Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ သြစတြေးလျနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်

သြစတြေးလျနိုင်ငံ Australian House of Representative ဥက္ကဋ္ဌ Mr. Peter Neil Slipper နှင့် Australian Senate ဥက္ကဋ္ဌ Mr. John Hoff တို့၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီး ထွက်ခွာလာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင် သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ (၀၄၄၅) ချိန်တွင် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာလာရာ စင်္ကာပူသမ္မတနိုင်ငံ၊ ချန်ဂီ လေဆိပ်သို့ ဒေသစံတော်ချိန် ည (၀၉၂၅) ချိန်တွင် ရောက်ရှိခဲ့ပါသည်။ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား စင်္ကာပူသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဦးလွင် နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဒေသစံတော်ချိန် ည (၁၁၄၅) ချိန်တွင် ဆက်လက် ထွက်ခွာခဲ့ရာ သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီလေဆိပ်သို့ စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် (၁၀၂၀) ချိန်တွင် ရောက်ရှိခဲ့သည်။ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား သြစတြေးလျနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန်၊ သြစတြေးလျ လွှတ်တော် International and Community Relations Office မှ ဒါရိုက်တာ Mr. Andres Lomp နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နေ့ (၁၈၃၀)ချိန်တွင် ကင်ဘာရာမြို့ လွှတ်တော်အဆောက်အအုံ၌ သြစတြေးလျနိုင်ငံ Australian House of Representative ဥက္ကဋ္ဌ Mr. Peter Neil Slipper နှင့် Australian Senate ဥက္ကဋ္ဌ Mr. John Hoff တို့ ဦးဆောင်သောအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းခေါင်းဆောင်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား သြစတြေးလျ နိုင်ငံ လွှတ်တော်အဆောက်အဦ ညစာခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

          စက်တင်ဘာလ ၂၁ ရက်နေ့ (၁၈၀၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင် သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့၌ Australian House of Representative ဥက္ကဋ္ဌ Mr. Peter Neil Slipper နှင့် ဇနီးတို့က Sydney Harbour dinner cruise ပေါ်တွင် ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

          စက်တင်ဘာလ ၁၇ ရက်နေ့ (၁၂၀၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင် သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် New South Wales ပြည်နယ်အုပ်ချုပ်ရေးမှူး Professor Marie Bashir Ac CVO နှင့် Government House ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

          စက်တင်ဘာလ ၁၇ ရက်နေ့ (၁၈၀၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား New South Wales ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ Mr.Shelley Hancock MP နှင့် ဥပဒေပြုကောင်စီဥက္ကဋ္ဌ Mr. Don   Harwin mlc တို့က လွှတ်တော်ရေးရာ ကိစ္စများရှင်းလင်း ဆွေးနွေးပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

          စက်တင်ဘာလ ၁၈ ရက်နေ့ (၁၃၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင် သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကင်ဘာရာမြို့ရှိ သြစတြေးလျနိုင်ငံ ပါလီမန်အဆောက်အအုံ၌ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Senator Bob Carr နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းနောက် Australian Public Service Commission မှ Merit Protection Officer နှင့် Deputy Commissioner Ms. Annyn Godwin နှင့် တွေ့ဆုံဆွေးနွေးပြီး နေ့လည်စာသုံးဆောင်ခဲ့သည်။

          စက်တင်ဘာလ ၁၉ ရက်နေ့ (၀၉၀၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျ နိုင်ငံ(Shadow Minister for Foreign Affairs and Trade and Deputy Leader of the Opposition) Ms Julie Bishop MP နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းနောက် (၁၀၃၀)ချိန်တွင် သြစတြေးလျလွှတ်တော် နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ Mr. Michael Danby MP နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          စက်တင်ဘာလ ၁၉ ရက်နေ့ (၁၁၃၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျ နိုင်ငံ Chief of Government Whip Mr. Joel Fitzgibbon MP နှင့် Chief of Opposition Whip Mr. Warren Entsch MP တို့နှင့် လွှတ်တော်ရေးရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် (၁၂၃၀)ချိန်တွင် သြစတြေးလျ - မြန်မာလွှတ်တော်ရေးရာ အဖွဲ့မှ Ms. Janelle Saffin MP ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်များနှင့် နေ့လည် စာသုံးဆောင်ရင်း တွေ့ဆုံခဲ့သည်။

