Skip to main content

၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအား ဒေါ်နန်းဝါနုမှ ဖတ်ကြားရှင်းလင်းခြင်း

ကျွန်မကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်ရှင့်။ ဥပဒေကြမ်းကော်မတီရဲ့ တာဝန်ပေးချက်အရ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့ဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ်(၅/၉၃) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

၁။       ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးမှ တင်သွင်းလာသော ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့ ဥပဒေအမှတ် (၅/၉၃) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၁ (ခ)အရ ဆောင်ရွက် နိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း‌ကော်မတီသို့ ပေးပို့လာပါသည်။

၂။       ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား (၂)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတွင်ဒေသဆိုင်ရာ လွှတ်တော်များမှ မိမိတို့၏ ဥပဒေပြုမှုအာဏာရပ်ကို လွတ်လပ်ပွင့်လင်းစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာများ ခွဲဝေ အပ်နှင်းထားသည့်မူ Decentralization ကို ဥပဒေအရအကျိုးသက်ရောက်စေရန် လိုအပ်ပါကြောင်း ကို ဒေါ်တင်နွယ်ဦးက တင်ပြထားပါသည်။

၃။       ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ ဇယား (၁) ပြည်ထောင်စုဥပဒေပြုစာရင်းတွင် စည်ပင် သာယာရေးနှင့် စပ်လျဉ်းပြီး ဥပဒေပြုနိုင်ရန် သတ်မှတ်ဖော်ပြထားခြင်းမရှိပါ။ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် (၅/၉၃) ဖြင့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းမှာ ယနေ့လက်ရှိကာလအနေအထားတွင်  အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရပါသည်။ အခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတွင် အပိုဒ် (စ) စီမံခန့်ခွဲရေးကဏ္ဍ အပိုဒ်ခွဲငယ် (က) တွင် စည်ပင်သာယာရေးဟု ပြဋ္ဌာန်းထားပါသည်။

၎။       ထို့ကြောင့် နိုင်ငံတော်အာဏာသုံးရပ်ကို ခွဲဝေအပ်နှင်းသည်ဟု အခြေခံဥပဒေပုဒ်မ ၁၁ (ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဥပဒေပြုစာရင်းတွင် ပါဝင်သည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃)ကို ခေတ်ကာလနှင့်မကိုက်ညီတော့သဖြင့် ဖျက်သိမ်းရန်လိုအပ်ပါကြောင်း၊ ဥပဒေကြမ်းကို ရေးဆွဲပြုစုတင်ပြထားသော ဒေါ်တင်နွယ်ဦးမှ အကျိုးအကြောင်း ရှင်းလင်းဖော်ပြ ထားပါသည်။

၅။       ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၃-၁၁-၂၀၁၂ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ပြီး ပြည်သူ့ လွှတ်တော်မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၆။       ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ၃၀-၁၁-၂၀၁၂ ရက်နေ့တွင် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၊ နေပြည်တော် စည်ပင်သာယာရေးကောင်စီနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် မည်သို့ဆောင်ရွက်ထားသည်ကို အကြောင်းပြန်ကြားပေးပါရန် ညှိနှိုင်းစာများ ပေးပို့ခဲ့ပါသည်။

၇။       ထိုသို့ပေးပို့ချက်အရ အောက်ဖော်ပြပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ အကြောင်းပြန်ကြားလာပါသည် -

(၁)     ၂၀-၁၂-၂၀၁၂ ရက်စွဲပါစာအရ ကချင်ပြည်နယ် လွှတ်တော်တွင် ဥပဒေမူကြမ်း အတည်ပြု နိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပါကြောင်း၊

(၂)     ၁၄-၁၂-၂၀၁၂ ရက်စွဲပါစာအရ ကယားပြည်နယ်လွှတ်တော်တွင် လွှတ်တော်မှ အတည်ပြု နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

(၃)     ၂၁-၁၂-၂၀၁၂ ရက်စွဲပါစာအရ ကရင်ပြည်နယ်လွှတ်တော်တွင် ကရင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့များ ဥပဒေအဖြစ်ထုတ်ပြန်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကို အတည်ပြုပြီးဖြစ်ကြောင်း၊

(၄)     ၁၈-၁၂-၂၀၁၂ ရက်စွဲပါစာအရ ချင်းပြည်နယ်လွှတ်တော်တွင် စည်ပင်သာယာရေး ဥပဒေ မူကြမ်း ရေးဆွဲရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

(၅)     ၁၈-၁၂-၂၀၁၂ ရက်စွဲပါစာအရ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်  စတုတ္ထပုံမှန်အစည်းအဝေး၌  အတည်ပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊

(၆)     ၂၀-၁၂-၂၀၁၂ ရက်စွဲပါစာအရ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ပြင်ဆင်သည့် ဥပဒေများအတည်ပြုပြီး ဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးဥပဒေများရေးဆွဲရေး အတည်ပြု ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

(၇)     ၁၁-၁၂-၂၀၁၂ ရက်စွဲပါစာအရ မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

(၈)     ၃၁-၁၁-၂၀၁၂ ရက်စွဲပါစာအရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရတွင် အတည်ပြုပြီး တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုရန်ကျန်ရှိနေကြောင်း၊

(၉)     ၂၀-၁၂-၂၀၁၂ ရက်စွဲပါစာအရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဥပဒေကြမ်းကို အစိုးရအဖွဲ့မှ အတည်ပြုပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပို့ထားကြောင်း၊

(၁၀)    ၁၀-၁၂-၂၀၁၂ ရက်စွဲပါစာအရ မွန်ပြည်နယ်လွှတ်တော်တွင် ပထမအကြိမ် ပြည်နယ် လွှတ်တော်  စတုတ္ထပုံမှန်အစည်းအဝေး၌  ၂၀၁၂ ခုနှစ် မွန်ပြည်နယ် လွှတ်တော်ဥပဒေ အမှတ် (၆) အဖြစ် အတည်ပြုပြဋ္ဌာန်းပြီးကြောင်း၊

(၁၁)    ၁၇-၁၂-၂၀၁၂ ရက်စွဲပါစာအရ ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဖြည့်စွက်အကြံပြုချက်များဖြင့် ရှမ်းပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း၊

(၁၂)    ၁၂-၁၂-၂၀၁၂ ရက်စွဲပါစာအရ နေပြည်တော်စည်ပင်တွင် ဥပဒေကို ပြင်ဆင်ရေးဆွဲပြီး ဖြည့်စွက်ရန် အချက်များဖြင့်  ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့တင်ပြထားကြောင်း၊

(၁၃)    ၂၈-၁၂-၂၀၁၂ ရက်စွဲပါစာအရ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသနှင့် ကိုက်ညီ သော သီးခြားစည်ပင်သာယာရေးဥပဒေအတည်ပြုနိုင်ရေး ရှမ်းပြည်နယ်အစိုးရသို့တင်ပြ ထားပြီးဖြစ် ကြောင်း၊

၈။       အထက်ဖော်ပြပါ အကြောင်းပြန်ကြားချက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် သက်ဆိုင်သည့် စည်ပင်သာယာရေးဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိနေ ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် မွန်ပြည်နယ်လွှတ်တော်များတွင်သာ အတည်ပြုပြဋ္ဌာန်းနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၉။       ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် စည်ပင်သာယာရေးဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးသည့်အချိန်မှသာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းအား  အတည်ပြုသင့်ပါကြောင်း လေ့လာစိစစ် တွေ့ရှိရပါသည်။

၁၀။     သို့ဖြစ်ပါ၍ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ အရ အတည်ပြုနိုင်ရန် အစီရင်ခံတင်ပြအပ်ပါသည်။