(ဂ)-ဂန့်ဂေါမြို့တွင် စံချိန်မီ လေယာဉ်ကွင်းတစ်ကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဦးအောင်မြင့် (ဂန့်ဂေါ)ဂန့်ဂေါမြို့တွင် ၁၉၅၀ ခုနှစ် ခန့်က အလျား ၄၅၀၀ပေ၊ အနံ ၂၅၀ ပေ ရှိ လေယာဉ်ကွင်း တစ်ကွင်းကို တည်ဆောက်ခဲ့ရာ ၁၉၅၁ ခုနှစ် မတ်လမှ စတင်ကာ ၁၉၈၂ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ခန့်ပြေးဆွဲခဲ့ပါကြောင်း၊ သို့ရာတွင် လေယာဉ်ပြေးဆွဲမှုများကို ၁၉၈၃ ခုနှစ်မှ စတင် ရပ်နားထားခဲ့ရာ ယနေ့အထိဆိုပါက နှစ်ပေါင်း ၃၀ ခန့်ရှိနေပြီဖြစ်ပါကြောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချလာကြရာ လိုရာခရီးကို မြန်မြန် ဆန်ဆန် သွားလိုသည့် ဆန္ဒများဖြင့် ဒေသအတွင်းတွင် လေယာဉ်ပြန်လည်ပြေး ဆွဲပေး စေလိုလျက် ရှိကြပါကြောင်း။ နိုင်ငံတော်မှ လေယာဉ်ပြေးဆွဲပေးပါက ဂန့်ဂေါမြို့နယ်မှ ခရီးသွား ပြည်သူများအတွက်သာမက ချင်းပြည်နယ် အလယ်ပိုင်းမှ ခရီးသွားပြည်သူများအတွက်ပါ အဆင်ပြေ အကျိုးရှိမည်ဖြစ် ပါကြောင်း၊ ဂန့်ဂေါမြို့တွင် ခေတ်နဲ့အညီ လေယာဉ်များ ဆင်းသက်နိုင်သော လေယာဉ်ကွင်း သစ်ဖောက်လုပ်‌ပေးမည် ဆိုပါကလည်း လုံလောက်သောအလျား၊ အနံဧရိယာရှိသော မြေနေရာလည်း မြို့နဲ့ အနီးပတ်ဝန်းကျင်တွင် အဆင်သင့်ရှိပြီးဖြစ်ပါကြောင်း သို့မဟုတ်ပါကလည်း လက်ရှိလေယာဉ်ကွင်း ဟောင်းအား ပြန်လည်ပြုပြင်၍ ဆင်းသက်နိုင်သော လေယာဉ် အမျိုးအစားများဖြင့် ပြန်လည်ပြေးဆွဲပေးရန် ဒေသရှိပြည်သူများမှ လိုလားလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးလိုသည့်မေးခွန်းမှာ-

(၁) ယခင်မူလ လေယာဉ်ကွင်းဟောင်းအား ပြန်လည်ပြုပြင်၍ လေယာဉ် ခရီးစဉ်များ ပြန်လည် ပြေးဆွဲပေး ရန် အစီ အစဉ် ရှိပါသလား။

(၂) အစီအစဉ်ရှိပါက ပြေးဆွဲပေးမည့်အချိန်ကာလနှင့် ပြေးဆွဲပေးမည့်အစီအစဉ်အားသိရှိလိုပါတယ်။

(၃) ခတ်နဲ့အညီ လေယာဉ်များ ဆင်းသက် ပြေးဆွဲနိုင်သော စံချိန်မီ လေယာဉ်ကွင်း အသစ်ကို ဂန့်ဂေါမြို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့် အချိန် ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန် ဂန့်ဂေါ လေယာဉ်ကွင်းသည် မကွေးတိုင်း ဂန့်ဂေါ မြို့နယ် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၀၉ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၇ မိနစ်၊ ပင်လယ် ရေမျက်နှာပြင်အမြင့် ၇၆၆ ပေတွင်တည်ရှိပြီး၊ လေယာဉ်ပြေးလမ်း အလျား ၃၅၅၀ ပေ၊ အကျယ် ၁၀၀ ပေနှင့် ပြေးလမ်း ဦးတည်ရပ် ၀၅၀ ဒီဂရီ/၂၃၀ ဒီဂရီ အနေအထားရှိပြီး ကြိတ်လှိမ့်ထားသော မြေသား ပြေးလမ်းဖြစ်ပါသည်။ ဂန့်ဂေါလေယာဉ်ကွင်းတွင် ယခင်က အလေးချိန် ၂၈၀၀၀ ပေါင် ခန့်ရှိသော ဒါကိုတာလေယာဉ်များ စတင်ဆင်းသက်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ တွင်အော်တာ လေယာဉ်များ ဆင်းသက်အသုံးပြုခဲ့ပါသည်။ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖော်ကာ အက်ဖ် -၂၇ လေယာဉ်နဲ့ ဆက်သက်မှု ပြုလုပ်ခဲ့ရာတွင် ပြေးလမ်းအရှည် ၃၅၅၀ ပေသာ ရှိသည့်အတွက် ပြေးလမ်းအလျားမှာ လုံလောက်မှု မရှိဘဲ ဖော်ကာ အက်ဖ် - ၂၇ လေယာဉ် ဆင်းသက်နိုင်ခြင်း မရှိသည့်အတွက် ဂန့်ဂေါလေယာဉ်ကွင်းကို လေယာဉ်ခရီးစဉ်ပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ရပါသည်။ ထို့နောက်တွင် လေယာဉ်ကွင်းကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မရှိတော့ဘဲ ပြေးလမ်းမှာ ချိုင့်ခွက်များဖြစ်ပေါ်ခြင်း၊ ခြံစည်းရိုး ခတ်ထားမှု မရှိခြင်းစသည့် ချို့ယွင်းချက် များဖြစ်ပေါ်နေပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မကွေးလေယာဉ်ကွင်း၊ ပခုက္ကူ လေယာဉ်ကွင်း၊ ကျောက် ထုလေယာဉ် ကွင်းများ တည်ဆောက်ထားရှိပြီး ဂန့်ဂေါမြို့နှင့် ထိစပ်နေသော ကလေးမြို့ ကလေး လေယာဉ် ကွင်း မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးတွင်တည်ရှိပြီး လေယာဉ်ခရီး စဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ဂန့်ဂေါ လေယာဉ်ကွင်းမှာ လက်ရှိ မြန်မာ့လေကြောင်းတွင် အသုံးပြုသည့် လေယာဉ်ငယ်များ ဆင်း/တက်မည် ဆိုပါက လက်ရှိလေယာဉ် ပြေးလမ်း ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်သို့ ရန်ပုံငွေတင်ပြတောင်းခံသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လေယာဉ် ဆင်းသက်မှုအတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေယာဉ်အဖွဲ့ချုပ်မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် အညီ ဖြည့်ဆည်း ဆောင်ရွက် ရမည် ဖြစ်သည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို အချိန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဂန့်ဂေါမြို့ ခရီးသွားလုပ်ငန်းကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် မဖြစ်မနေ လိုအပ်လာသည့်ချိန်တွင် ဂန့်ဂေါလေယာဉ်ကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်မှ မေးမြန်းထားသော မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် လက်ရှိအခြေအနေအရ လေယာဉ်ကွင်း တည်ဆောက်ပြုပြင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါသည်။