Skip to main content

ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

အစည်းအဝေးတတိယနေ့တွင် တင်ပြခဲ့သော ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း။


    ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်)။    ။ အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ ဆွေးနွေးမှာကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့က ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အမြဲတမ်းကော်မတီတွေဖြစ်တဲ့ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွေဟာ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမို ပီပြင်လာစေဖို့ စွမ်းရည်မြင့်မားလာစေဖို့ အခွင်‌့အရေးတွေမဆုံးရှုံးစေဖို့ အချိန်တိုတိုနဲ့ ထိထိရောက် ရောက်ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လွှတ်တော်ကို အဓိကအားဖြည့် ကျားကန်ပေးနေတဲ့ ဒေါင့်ကြီး ၄ ချောင်းလို့လည်းပြောလို့ရပါတယ်။ ဒီကော်မတီ တွေဟာ မိမိရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်အစည်းအဝေးတွေမှာ အခါမလပ် အစီရင်ခံစာ တင်ပြခြင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ဆွေးနွေးခွင့်ပေးခြင်းအားဖြင့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း မဆုံးရှုံးအောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ အမြဲတမ်းကော်မတီ ၄ ခုအပြင် နောက်ထပ် လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီ၊ ကော်မရှင် ၂၀ လောက်ပဲ ရှိပါသေးတယ်။ ဒီကော်မတီ၊ ကော်မရှင်တွေကလည်းပဲ ပြည်သူ့အသံ၊ လွှတ်တော်အသံလို့ ကြွေးကြော်ထားတဲ့ လွှတ်တော်ရဲ့တာဝန်များ ဟန်ချက်ညီညီဝိုင်းဝန်းကြိုးစား တည်ဆောက်နေကြပါတယ်။ ၂ နှစ်တာ လွှတ်တော်သက်တမ်း ရလာသည်နှင့်အမျှ ကော်မတီတွေဟာ အတွေ့အကြုံနှင့်အရည်အချင်းတွေ တဖြည်းဖြည်းပြည့်ဝလာတယ်လို့ မြင်တွေ့ရပါတယ်။ စနစ်တစ်ခု ကတစ်ခုအပြောင်းအလဲကာလမှာ အတွေ့အကြုံအားနည်းကြပေမယ့် ကိုယ့်တိုင်းပြည်ကိုချစ်တဲ့ စေတနာနဲ့ ကြိုးစားခဲ့ကြတာဖြစ်လို့ ဒီနေ့ ပြည်သူတွေရဲ့ တစ်ရပ်လုံးကလည်းပဲ လွှတ်တော်ကို တစ်နှစ် ထက်တစ်နှစ် အားကိုးလာနေကြပြီဖြစ်ပါတယ်။ အစိုးရနှင့်လွှတ်တော်ကြားမှာလည်း အပြန်အလှန် စောင့်ကြည့်ထိန်းညှိမှုတွေ ရုပ်လုံးပီပြင်ပေါ်လွင် လို့လာနေပါတယ်။ ကော်မတီ ၄ ခုစလုံးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ပြည်သူ့အကျိုးအတွက် အစိုးရကိုကောင်းမွန်သန့်ရှင်းတဲ့အစိုးရဖြစ်အောင် အားဖြည့်ကူညီပေးနေခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဟာ အစိုးရကို ပညာရှိသတိမြင်ရေးဖို့ အတွက် ထောက်ပြအသိ ပေးနေတာလည်းဖြစ်ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ ပြောင်းလဲကျင့်သုံးနေတဲ့စနစ်နှင့်အညီ ပြည်သူ့ ကိုယ်စားလှယ်တွေ ဟာ ပြည်သူ့အကျိုးကိုရည်မှန်းပြီးတော့ ပြည်သူ့ကိုယ်စား ဒေသန္တရ ဖွံ့ဖြိုးရေး နဲ့ အခက်အခဲပြဿနာတွေကို လွှတ်တော်မှာ မေးခွန်းမေးပြီးတောင်းဆိုဖြေရှင်းနေကြပါတယ်။ အစိုးရဟာ ပြည်သူတွေရဲ့ အခက်အခဲကို ပြည်သူ့ကိုယ်စားလှယ်တွေလောက် မှန်မှန်ကန်ကန်နဲ့ မြန်မြန် ဆန်ဆန်မသိနိုင်ကြပါဘူး။ အစိုးရအသိနောက်မကျရအောင် အလိမ်မခံရအောင် လွှတ်တော် ကိုယ်စားလှယ်တွေက မေးခွန်းတွေဖွဲ့ပြီး ကူညီပံ့ပိုးနေခြင်းသာဖြစ်ပါတယ်။ ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ကျောင်းတစ်ဆောင် ဆိုပါတော့ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့်လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက်လက်မှတ်ထိုးပြီး