Skip to main content

စားသုံးသူကာကွယ်ရေးဥပဒေကြမ်းအား လေ့လာခြင်း

 

နိဒါန်း
၁။    စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်ပါသည်။  ယခင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ဥပဒေသည်လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ပြည့်စုံမှုမရှိခြင်းနှင့် စားသုံးသူများကို ထိရောက်စွာအကာအကွယ်ပေးနိုင်မှု မရှိခြင်းတို့ကြောင့် ယခုအခါ ပညာရှင်များ၏ အကြံပြုချက်ဖြင့် ပိုမိုပြည့်စုံသော ဥပဒေဖြစ်လာစေ ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေသစ်တစ်ရပ်အဖြစ် ပြောင်းလဲပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ပါသည်။
၂။    စားသုံးသူကာကွယ်ရေးဥပဒေကြမ်းအား စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တင်သွင်းထားပြီး (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဥပဒေကြမ်းအား ရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပမှ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ရေးဆွဲခဲ့ပါသည်။  အဆိုပါဥပဒေကြမ်းသည် ဥပဒေ အဖြစ် ထွက်ရှိလာပါက သတင်းအချက်အလက်များခိုင်မာမှုရှိလျှင် တိုင်ကြားသည်ဖြစ်စေ၊ မတိုင် ကြားသည်ဖြစ်စေ စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ထို့ပြင် ဥပဒေပြဋ္ဌာန်းပြီး နည်းဥပဒေထွက်ရှိလာပါက တားမြစ်ထားသည့် စားသောက်ကုန်များ၊ အန္တရာယ် ရှိသည့် အစားအသောက်များ၊ စားသုံးသူများ ထိခိုက်နိုင်သည့် တားမြစ်ကုန်များ ရောင်းချခြင်းရှိ၊ မရှိ လက်ကားရောင်းချဖြန့်ဖြူးသည့် ဈေးကွက်များအထိ စစ်ဆေးအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဥပဒေကြမ်းအား UN Guideline နှင့်အညီရေးဆွဲခြင်း
၃။    ဥပဒေကြမ်း၏ စားသုံးသူအခွင့်အရေး (၈) ရပ်ကို UN လမ်းညွှန်ချက် (၈) ရပ်ဖြင့် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။ ၎င်းအခြေခံ (၈) ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု ခွင့်ရရှိစေရေး၊
(ခ)    ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေရေး၊
(ဂ)    ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိစေရေး၊
(ဃ)    ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြား   နာခွင့်ရရှိစေရေး၊
(င)    ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခြေခံ လိုအပ်ချက်   များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေး၊
(စ)    ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများကို ကုစား ခွင့်ရရှိစေရေး၊
(ဆ)    ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာများ၊
(ဇ)    အခွင့်အရေးနှင့် အချက်အလက်များကို သိရှိလေ့လာခွင့်ရရှိစေရေး၊ ကျန်းမာဝ ပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့်ရရှိစေရေး စသည်တို့ဖြစ် ပါသည်။
ဥပဒေကြမ်းအကျဉ်းချုပ်
၄။    ဤဥပဒေကြမ်းတွင် အခန်း(၂၆) ခန်းနှင့် ပုဒ်မ ၈၇ ခုပါရှိပါသည်။ အဆိုပါဥပဒေကြမ်း တွင် စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအတွက် အာမခံပေး ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှု၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ အပေါ် တာဝန်ရှိမှုနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများကို အသေးစိတ်ဖော်ပြထားပါ သည်။ ထို့ပြင် ဦးစီးဌာနအနေဖြင့် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများစုံစမ်းစစ်ဆေးနိုင်ရန် စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်များ သတ်မှတ်ပေးအပ်ထားပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြန်လည်သိမ်းဆည်းခြင်းများနှင့် ရောင်းချဖြန့်ဖြူးခြင်းများ တားမြစ်ခြင်းတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
