Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၈) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင်  ယနေ့ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု၊ အခက်အခဲနှင့် အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးကြဖို့ လိုအပ်ပါကြောင်း၊ သို့မှသာ ကော်မတီများ အချင်းချင်းချိတ်ဆက်ပြီး မိမိတို့ရဲ့ ကော်မတီလုပ်ငန်းများကို ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင် လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ် ကာလအတွင်း လွှတ်တော်၏ဆောင်ရွက်ချက်များ၊ ကျင်းပလျက်ရှိသည့် လွှတ်တော်ပုံမှန် အစည်းအဝေးများတွင် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပေးတင်ပြလိုသည်များ ရှိပါကြောင်း၊ လွှတ်တော်ကော်မတီများသည် လွှတ်တော်၏ ကျောရိုးတစ်ခုဖြစ်သည်နှင့်အညီ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမှာ အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ စွမ်းဆောင်ရည်တစ်နေ့ထက်တစ်နေ့ အရည်အသွေးပိုမိုမြင့်မားလာရေးအတွက် လွှတ်တော်ကော်မတီများအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆွေးနွေး ကြရန်လိုအပ်ပြီး တိုင်းပြည်၏အရွေ့ကို အင်တိုက်အားတိုက် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ပူးပေါင်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်