Skip to main content

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကား ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များ အားလုံး နှစ်သစ်မှာမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး အများပြည်သူ အကျိုး၊ တိုင်းပြည်အကျိုး ပိုမို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေ။ ငြိမ်းချမ်းပြီး သာယာချမ်းမြေ့သော နိုင်ငံအဖြစ် ပြည် သူများနဲ့အတူ လက်တွဲညီညီ ဆောင်ရွက်နိုင်ကြပါစေ။

ပြည်သူ့ကိုယ်စားလှယ်များလွှတ်တော်ကိုယ်စားလှယ်များပီပီ နိုင်ငံတကာ စံချိန်စံညွှန်းမီသော  ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းစေသော ဥပဒေများ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင်‌့ရှောက် နိုင်သော ဥပဒေများကို မှန်ကန်စွာဖြင့် များများနှင့် မြန်မြန်ပြဋ္ဌာန်းပေးနိုင်ကြပါစေ။ တည်ဆဲဥပဒေများကို ပြည်သူများ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး အဖွဲ့အစည်းများ၊ ဝန်ထမ်းများနှင့် သတင်းမီဒီယာအားလုံးက စောင့်ထိန်းလိုက်နာကြရင်း အချင်းချင်း အပြန်အလှန်ထိန်းကျောင်းပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။

နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးလူ့အခွင့်အရေး များကို  တရားနည်းလမ်းကျစွာဖြင့် ဖော်ဆောင်ခြင်း ပြုနိုင်ကြပြီး ဥပဒေစိုးမိုးခြင်း၊ တည်ငြိမ်အေးချမ်းခြင်း တို့နှင့်အတူ ငြိမ်းချမ်းရေးအလျင်အမြန် ဖော်ဆောင်နိုင်ကြ ပါစေ လို့ ဦးစွာ ဆန္ဒပြုရင်း နှုတ်ခွန်း ဆက်အပ်ပါတယ်။

ပြည်သူတွေနှင့် ၎င်းတို့နေထိုင်ရာဒေသမှာ အမှန် တကယ် လိုအပ်နေတဲ့ကိစ္စတွေ၊ တွေ့ကြုံနေတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ကူညီဆောင်ရွက်ပေးဖို့ဟာ ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေမှာ တာဝန်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ မေးမြန်းပြောဆိုဆွေးနွေးမျုများဖြင့် လည်းကောင်း၊ အဆိုပြုတိုက်တွန်းမှုများဖြင့် လည်းကောင်း၊ ဥပဒေပြုမှုတွေဖြင့်လည်းကောင်း လွှတ်တော်အတွင်းမှာ ဆောင်ရွက်ကြရပြီး လွှတ်‌တောတ်ပြင်မှာတော့ ပြည်သူတွေထံသွားပြီး ပြည်သူ့အသံ ပြည်သူ့ဆန္ဒများ ကြားအောင် နားထောင် မြင်အောင်ကြည့်ပြီး မှန်ကန်စွာ သုံးသပ်၍ အုပ်ချုပ်ရေးမှာ တာဝန်ရှိသူတွေနှင့် သက်ဆိုင် တဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေပါ တရားနည်းလမ်းတကျ မျှမျှတတ အသိပေးဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ အပ်နှင့်ထွင်းရမည့် ကိစ္စလေး ကို ပေါက်ဆိန်ဖြင့် ပေါက်စရာမလိုဘဲ အချိန်မီဆောင်ရွက်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါမှသာ ပြည်သူ့ဆန္ဒ ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုးစီးပွားအတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ကြဖို့ စေတနာ၊ သဒ္ဒါ ထက်သန်စွာဖြင့် ဆောင်ရွက်ပေး ကြမှာဖြစ်ပါတယ်။ ဆောင်ရွက်ကြလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။    ဆောင်ရွက်တဲ့ အခါမှာလည်း စေတနာမှန်သလို လုပ်နည်းလုပ်ဟန် မှန်ကြဖို့ လိုပါတယ်။

ယခုကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးဟာ ပြည်သူများနှင့် နိုင်ငံတော်အတွက် အရေးကြီး သော စီမံကိန်း၊ ဘတ်ဂျက်(ရသုံးမှန်းခြေ)နှင့် အခွန်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုပေးရမှာ ဖြစ်သလို အရေးတကြီးမဖြစ်မနေ ပြဋ္ဌာန်းပေးရမယ့် ဥပဒေများလည်း များစွာရှိနေပါတယ်။ ဒါကြောင့် အချိန်ပေးရပါမယ်။ အလုပ်တွေလည်း များများလုပ် စရာတွေရှိပါတယ်။ ဒါကြောင့် မိမိတို့၏ စေတနာပါသော လုပ်အားများကို တန်ဖိုးရှိရှိ အသုံးချနိုင်ရေးအတွက် အချိန်ကို လေးစားလိုက်နာပြီး တန်ဖိုးရှိရှိ အသုံးပြုသွားကြရမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်ဆန္ဒပြု လိုတာကတော့ နိုင်ငံသားများ ကြိုးပမ်း အားထုတ်လျက်ရှိသော အပြောင်းအလဲဟာ နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက်ကောင်းခြင်း မင်္ဂလာပြည့်စုံစွာရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။