၅။    ဥပဒေကြမ်းတွင် လိုက်နာမှုမရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုနည်း လမ်းအရ အရေးယူခြင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ ဟူ၍ (၂) မျိုး သတ်မှတ်ပြီး အရေးယူဆောင် ရွက်နိုင်ရန် ဖော်ပြထားပါသည်။ သေးငယ်သော ကျူးလွန်ဖောက်ဖျက်မှုများအတွက် စီမံခန့်ခွဲမှု နည်းလမ်းအရ ဦးစီးဌာနက ဦးစွာအရေးယူပြီး ညှိနှိုင်းဆောင်ရွက်မှုကို ကျေနပ်မှုမရှိလျှင် တိုင်း ဒေသကြီး/ ပြည်နယ်ကော်မတီထံ တိုင်ကြားနိုင်မည်ဖြစ်ပြီး ကော်မတီ၏ စီမံခန့်ခွဲမှုနည်းလမ်း အရ အရေးယူမှုအား မလိုက်နာပါက ဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုနိုင်ပြီး အယူခံမှု များကိုလည်း ရက်ပေါင်း (၃၀) အတွင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ထံသို့ အဆင့်ဆင့်အယူခံခွင့်ကို ပေးထားပါသည်။
၆။ ဥပဒေကြမ်းပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်ဒဏ်များကို ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ထောင်ဒဏ်၊ ငွေဒဏ်တို့ကို သီးခြားသတ်မှတ်ဖော်ပြထားပါသည်။ ကော်မရှင်၊ ကော်မတီ၏ ရုံးလုပ်ငန်းကုန်ကျစရိတ်များကို စားသုံးသူရေးရာဦးစီးဌာနက တာဝန် ယူရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားပါသည်။၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ် ပေးရေးဥပဒေတွင် မပါရှိသော အချက်များမှာ-
(က)    ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် တာဝန်ရှိမှု (Product Safety and Liability၊ ဈေးကွက်စုံစမ်းစစ်ဆေးမှုများ (Market Surveillance)၊ ကုန်အညွှန်းအမှတ် အသား (Labelling) နှင့် ကြော်ငြာများ(Advertising) စသည့်အပိုင်းများ၊
(ခ)    စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ရောင်းဝယ်မှုများဆောင်ရွက်ရာ တွင် နှစ်ဦးနှစ်ဖက်အပြန်အလှန် အာမခံပေးခြင်းများ၊ သဘောတူညီချက်များနှင့် သက်ဆိုင်သည့် စာချုပ် (Contract) စသည့် အပိုင်းများ၊
(ဂ)    စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ကော်မရှင်၊ ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများစသည့် အပိုင်း များ၊
(ဃ)    ကော်မတီက ဖြေရှင်းဆောင်ရွက်ခွင့်မရှိသော ကန့်သတ်ချက်များအပိုင်းတို့ကို ယခု ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားခြင်း စသည်တို့ဖြစ်ပါသည်။
၇။  ထို့ပြင် အဆိုပါဥပဒေကြမ်းသည် စားသုံးသူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင် စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းများနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုတို့ကို စားသုံးသူများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှု များကို ကာကွယ်ပေးရန်အတွက် ဖြစ်ပါသည်။  ထို့ပြင် ဥပဒေကြမ်း၏ အခန်း (၂)၊ ပုဒ်မ ၃ ပါ ရည်ရွယ်ချက်တွင် စားသုံးသူများဘက်မှရရှိနိုင်မည့် အခွင့်အရေးများကို ဥပဒေနှင့်အညီကာကွယ် ပေးနိုင်ရန်အတွက် ဥပဒေတစ်ရပ်လုံးအား ခြုံငုံ၍အဓိကကျသော အချက်အလက်များနှင့်အတူ ရည်ရွယ်ပြီး ဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ဥပဒေကြမ်း၏ ပုဒ်မ (၃)၊ ပုဒ်မခွဲ (က) အရ စားသုံးသူအခွင့်အရေးများ အပြည့် အဝ ရရှိနိုင်စေရန်၊
