Skip to main content

ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA သို့ တိုက်တွန်းချက်

                                                          

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                ပြည်သူ့လွှတ်တော်

 

                     နေပြည်တော်

                                                                                                             ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်


ပြည်သူ့လွှတ်တော်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနှင့် KIO/KIA သို့တိုက်တွန်းချက်
၁။    ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခအခြေအနေ များကြောင့် နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ်ခံစားနေကြရသော ပြည်နယ်သူ ပြည်နယ်သား များအတွက် လည်းကောင်း၊ နှစ်ဖက်ထိခိုက် ဆုံးရှုံးရမှုများ အတွက်လည်းကောင်း အချိန်နှင့် အမျှ စိတ်မချမ်းမြေ့ဖွယ်ရာကိစ္စရပ်များအဖြစ် တွေ့မြင်ခံစားနေရ ပါသည်။
၂။    မြန်မာနိုင်ငံသည် ပြည်သူ့ဆန္ဒကို အလေးထားသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ချီတက်နေပြီဖြစ်ပါသည်။ ယနေ့ကာလသည် မိမိတို့လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုရမည့် ကာလမဟုတ်သကဲ့သို့ လက်နက်ကိုင် ပယ်ချရမည့် ကာလလည်းမဟုတ်တော့ပါ။ ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းရေးဆိုသော လုပ်ငန်းစဉ်မပါရှိဘဲ မည်သည့်နည်းနှင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ လက်ရှိပကတိ အခြေအနေတွင် ဒေသတွင်း စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ များနှင့် KIO/KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ နှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ခက်ခဲမှုများရှိနေကြကြောင်း သိရှိရပါ သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှု အလှမ်းကွာဝေးသည်ထက် ကွာဝေးပြီး နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးပြင်ဆင် တည်ဆောက်မှုများကြားတွင် ပြည်နယ်သူ ပြည်နယ်သားများမှာ စိုးရိမ်ထိတ်လန့်မှုကြီးစွာနှင့် များပြားသောဒုက္ခများကို ခံစားပြီး ရပ်တည်နေကြရပါသည်။
၃။    သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခပြဿနာများကို နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှု ရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်လည်းကောင်း၊ ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြသည့် နှစ်ဖက်ဆွေးနွေးမှု များဖြင့် နားလည်မှုများတည်ဆောက်၍ ယုံကြည်မှုများကိုဖော်ဆောင်ကာ စစ်ရေးအရှိန် တင်းမာနေမှုများအား လျှော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက် ပေးကြပါရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA သို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းအပ်ပါသည်။