Skip to main content

အရေးကြီးအဆိုတစ်ရပ် တင်သွင်းခြင်း

ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ် ဦးသိန်းဇော်မှ အရေးကြီး အဆိုတစ်ရပ်တင်သွင်းခြင်း

ဥက္ကဋ္ဌ။  ။အရေးကြီးအဆိုတစ်ရပ်တင်သွင်းရန် ဖြစ်ပါတယ်။

အဆိုမှာ ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ပြသနာများကို နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံးညှိနှိုင်း ရှင်းလင်းကြရန်အတွက် ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic နည်းလမ်းသုံးဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိသော ထုတ်ပြန်ချက်များဖြင့် ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြပြီး နှစ်ဖက်ဆွေးနွေးမှုများဖြင့် နားလည်မှု တည်ဆောက်ပြီး ဆက်လက်ပြီး ယုံကြည်မှုများကိုဖော်ဆောင်ကာ စစ်ရေးအရှိန်တင်းမာနေမှုများကို လျှော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာများသို့ တိုက်တွန်းကြောင်း အဆို ဖြစ်ပါတယ်။

ဥက္ကဋ္ဌ။  ။ဒီအဆိုကို တင်သွင်းဖို့ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော်ကို ဖိတ်ခေါ်ပါတယ်။

ဦးသိန်းဇော် (မြစ်ကြီးနား၊ မဲဆန္ဒနယ်)။    ။ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ရဲ့ အဆိုကို အရေးကြီးအဆိုအဖြစ် လက်ခံတင်သွင်းခွင့်ပေးတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကို အထူးပဲ ကျေးဇူးတင်ပါ ကြောင်း၊ ပြောကြားလိုပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခအခြေအနေများကြောင့် နေ့စဉ်နဲ့ အမျှ စစ်ဘေးဒဏ်ခံစားနေကြရတဲ့ ကချင်ပြည်နယ်သူ ပြည်နယ်သားများရဲ့ ဘဝများ အချိန်နဲ့ အမျှ ဆုံးရှုးံနစ်နာမှုများကို ခံစားနေရတဲ့ ပြည်နယ်နှင့် နိုင်ငံတော်၊ တိုက်ပွဲများကြောင့် နှစ်ဖက် ဆုံးရှုံးထိခိုင်မှုများအတွက် အချိန်နဲ့ အမျှ စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စရပ်များ တွေ့မြင်ခံစားနေရပါတယ်။ ကျွန်တော့်အနေနဲ့  ကချင်ပြည်နယ်သားတစ်ဦးလည်းဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ ထို့အတူ နိုင်ငံတော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှာလည်း ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကို တင်းမာမှုအရှိန်အဟုန်များကို လျှော့ချပြီး အေးချမ်းသာယာမှု ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်တစ်ရပ်ကို ဥက္ကဋ္ဌ ကြီးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာများသို့ တိုက်တွန်းပေးပါရန်ဆိုတဲ့ အဆိုတစ်ရပ်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီးတော့ ဒီမိုကရေစီနိုင်ငံတော်ကို ဖော်ဆောင်ချီတက်နေပြီဖြစ်ပါတယ်။ ဒီနေ့လို အချိန်ကာလမျိုးမှာ မိမိတို့ရဲ့ လိုလားချက်များကို လက်နက်ကိုင်ပြီးတော့ တောင်းဆိုစရာ အချိန်ကာလ မဟုတ်ပါဘူး။ သို့အတူပဲ တောင်းဆိုချက်များကို လက်နက်ကိုင်ထားပြီးတော့ ပယ်ချရမယ့် အချိန်ကာလလည်း မဟုတ်ပါဘူး။ ဒီနေ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီးတော့ ပွင့်လင်းစွာဆွေးနွေး ညှိနှိုင်းကြရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဒါကြောင့် စစ်ပွဲများနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ သို့အတူပဲ ဒီနေ့ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများကိုလည်း တွေ့ဆုံညှိနှိုင်းရေးဆိုသော လမ်းစဉ် မပါရှိပဲနဲ့ မည်သည့်နည်းနဲ့မှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ပကတိအခြေနေမှာ ဒေသအတွင်း စစ်ရေးတင်းမာမှုအခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့များနှင့် KI0/KIA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားများဟာ နှစ်ဖက်မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ခက်ခဲမှုများရှိနေကြောင်း သိရှိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုများ အလှမ်းကွာဝေးတာနဲ့အမျှ တည်ငြိမ်အေးချမ်းမှုဟာလည်းပဲ အလှမ်းကွာဝေးနေမှာပဲဖြစ်ပါတယ်။ ဒါရဲ့ အကျိုးဆက်အဖြစ် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ စစ်ရေးပြင်ဆင်မှုများကြောင့် ကချင်ပြည်နယ်သူ ပြည်နယ်သားများဟာ စိုးရိမ်ထိတ်လန့်မှုကြီးစွာနဲ့ များပြားသော ဒုက္ခများကို ဆက်လက်ပြီး ခံစားနေကြရပါတယ်။ ဒီနေ့ ကချင်ပြည်နယ်သူပြည်နယ်သားများရဲ့ ယနေ့ဖြစ်ပေါ်နေသော ဘဝများကို  ဆန္ဒများပေးအပ်ကြတဲ့ တိုင်းရင်းသားနိုင်ငံသား၊ ညီအစ်ကိုများ အားလုံးဟာလည်း လွန်စွာကျေးဇူးတင်ထိုက် ပါတယ်။ ထို့အတူပဲ ပြည်ပအဖွဲ့အစည်းအသီးသီးကိုလည်း လွန်စွာကျေးဇူးတင်ထိုက်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ ဒီနေ့ခေတ်ကာလဟာ တာဝန်ရှိသူကိုယ်စားလှယ်ချင်း မျက်နှာခြင်းဆိုင် တွေ့ဆုံကြမှသာ ဆွေးနွေးညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်နည်းပညာများအရ Video Conferencing များ၊ E-mail များ အပြန်အလှန်ပေးပို့ခြင်းများ၊ ဒါမှမဟုတ်ရင်လည်း နှစ်ဖက်သဘောတူညီထားတဲ့ Electronic ဆက်သွယ်ရေး နည်းစနစ်များနှင့် မိမိတို့၏ မူဝါဒများ သဘောထားများ လိုလားချက်များကို နှစ်ဦးနှစ်ဖက်သတ်မှတ်ထားသော  ကိုယ်စားလှယ်များကနေ၍ ပြည်သူများ ထင်သာမြင်သာရှိအောင် ထုတ်ပြန်တင်ပြ အသိပေးခြင်းများဖြင့် ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်နေနဲ့ ဒီမှာတင်သွင်း လိုသော အဆိုတစ်ရပ်ဟာ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခပြသနာများကို နှစ်ဖက်တာဝန်ရှိသူ များ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ခက်ခဲမှုမရှိ ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိသော ဆုံးဖြတ်ချက်များဖြင့် ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြသည့် ဆွေးနွေးများဖြင့် နားလည်မှုတည်ဆောက်ပြီး ဆက်လက်၍ ယုံကြည်မှုကို ဖော်ဆောင်ကာ စစ်ရေးအရှိန် တင်းမာမှုများကို လျှော့ချ၍ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်ပေးကြပါရန် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်က သတ်ဆိုင်ရာများသို့ တိုက်တွန်းပေးပါရန် ဟူသော အဆိုကို လေးစားစွာဖြင့် တင်သွင်းအပ်ပါတယ်ခင်ဗျာ။