(ခ)    စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်၊
(ဂ)    စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အ လက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊
(ဃ) စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေး တို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊
(င)    စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း လိုက် နာဆောင်ရွက်လာနိုင်စေရန်၊
(စ)    စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ရန်၊
(ဆ)    စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန်နှင့် ယင်း အဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရန်အတွက် စီမံဆောင်ရွက်ပေးမှုများနှင့် ထိန်း ကျောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်တို့ဖြစ်ပါသည်။
၈။    အဆိုပါ ဥပေဒကြမ်းအား ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးပါက စားသုံးသူကာကွယ် ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး (စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန)မှ ဥက္ကဋ္ဌ အဖြစ်ပါဝင်သော အစိုးရနှင့် အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၂၉ ဦး ထက်မပိုသော “ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ” အဖွဲ့အား ဖွဲ့စည်းသွားမည် ဖြစ်ပါသည်။  အဆိုပါကော်မရှင်မှ အဖွဲ့ဝင် (၅) ဦးမှ (၉) ဦးအထိပါဝင်သော စားသုံးသူရေးရာ ကော်မတီအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။  
ယခင်ဥပဒေနှင့် ဥပဒေကြမ်းတို့၏ နှိုင်းယှဉ်ချက်ဇယား
၉။    ယခင်ဥပဒေနှင့် ယခုဥပဒေကြမ်းတို့၏ နှိုင်းယှဉ်ချက်ဇယားမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

မူလဥပဒေနှင့် အသစ်ပြဋ္ဌာန်းမည့်ဥပဒေကြမ်း၏ အားနည်းချက်/ အားသာချက်များ
၁၀။    ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအချက်အလက်များကို ထည့်သွင်းပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိသည့် အပြင် ယင်းအချက်အလက်များကို နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲမည်ဆိုလျှင်လည်း မူရင်း ဥပဒေဘောင်ထက် ကျော်လွန်နေခြင်းနှင့် လုပ်ငန်းကော်မတီများ မဖွဲ့စည်းနိုင်ခြင်းတို့ကြောင့် နည်းဥပဒေရေးဆွဲရန် အခက်အခဲရှိနိုင်ပါသည်။ ထို့ပြင် အဆိုပါဥပဒေအရ ကျူးလွန်ထားသော ပြစ်မှုများကို ရှာဖွေဖော်ထုတ်နိုင်ရန် တိကျစွာ အရေးယူနိုင်မှုများ မပြုလုပ်နိုင်ခြင်းကြောင့်လည်း  နည်းဥပဒေကို ဆက်လက်ရေးဆွဲနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် မူလဥပဒေ၏ အားနည်းချက်များ အပေါ် အခြေခံ၍ ပိုမိုကောင်းမွန်ထိရောက်သော ဥပဒေဖြစ်စေရန်နှင့် ထပ်မံဖြည့်စွက်ရေးဆွဲရမည့် လိုအပ်ချက်များကို ပြန်လည်စိစစ်သုံးသပ်၍ ဥပဒေအသစ်တစ်ရပ် အစားထိုးပြင်ဆင်ရေးဆွဲခဲ့ ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မူလဥပဒေနှင့် ယခုအသစ်ပြဋ္ဌာန်းမည့် ဥပဒေကြမ်း၏ အားနည်း ချက်/ အားသာချက်များကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်

 

စားသုံးသူကာကွယ်ရေးနှင့်ဆက်စပ်သည့် အခြားတည်ဆဲဥပဒေများ