          စက်တင်ဘာလ ၁၉ ရက်နေ့ (၁၃၃၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Kavin Rod နှင့်တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် (၁၄၀၀)ချိန်တွင် သြစတြေးလျ လွှတ်တော် Senate Chamber နှင့် သြစတြေးလျလွှတ်တော် House of Representatives Chamber တို့တွင် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်းနှင့် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများမှ ဖြေကြားမှုများကို လေ့လာခဲ့ကြသည်။ ယင်းနောက် သြစတြေးလျ လွှတ်တော် Acting Secretary Mr. Russell Grove PSM နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် သြစတြေးလျလွှတ်တော်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြသည်။

          စက်တင်ဘာလ ၁၉ ရက်နေ့ (၁၇၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံ အလုပ်အကိုင်၊ လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာဝန်ကြီး Mr. Bill Shorten MP နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          စက်တင်ဘာလ ၂၀ ရက်နေ့ (၀၈၀၀)ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်များသည် သြစတြေးလျလွှတ်တော် ထမင်းစားဆောင်၌ Mr. Harvey Jekins ခေါင်းဆောင်သော ကော်မတီ ဥက္ကဋ္ဌများနှင့် နံနက်စာသုံးဆောင်ရင်း တွေ့ဆုံခဲ့ကြသည်။ ထို့နောက် (၀၉၃၀) ချိန်တွင် (Parliamentary Secretary for Foreign Affairs) Mr. Richard Marles MP နှင့် Aus AID မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် (၁၀၃၀)ချိန်တွင် Australian Centre for International Agricultural Research မှ Chief Executive Officer Dr. Nick Austin နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ စက်တင်ဘာလ ၂၀ ရက်နေ့ (၁၂၀၀) ချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား သြစတြေးလျနိုင်ငံ Office of the Nationals Assessments မှ Director General Mr. Alan Gyngell မှ နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          စက်တင်ဘာလ ၂၁ ရက်နေ့ (၀၉၃၀) ချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင် သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဆစ်ဒနီ တက္ကသိုလ်သို့ ရောက်ရှိလေ့လာခဲ့ရာ ပါမောက္ခ Anton Mc Lachlan ၊ Dr. Michael Spence တို့ဦးဆောင်သော ပါမောက္ခများမှ တက္ကသိုလ် ဘာသာရပ်များ၊ တက္ကသိုလ်နှင့် ပတ်သက်သည့်အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

          စက်တင်ဘာလ ၂၁ ရက်နေ့ (၁၄၀၀)ချိန်တွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် CSIRO, Riverside Life Sciences Center ကိုသွားရောက်လေ့လာခဲ့ရာ CSIRO မှ General Manager Dr. Shanny Dyer နှင့် အရှေ့အာရှ အကြံပေးအရာရှိ Mr. James Hudson တို့မှ သုတေသန လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြသခဲ့ကြသည်။

          စက်တင်ဘာလ ၂၂ ရက်နေ့ (၁၂၀၀)ချိန်တွင် Asia Link မှ Chief Executive Officer Ms. Jenny Mc Gregor နှင့် Ashurst မှ Mr. Justin Shmith တို့က တွေ့ဆုံ ဆွေးနွေးပြီး နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ (၁၅၀၀)ချိန်တွင်  Northern Metropolitan Institute of TAFE ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသို့ သွားရောက် လေ့လာခဲ့ရာ ဌာနအကြီးအကဲ Mr. Phil Tripp က လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ‌ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ (၁၆၄၅) ချိန်တွင် Sydney Opera House သို့သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများတွင် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ လူမှုစီးပွားရေး ကဏ္ဍတွင် အဓိက အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ် ခဲ့ကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် စိတ်ဝင်စားမှု ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ လုပ်ကိုင်ရန် ခွင့်ပြုသော စီးပွားရေးနယ်ပယ်အသီးသီးကိုလည်း စိတ်ဝင်စား ပါကြောင်း ပြောကြားခဲ့ ကြသည်။ ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲများတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ခရီးစဉ်တွင် ပါဝင်ခဲ့ကြသော ကော်မတီဥက္ကဋ္ဌများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြသည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ လွှတ်တော်များမှ လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတိုက်အခံခေါင်းဆောင်များ၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

          ၎င်းအပြင် တက္ကသိုလ်နှင့် သုတေသနဌာနများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဌာနနှင့် နေရာများ သို့လည်း သွားရောက်လေ့လာ၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြသည့်အပြင် လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့သဖြင့် အောင်မြင်သော ချစ်ကြည်ရေး ခရီးစဉ် တစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့ (၁၅၄၅)ချိန်တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှ စင်္ကာပူသမ္မတ နိုင်ငံသို့ ထွက်ခွာခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား သြစတြေးလျနိုင်ငံ International and Community Relations Office မှ Mr. Geoff Barnett နှင့်အဖွဲ့ဝင်များ၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန် တို့မှ မဲလ်ဘုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။