Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ စင်္ကာပူ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်

      စင်္ကာပူသမ္မတနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ Mr. Michael Palmer ၏ဖိတ်ကြားချက် အရ ချစ်ကြည်ရေး ခရီးထွက်ခွာလာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်

သြစတြေးလျနိုင်ငံ မှတစ်ဆင့် စင်္ကာပူသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာလာရာ စင်္ကာပူသမ္မတနိုင်ငံ ချန်ဂီလေဆိပ်သို့ ဒေသစံတော်ချိန် ည (၀၉၁၅)ချိန်တွင် ရောက်ရှိခဲ့သည်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား စင်္ကာပူသမ္မတနိုင်ငံ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Charles Chong နှင့် တာဝန်ရှိသူများ၊ စင်္ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင် နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
    စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ (၀၃၀၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Istana ရှိ စင်္ကာပူသမ္မတနိုင်ငံ သမ္မတရုံး ( West Drawing Room) ၌ စင်္ကာပူသမ္မတနိုင်ငံ ခေတ္တသမ္မတ Mr. JY PILLAY နှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် ညနေ (၀၄၀၀) ချိန်တွင် စင်္ကာပူသမ္မတနိုင်ငံ  Istana ရှိ (East Drawing Room) ၌ စင်္ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Lee HSIEN LOONG နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
  စက်တင်ဘာလ ၂၄ ရက်နေ့ (၁၂၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူ သမ္မတနိုင်ငံ လွှတ်တော် အဆောက်အဦ၌ စင်္ကာပူသမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mr. Michael Palmer နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်များအား စင်္ကာပူသမ္မတနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ မှ လွှတ်တော် အဆောက်အအုံ၌ နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
       ယင်းနောက် (၁၆၃၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် Istana ရှိ ( East Drawing Room ) ၌ စင်္ကာပူ သမ္မတနိုင်ငံ ဝါရင့်ဝန်ကြီး ( EMERITUS SENIOR MINISTER) Mr. GOH CHOK TONG နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    စက်တင်ဘာလ ၂၄ ရက်နေ့ (၁၀၃၀)ချိန်တွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူသမ္မတနိုင်ငံ အမျိုးသားစာကြည့်တိုက်သို့ သွားရောက်လေ့လာ ခဲ့ကြသည်။ ထို့နောက် (၁၄၀၀)ချိန်တွင် စင်္ကာပူသမ္မတနိုင်ငံ လွှတ်တော်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းနောက် (၁၆၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား စင်္ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဆိုင်ရာ ဒုတိယဝန်ကြီး Ms. GRACE FU က SHANGRI-LA Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
    စက်တင်ဘာလ ၂၅ ရက်နေ့ (၁၁၃၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား IE Singapore နှင့် Singapore Business Federation တို့မှ Chief Executive Officer Mr. Ho Meng  Kit ၊ Deputy Chief Executive Officer Mr. Chua Taik Him တို့ ဦးဆောင်သော စင်္ကာပူစီးပွားရေးလုပ်ငန်းရှင်များက International Hotel (Ball Room)၌ နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နေ့လညစာစားပွဲ၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှ အမှာစကားပြောကြားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ ယင်းနေ့ (၀၈၃၀)ချိန်တွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူသမ္မတနိုင်ငံ Land Transport Authority သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် Bishan Toa Payoh Group Representative Constituency (GRC)၌ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်သို့ သွားရောက်လေ့လာခဲ့ကြသည်။
    စက်တင်ဘာလ ၂၆ ရက်နေ့ (၀၉၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူသမ္မတနိုင်ငံ NE Water Visitors Center သို့သွားရောက်၍ ရေဆိုး သန့်စင်စက်ရုံတွင် ရေဆိုးမှ ရေသန့်သို့ ပြောင်းလဲထုတ်လုပ်ပုံအဆင့်ဆင့်အား သွားရောက် ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ကြသည်။
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား The Strait Times ၊ Channel News Asia နှင့် BBC သတင်းဌာနတို့မှ တည်းခိုရာ Regent Hotel သို့ လာရောက် တွေ့ဆုံ၍ သိလိုသည်များကိုမေးမြန်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မေးမြန်းချက်များ အပေါ် ပြန်လည်ရှင်းလင်ွးဖေကြားခဲ့ပါသည်။
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းများတွင် တိုးမြှင့် ဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ လူမှုစီးပွားရေးကဏ္ဍတွင် အဓိက အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ခဲ့ကြောင်း၊ စင်္ကာပူသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံအားပေးပါကြောင်း၊  မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် စိတ်ဝင်စားမှုရှိပါကြောင်း၊ မြန်မာနိုင်ငံ မှ လုပ်ကိုင်ရန်ခွင့်ပြုသော စီးပွားရေးနယ်ပယ်အသီးသီးကိုလည်း စိတ်ဝင်စားပါကြောင်း ပြောကြားခဲ့ကြသည်။ ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ခရီးစဉ်တွင် ပါဝင်ခဲ့ကြသော ကော်မတီဥက္ကဋ္ဌများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူ သမ္မတနိုင်ငံ ခရီးစဉ်အတွင်း စင်္ကာပူသမ္မတနိုင်ငံ ခေတ္တသမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်နယ်မြေများမှ ကိုယ်စားလှယ်နှင့်ပြည်သူများ၊ စက်ရုံနှင့် စီးပွားရေးလုပ်ငန်းဌာနများသို့လည်း သွားရောက်တွေ့ဆုံလေ့လာနိုင်ခဲ့၍ အောင်မြင်သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။