၁၁။    ပြည်သူလူထုနေ့စဉ်စားသုံးလျက်ရှိသော အစားအသောက်များဘေးဥပါဒ် အန္တရာယ်ကင်း ရှင်းရေးသည် အမျိုးသားကျန်းမာရေးအတွက် အဓိကကျသော ကဏ္ဍကြီးဖြစ်သောကြောင့် ကျန်းမာရေးနှင့် အစားအသောက်ဆိုင်ရာ ဆက်စပ်သောဥပဒေများအား ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့မှာ-
    (က)    ၁၉၇၂ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ၊
    (ခ)    ၂၀၁၃ ခုနှစ်၊ အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊
    (ဂ)    ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ တို့ဖြစ်ပါသည်။
အစိုးရ၏ ဆောင်ရွက်ချက်များ
၁၂။ နိုင်ငံတော်အစိုးရမှ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိ ပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ ပြည်တွင်းအလုပ်ရုံ ဆွေးနွေးပွဲများ၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အငြင်းပွားမှုများအားဖြေရှင်း ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ပြင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တိုင်ကြားဌာန (၄၇) ခုဖွင့်လှစ်ထားခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ) တိုင်ကြားလာသည့် အငြင်းပွားမှုများကို  အောက်ပါအတိုင်း ဖြေရှင်းဆောင် ရွက်ခဲ့ပါသည်

 

အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အစိုးရ၏ဆောင်ရွက်ချက်များ
၁၃။ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ပိုမိုထိရောက်စေရန်နှင့် အာဆီယံနိုင်ငံ များနှင့် တစ်ပြေးညီလိုက်ပါဆောင်ရွက်နိုင်စေရန် နိုင်ငံတကာမှ အတွေ့အကြုံအလေ့အထများကို လေ့လာ၍ အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးစီမံကိန်းကို ရေးဆွဲချမှတ်သွားမည်ဖြစ်ပါ သည်။ အဆိုပါစီမံကိန်းရေးဆွဲရာတွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် စီမံကိန်းရေးဆွဲပေးခဲ့သည့် ကျွမ်းကျင်ပညာရှင်များမှလည်း အကူအညီပေးမည်ဖြစ်ပြီး အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အလေ့အထများအား လေ့လာဆောင်ရွက်သွား မည်ဖြစ်ပါသည်။
၁၄။ ထို့ပြင် ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍအားလုံးတွင် စားသုံးသူများ၏ အခွင့်အရေးထိခိုက် ဆုံးရှုံးမှုမရှိစေရန် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်း၊ အရေးယူဖြေရှင်းဆောင်ရွက်ပေးသည့်လုပ်ငန်း၊ စားသုံးသူပညာပေးရေးလုပ်ငန်းများ ကို အစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော စားသုံး သူကာကွယ်ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းများ၏ အကြံပြုသုံးသပ်ချက်များ
၁၅။    စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်မှုများကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ အထက်မြန်မာပြည် စားသုံးသူပညာပေးကွန်ရက်၊ မန္တလေးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ လီဆူဓမ္မတက္ကသိုလ်၊ ရှမ်းပြည်နယ်တောင်ပိုင်း စားသုံးသူပညာပေးရေးအဖွဲ့၊ ရှမ်း သတင်းအေဂျင်စီ၊ ဂိုင်ယာအဖွဲ့နှင့် ဥပဒေပညာရှင်များက လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ပါ သည်။ ၎င်းတို့၏လေ့လာသုံးသပ်မှုများအရ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရမည့် အချက်ပေါင်း ၄၇ ချက်အား တွေ့ရှိခဲ့ကြောင်းဖော်ပြထားပါသည်။  
