Skip to main content

ပြည်သူ့လွှတ်တော်ရုံး၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော်ရုံး၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီး အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။          အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်