Skip to main content

ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝမ်နာဟိုယာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E. Mr. Julius Georg Luy နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဂျာမနီနိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် ဧည့်သည်တော်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက်ဧည့်သည်တော် ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ပြည်သူ့လွှတ်တော် အစည်း အဝေးကျင်းပနေမှုကို ကြည့်ရှု့လေ့လာကြသည်။