၁၆။  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနှင့်စပ် လျဉ်း၍ ပြင်ဆင်သင့်သည့် ပုဒ်မများနှင့်အကြောင်းအရင်းများကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်ပါသည်။ ၎င်းပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သင့်သည့် ပုဒ်မများနှင့် အကြောင်း အရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အခန်း (၉)၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)၊ (ဃ) စသည့် ထိုဥပဒေပုဒ်မများသည် မည် သည့်နိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းရေးဆွဲထားသည်ကို မတွေ့ရကြောင်းနှင့် နိုင်ငံတကာစားသုံးသူကာကွယ်ရေးဥပဒေများတွင် မပါရှိသော ပုဒ်မများဖြစ်သောကြောင့် ရေးဆွဲရန် မလိုအပ်ကြောင်း၊
(ခ)    အခန်း (၁၀)၊ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဈ) သည် လုပ်ငန်းရှင်များက စားသုံးသူများ အပေါ် လုပ်လေ့လုပ်ထမရှိသဖြင့် ၎င်းပုဒ်မအား ထည့်သွင်းရေးဆွဲရန် မလိုအပ် သောကြောင့် လုံးဝဖြုတ်သင့်ကြောင်း၊
(ဂ)  မြန်မာနိုင်ငံတွင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားသည့် တိုင်ကြားမှုအရေ အတွက်ထက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ တိုင်ကြားသော တိုင်ကြားမှုများက ပိုမိုများပြားသည်ကို တွေ့ရှိရသောကြောင့် အခန်း (၂၃) ပါ ပုဒ်မများကို ဖြည့်စွက်သင့်ပါကြောင်း၊
(ဃ)    အခန်း(၂၄) ပါ တားမြစ်ချက်များမှ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ (ဃ) တို့ သည် စီးပွားရေးလုပ်ငန်းရှင်များအား အကာအကွယ်ပေးထားသော ပုဒ်မများဖြစ် ၍ ထိုဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲရန်မလိုအပ်သောကြောင့် ၎င်းပုဒ်မတို့ကို ဖြုတ်သင့်ပါကြောင်း၊
(င)    အခန်း(၂၅) ပြစ်မှုနှင့် ပြစ်ဒဏ်ပိုင်းတွင် ချမှတ်သောပြစ်ဒဏ်များမှ ထောင်ဒဏ်များ သည် ၂၀၁၄ ခုနှစ်ကပြဋ္ဌာန်းခဲ့သော ဥပဒေထက်သက်သာလျော့နည်းနေသည်ကို ထောက်ရှုကြောင်းနှင့် ယခုဥပဒေကြမ်းတွင် ငွေဒဏ်များအား တိုးထားသော်လည်း အဆိုပါဥပဒေကြမ်း၏ အခန်း(၂၅) ပါပြစ်မှုနှင့်  ပြစ်ဒဏ်များဆိုင်ရာပုဒ်မများကို အောက်ပါအတိုင်းပြင်ဆင်သင့်ပါသည်။ ၎င်းတို့မှာ-
(၁)    အခန်း(၂၅)၊ ပုဒ်မ ၇၄ ပါ ပြစ်ဒဏ်ပြဋ္ဌာန်းချက်သည် အခန်း (၂၄) ပုဒ်မ ၆၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် ချမှတ်သည့် ပြစ်ဒဏ်ဖြစ်၍ ပုဒ်မ ၆၆ မှာ လုပ်ငန်းရှင်ကိုအကာအကွယ်ပေးသောကြောင့် ဖြုတ်သိမ်းရ မည့်ဥပဒေပုဒ်မဖြစ်သောကြောင့် ၎င်းပုဒ်မအားဖြုတ်သိမ်းသင့်ကြောင်း၊
(၂)    အခန်း (၂၅) ပုဒ်မ ၇၆၊ ပုဒ်မခွဲ(ခ) မှာ ကျူးလွန်သောပြစ်မှုနှင့် ချမှတ်သော ပြစ်ဒဏ်မှာ လိုက်ဖက်မှုမရှိဘဲ ပြစ်ဒဏ်အားနည်းလွန်းသောကြောင့် အောက် ပါအတိုင်းပြင်ဆင်သင့်ပါသည်-
(ကက)    ပုဒ်မ ၇၆ ပုဒ်မခွဲ (က) မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၆၉ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့် အပြင် ကျပ်သိန်း (၁၀၀) ထက် မပိုသောငွေဒဏ်လည်း ချမှတ် နိုင်ပါသည်။
(ခခ)    ပုဒ်မခွဲ (ခ) အဆိုပါပြစ်မှုစီရင်ခြင်းခံရသူသည် ပုဒ်မ ၉၆ ပါ တား မြစ်ချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။
(ဂဂ)    ပုဒ်မ ၇၇၊ ပုဒ်မခွဲ (က) မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၇၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ကျပ်သိန်း (၁၅၀) ထက်မပိုသော ငွေဒဏ် လည်းချမှတ်နိုင်ပါသည်။
