Skip to main content

နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဌမှ သဝဏ်လွှာပေးပို့

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ

သို့

            နိုင်ငံတော်သမ္မတ

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။    သဝဏ်လွှာပေးပို့ခြင်း

၁။            နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းနှင့် ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၅) ပါ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းကိစ္စတို့အတွက် စွပ်စွဲပြစ်တင်ရန်အဆိုကို အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါသည်။

 ၂။            စွပ်စွဲပြစ်တင်ရန် သင့် မသင့်ကိစ္စကို ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးစေခဲ့ရာ ယင်း၏အစီရင်ခံစာနှင့် ထောက်ခံတင်ပြချက်ကို ၆ - ၉ - ၂၀၁၂ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

 ၃။           စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦးအနက် သုံးပုံနှစ်ပုံထက်ကျော်သည့် ကိုယ်စားလှယ် ၃၀၆ ဦးက ထောက်ခံအတည်ပြုခဲ့သဖြင့် ပြည်သူ့လွှတ်တော်က ‌အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်-

              “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသောဒေါက်တာတင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးစိုးသိန်း၊ ဦးထွန်းကြည်၊ ဦးခင်ထွန်း၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ၊ ဦးဆန်းမြင့် တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၂) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)ပုဒ်မခွဲငယ်(၅)ပါ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့ကြောင့် ၎င်းတို့အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်နှစ်ရပ်က စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်သည့်အတွက်အထက်ဖော်ပြပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးတို့အား လက်ရှိထမ်းဆောင် နေသော ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်စေရန် မသင့်ကြောင်းဆုံးဖြတ်လိုက်သည်။”

 ၄။       သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့သော အထက်ဖော်ပြ ပါဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) အရ ဆက်လက် ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာပေးပို့အပ်ပါသည်။

ဟု၍ ပါရှိပါသည်။