှာဆိုရင်လည်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေဟာ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ထိန်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့၊ အကျိုးရှိစွာအသုံးပြုဖို့၊ စဉ်ဆက်မပြတ်အသုံးပြုဖို့နှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိ ပြီး ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီရဲ့ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများမှ ကျွမ်းကျင်တဲ့ ပညာရှင်များ ပါဝင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ ရေးဆွဲပြုစုရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနဲ့ အထောက်အကူပြုမယ့် နည်းဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပြီးလည်း ဖြစ်ပါတယ်။ အတည်ပြုပြီးလျှင် ပြီးချင်းထုတ်ပြန်ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ယင်းပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်းပြီးပါက ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်း‌တွေ၊ ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်း အမျိုးအစားနှင့် အတန်းအစားတွေ၊ စွန့်ပစ်အရည် သန့်စင်မှု စည်းကမ်းချက်တွေ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းတွေမှာ Clean Technology ခေါ်တဲ့ ပိုမိုသန့်ရှင်းစွာ ထုတ်လုပ်မှုနည်းလမ်းတွေကို အသုံးပြုဖို့ စည်းကမ်းချက်တွေကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆက်လက်သတ်မှတ်ထုတ်ပြန် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကြောင့် ပြဋ္ဌာန်းပြီးဖြစ်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနဲ့ ဆက်လက်ပြဋ္ဌာန်းမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ကာကွယ်ထိန်းချုပ်ဖို့နဲ့ လျော့နည်းပပျောက်စေဖို့၊ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ထိန်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့ အကျိုးရှိစွာအသုံးပြုဖို့ စဉ်ဆက်မပြတ်အသုံးပြုဖို့ စတဲ့လိုအပ်ချက်တွေကို အစီအစဉ်တွေ စနစ်တကျဆောင်ရွက်ခြင်း၊ စိစစ်ကြပ်မတ်ခြင်းတွေကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။