(ဃဃ)    ပုဒ်မ ၇၇၊ ပုဒ်မခွဲ(ခ) အဆိုပါ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူသည် ပုဒ်မ ၇၀ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ကျပ်သိန်း (၁၅၀၀) ထက်မပိုသော ငွေဒဏ် လည်းချမှတ်နိုင်ပါသည်။     
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစိုးရနှင့် အဖွဲ့အစည်းများ၏ ထင်မြင်ချက်များ
၁၇။    ဦးဆွေတင့်ကြူ (ညွှန်ကြားရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ “ ၂၀၁၄ ခုနှစ်၌ စားသုံးသူအကာအကွယ်ပေးရေးဥပဒေဟုပြဋ္ဌာန်းခဲ့ပြီး ယခုဥပဒေမူကြမ်းတွင် စားသုံးသူကာကွယ်ရေးဥပဒေဟု ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေး သက်သက်မဟုတ်ဘဲ စားသုံးသူကာကွယ်ရေးဆိုသောကြောင့် ပိုမိုကျယ်ပြန့်ကြောင်း၊ စားသုံးသူ ဘက်မှ တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ စားသုံး သူများ အခွင့်အရေးရရှိစေရန်နှင့် ရရှိသည့် အခွင့်အရေးများကို လုံခြုံစိတ်ချမှုရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲနိုင်စေရန် ဦးတည်ပြီး ပြစ်မှုပြစ်ဒဏ်များသည်လည်း ယခင်ပြဋ္ဌာန်းပြီး ဥပဒေ ထက် ပြစ်ဒဏ်ချမှတ်မှုများကြောင်း၊ ပြင်ဆင်ရေးဆွဲသည့် ဥပဒေကြမ်း၌ ဈေးကွက်စစ်ဆေးရေး အရာရှိအခန်းကဏ္ဍ၊ ထုတ်လုပ်သူ၊ တင်သွင်းသူနှင့် ဖြန့်ဖြူးရောင်းချသူများ၏ ထုတ်ကုန်အပေါ် ဝန်ဆောင်မှုနှင့် တာဝန်ရှိမှုအပိုင်းများအပါအဝင် သက်ဆိုင်ရာဘက်မှလည်း စားသုံးသူများ၏ တိုင်ကြားမှုများကို အမြန်ဆုံးဖြေရှင်းပေးနိုင်ရန်စသည့် အချက်များထည့်သွင်းထားကြောင်း ၊ ယခင်ဥပဒေတွင် ဌာနလုပ်ပိုင်ခွင့်မရှိကြောင်း၊ ဥပဒေအရ ဗဟိုကော်မတီနှင့် အငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့က အခွင့်အာဏာလုပ်ပိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားမှသာ အရေးယူနိုင်သည့် သဘောဖြစ်ပြီး ယခုဥပဒေကြမ်း၌ တိုင်ကြားသည်ဖြစ်စေ၊ မတိုင်ကြားသည်ဖြစ်စေ၊ သတင်းအချက်အလက်ခိုင် ခိုင်မာမာရရှိပါက ဌာနအနေဖြင့် လိုအပ်သလို စုံစမ်းစစ်ဆေး၍ ကာကွယ်ဆောင်ရွက်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားသုံးသူရေးရာ ဦးစီးဌာနများကို တိုက်ရိုက်ဖြေရှင်း ညှိနှိုင်းခွင့်ပေးထားပြီး ညှိနှိုင်းမှုအဆင်ပြေမှသာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့တင်ပြရန် စသည့် လုပ်ပိုင်ခွင့်များ ပြောင်းလဲရေးဆွဲထားကြောင်း၊ ထုတ်ကုန်နှင့်ပတ်သက်၍ လုံခြုံစိတ်ချမှု များရှိ၍ တာဝန်ယူမှုများကို ဖြည့်စွက်ထည့်ထားကြောင်း ” ပြောကြားခဲ့ပါသည်။
၁၈။    ဒေါ်လှလှဆွေ (ဒုတိယဥပဒေအရာရှိ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေရုံး) မှ “ယခင်ဥပဒေ အဟောင်းတွင် ယေဘုယျရေးသားထားပြီး ယခုဥပဒေကြမ်းတွင် အသေးစိတ်ရေးဆွဲထားကြောင်း၊ စားသုံးသူဘက်မှ တိုင်ကြားရှင်းလင်းတင်ပြခွင့်ကို ဥပဒေက အခွင့်အရေးပေးထားသော်လည်း စားသုံးသူက မတိုင်နိုင်သောအခါ မည်သို့ပြုလုပ်ရမည်ဆိုသည် သတင်းအချက်အလက်များကို လည်းပိုထည့်စေချင်ကြောင်း” ပြောကြားခဲ့ပါသည်။
၁၉။    ဦးဗအုပ်ခိုင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း) မှ “ ဥပဒေကြမ်းတွင် စားသုံးသူများအတွက် အမှန်တကယ်လိုအပ်တာတွေမပါဘဲ မလိုအပ်တာ များပါဝင်နေကြောင်း၊ အချို့သော အချက်များက စားသုံးသူများကို ကာကွယ်ပေးခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင် များကို ကာကွယ်ပေးသလိုဖြစ်နေကြောင်း၊ ဥပဒေမူကြမ်းရှိ အခန်း (၉)၊ ပုဒ်မ ၂၁ (ဃ) သည် လုပ်ငန်းရှင်ကို ကာကွယ်ရန် အဓိကထည့်သွင်းထားသည်ဟု ယူဆရပြီး တန်ပြန်အနေဖြင့် အခန်း (၁၀)၊ ပုဒ်မ ၂၂ (ဈ) သည်လည်း စားသုံးသူကို ကာကွယ်သယောင် ဖော်ပြထားခြင်းဖြစ်၍ ဖြုတ် သင့်ပြီး စားသုံးသူက တရားစွဲဆိုခွင့်မှာ လိုအပ်ချက်ရှိနေကြောင်း၊ အဆိုပါ အချက် (၂) ချက် စလုံးသည် လုပ်ငန်းရှင်ကို ကာကွယ်ချင်၍ ထည့်သွင်းထားသည်ဟု ယူဆရကြောင်း၊ ထို့ကြောင့် အဆိုပါအချက်အား ဖြုတ်သင့်ကြောင်း၊ အရေးကြီးဆုံးအချက်မှာ စားသုံးသူအနေဖြင့် နစ်နာမှု ရှိခဲ့ပါက ရောင်းချသည့် လုပ်ငန်းရှင်ကိုသာမက ထောက်ခံပေးထားသည့် အစိုးရအဖွဲ့ဖြစ်စေ၊ အစိုးရမဟုတ်သော အဖွဲ့ကိုဖြစ်စေ ပြန်လည်တရားစွဲနိုင်ခွင့်ရှိ ရမည်ဖြစ်ကြောင်း၊ ထိုအချက်မှာ ဥပဒေမူကြမ်းတွင်မပါရှိကြောင်း ထို့ကြောင့် လိုအပ်သော ပြင်ဆင်ချက်အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့မည်ဖြစ်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။
၂၀။    ဒေါ်သင်းသင်းအေး (မန္တလေးနှင့်ရှမ်းမြောက်တာဝန်ခံ၊ ဂိုင်ယာအဖွဲ့) မှ “ရှိထားတဲ့အပေါ် မှာ ပြန်ပြီးတော့ ပိုမိုပြည့်စုံတဲ့၊ ထိရောက်ကောင်းမွန်တဲ့ ဥပဒေဖြစ်လာဖို့အရေးဆိုတာ တောင်းဆို တာတွေလုပ်ရမယ်။ ဒီဥပဒေတွေကို စားသုံးသူတွေကိုယ်တိုင်လည်း သိသင့်တယ်။ ကျွန်မတို့ စားသုံးသူတွေမှာ အခွင့်အရေးဆိုတာရှိတယ်။ ဘာတွေရသင့်တယ်။ ဘာတွေကိုကိုယ်တိုင်ကာ ကွယ်နိုင်မလဲဆိုတာတွေကို ပြည်သူတွေအနေနဲ့ သိသင့်တယ်” ဟု ပြောကြားခဲ့ပါသည်။     
၂၁။    ဥပဒေကြမ်းရေးဆွဲရာတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ခဲ့သူ ဦးမောင်မောင် (မြန်မာစား သုံးသူများသမဂ္ဂအတွင်းရေးမှူး) မှ ယခုဥပဒေမူကြမ်းအား အများအပြားအားရကျေနပ်ပြီး ယခင်ဥပဒေထက်အများကြီး ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ဥပဒေကြမ်းအား အဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးသုံးသပ်၍ အကြံပြုစာများကို လွှတ်တော်သို့ပေးပို့မည်ဖြစ် ကြောင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မီဒီယာများ၊ ကျွမ်းကျင်ပညာရှင်များ၊ တတ်သိနားလည် သူများ၊ စားသုံးသည့် ပြည်သူများကိုယ်တိုင် မိမိမြင်သည့် ရှုထောင့်မှဝိုင်းဝန်းအကြံပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  
အိန္ဒိယနိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေအားနှိုင်းယှဉ်လေ့လာခြင်း
၂၂။    အိန္ဒိယနိုင်ငံ၌ စားသုံးသူများပြဿနာများသည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ပိုမို မြင့်မားလာခဲ့ပါသည်။ ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံ ၁၉၈၆ ခုနှစ်၊ စားသုံးသူများကာကွယ်ရေး ဥပဒေကို ကျင့်သုံးလျှက်ရှိပြီး အဆိုပါဥပဒေတွင် အခန်း (၄) ခန်းနှင့် ပုဒ်မပေါင်း ၃၁ ခု ပါရှိပါ သည်။ ယင်းဥပဒေသည် စားသုံးသူများဘက်မှ နစ်နာမှုများအား ပြန်လည်တိုင်ကြားနိုင်ရာတွင် အထောက်အကူပြုစေရန်အတွက်ဖြစ်ပြီး အဆိုပါဥပဒေ၏ အဓိက ရည်ရွယ်ချက်မှာ စားသုံးသူ များကို ပိုမိုကာကွယ်နိုင်ရန် အထောက်အကူဖြစ်စေခြင်း၊ ယင်းဥပဒေအရ စားသုံးသူများ ကောင်စီဖွဲ့စည်းရာတွင် အထောက်အကူဖြစ်စေခြင်းနှင့် စားသုံးသူများဘက်မှ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ၊ ၎င်းတို့နှင့် ဆက်စပ်နေသော ကိစ္စရပ်များကို ဖြေရှင်းပေးရသော အဖွဲ့အစည်းများကို အထောက်အကူဖြစ်စေရန်အတွက် ဖြစ်ပါသည်။  
၂၃။    အိန္ဒိယနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း (၂) ၊ ပုဒ်မ ၄ အရ စားသုံးသူများ ကာကွယ်ပေးရေးဗဟိုကောင်စီကို ဖွဲ့စည်းထားပြီး အဆိုပါ ကောင်စီတွင် စားသုံးသူရေးရာ ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ပါဝင် ပါသည်။ ပြစ်မှုပြစ်ဒဏ်ပိုင်းတွင် ယင်းဥပဒေ၏ အခန်း (၃)၊ ပုဒ်မ ၂၇ အရ အနည်းဆုံး ထောင်ဒဏ် တစ်လမှ အများဆုံး ၃ နှစ်အထိဖြစ်ပြီး ငွေဒဏ်အရ အနည်းဆုံး ရူပီးငွေ (၁) သောင်းမှ အများဆုံး (၅) သောင်းထိ ဖြစ်စေ ဒဏ်နှစ်ရပ်ကိုပါဖြစ်စေ ချမှတ်နိုင်မည် ဖြစ်ပါသည်။
၂၄။    ယခုအခါ အိန္ဒိယနိုင်ငံတွင် ဥပဒေကြမ်းအသစ်ကို  ကုလသမဂ္ဂလမ်းညွှန်ချက် (UN Guideline) (၈) ချက်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ပါသည်။ ယင်းဥပဒေကြမ်း တွင် အစားအသောက်များကို မသမာသောနည်းလမ်းဖြင့် ကြော်ငြာခြင်းတို့ကို တင်းကျပ်စွာ တားမြစ်ထိန်း ချုပ်ထားသော ပြဋ္ဌာန်းချက်များလည်းပါဝင်ပြီး စားသုံးသူများဘက်မှ တိုင်တန်း ချက်များကို လျှင်လျှင်မြန်မြန်ဖြင့် ဖြေရှင်းပေးမည့် ဗဟိုစားသုံးသူကာကွယ်ရေး အာဏာပိုင်အဖွဲ့ အစည်းလည်း ပါဝင်ပါသည်။  အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ဥပဒေကြမ်းအသစ် တွင် အခန်း (၈) ခန်းနှင့် ပုဒ်မပေါင်း ၁၀၇ ခုပါဝင်ပြီး ပြစ်မှုပြစ်ဒဏ်ပိုင်းတွင် အနည်းဆုံး ထောင်ဒဏ် ၆လမှ အမြင့်ဆုံး (၇) နှစ်အထိဖြစ်ပြီး ငွေဒဏ်ပိုင်းတွင် အနိမ့်ဆုံး ရူပီး ငွေ (၁) သိန်း
မှ အမြင့်ဆုံး ရူပီးငွေသိန်း (၅၀) ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်ပါသည်။  
၂၅။    ထို့ပြင် အိန္ဒိယနိုင်ငံတွင် ၁၉၈၆ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူ ကာကွယ်ရေးနှင့် အဓိကဆက်စပ်နေသော ဥပဒေတစ်ခုဖြစ်ပြီး စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆက်စပ်နေသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်-
(က)    ၁၉၃၇ ခုနှစ်၊ စိုက်ပျိုးရေးထုတ်ကုန်များအက်ဥပဒေ၊
(ခ)     ၁၉၅၅ ခုနှစ်၊ လူသုံးကုန်ပစ္စည်းများအက်ဥပဒေ၊
(ဂ)    ၁၉၈၀ ခုနှစ်၊ လူသုံးကုန်ပစ္စည်းများ မှောင်ခိုဈေးကွက်နှင့် ထောက်ပံ့ပေးမှုများ အား ထောက်ပံ့ခြင်းမှ ကာကွယ်သည့် အက်ဥပဒေ၊
(ဃ)    ၁၉၈၇ ခုနှစ်၊ စားသုံးသူကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများ၊
(င)    ၁၉၉၂ ခုနှစ်၊ စားသုံးသူဖူလုံရေးရန်ပုံငွေစည်းမျဉ်းစည်းကမ်းများ၊
(စ)    ၂၀၀၅ ခုနှစ်၊ စားသုံးသူကာကွယ်ရေးပြဋ္ဌာန်းချက်များ၊    
(ဆ)    ၂၀၀၉ ခုနှစ်၊ ကူးသန်းရောင်းဝယ်မှုတွင် အသုံးပြုသော ကုန်စည်များတိုင်းတာမှု အက်ဥပဒေ စသည်တို့ဖြစ်ပါသည်။
နိဂုံးချုပ်
၂၆။ ယခုပြဋ္ဌာန်းမည့် ဥပဒေသစ်တွင် သတင်းအချက်အလက်အပေါ်အခြေခံ၍ အရေးယူရန် အစားအသောက်လုံခြုံမှုအပိုင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုလုပ်ပိုင် ခွင့်ရရှိလာမည့် အခြေအနေများနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်လာမည့် အခြေအနေများ ကြောင့် ကြိုဆိုရမည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။ တက်ညီလက်ညီဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန်ကိုမူ အလေးထားရန်လိုအပ်ပါသည်။ ဥပဒေပြဋ္ဌာန်းပြီးနောက် နည်းဥပဒေကိုလည်း အမြန်ဆုံးဆောင်ရွက်လျှင် စားသုံးသူများအတွက် ကာကွယ်နိုင်မှုမှာ ပိုမိုကောင်းမွန်လာမည်ဖြစ် ပါကြောင်း ပြုစုတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၃.၅.၂၀၁၈