အပေါ်တင်ပြ ဝေစားမျှစား စားကြသောက်ကြ ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတားဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတား တိုင်ကြတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်းဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်။ နိုင်ငံတော်အစိုးရသိအောင်တင်ပြပေးတာလည်း ဖြစ်ပါတယ်။ ပြည်သူ့ကဏ္ဍ၊ ပြည်သူ့ ဘဏ္ဍာတွေအလဟသမဆုံးရှုံးရအောင် ပြည်သူတွေအသက်အန္တရာယ်မဖြစ်ရအောင် နိုင်ငံတစ်ခု လုံးရဲ့အကျိုးအတွက်ဖြစ်ပါတယ်။ အဆိုတွေတင်ပြီး ဆွေးနွေးပြီးတော့ ဥပဒေအသစ်တွေပြဋ္ဌာန်း ပြီးတော့ အဆုံးအဖြတ်ရယူပြီး အစိုးရကိုတာဝန်ရှိစေတာဖြစ်ပါတယ်။ ဒီလိုလည်း လွှတ်တော်မှာ မေးမြန်းကြတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးအတည်ပြုကြတဲ့ အဆိုတွေနဲ့ပတ်သက်ပြီး တော့ ရေရှည်ရေးဆွဲခဲ့ကြတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ အစိုးရဝန်ကြီးဌာနတွေမှာ ကတိတွေ၊ အာမခံချက်တွေ၊ တာဝန်ခံချက်တွေ ပေးခဲ့တဲ့ အတိုင်းအတာအတိုင်း လုပ်၊ မလုပ် စောင့်ကြည့်ဖို့ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှာ တာဝန်ရှိတာ ဒီလို စောင့်ကြည့်တဲ့နေရာမှာ ဒီကော်မတီအနေနဲ့ ဖော်ပြချက်တွေဟာ မှန်ကန်ရဲ့လား။ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်တယ်။ ပြီးပြတ်တယ်၊ မပြီးပြတ်ဘူးဆိုတာ ဘယ်လိုအချက်အလက်တွေ ရယူခဲ့သလဲဆို တာကို ဒါတွေဟာ စဉ်းစားစရာဖြစ်ပါတယ်။ အစီရင်ခံစာ စာမျက်နှာ ၁၀ မှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရယူခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေကို ကတိတည်၊မတည် ကျွန်တော်တို့က တရားခံစစ်သလိုစစ်လို့ မရဘူးဆိုတာ သိပါ တယ်။ ဒါဖြင့်ရင် ပေးထားတဲ့ကတိတွေ၊ အာမခံချက်တွေ လုပ်ဖြစ်၊မလုပ်ဖြစ်၊ ပြီးပြတ်၊ မပြီးပြတ်ဆိုတာ ကိုရော သေချာရဲ့လား။ ဥပမာပြောရရင် ဒုတိယအချိန်ပုံမှန်အစည်းအဝေးတုန်းက ကျွန်တော်တင်သွင်း မေးမြန်းခဲ့တဲ့ ကြယ်ပွင့်မပြ ကားထောင်ကြီး-တရာ-ကျေးတော-ပေါက်ထုတောင် ရွာချင်းဆက်လမ်းနှင့် ပတ်သက်ပြီးတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက စာဖြင့်သတိပေးခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ကားထောင်ကြီး-တရာ လမ်းပိုင်း ၃ မိုင် အတွက် ကျပ်ငွေ ၃၂.၈ သန်း ကျန်လမ်းပိုင်း ၈ မိုင်ကို နှစ်စဉ် အလိုက် စီမံချက်များရေးဆွဲပြီးတော့ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားခဲ့ ပေမယ့် ၂၀၁၂-၂၀၁၃ မှာ မလုပ်ပေးခဲ့ပါဘူး။ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်မှာလည်း ပါမလာပါဘူး။ ဒါမျိုး တွေကလည်း တခြားဒေသမှာလည်း ရှိနိုင်ပါတယ်။ အဖြစ်မှန်ကိုအသိဆုံးက လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်ပါတယ်။ ကတိဖြစ်ထားတဲ့လုပ်ငန်းတွေ အလုပ်ဖြစ်၊မဖြစ်၊ ပြီးပြတ်၊ မပြတ် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ခေါ်ပြီးဆွေးနွေး ဒါမှမဟုတ် နိုးဆော်စာတွေ ထုတ်ပြီးတော့ ပြန်ကြားခိုင်းရင် အဖြစ်မှန်တွေကို တိတိကျကျ ကြိုသိနိုင်ပါတယ်။ ဒါမှပဲ ပြည်ထောင်စု ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်း ရယူတဲ့အခါမှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကဖြင့် ဒီကိစ္စကို ဒီလိုပြောပါတယ်ဆိုပြီး ဆွေးနွေးနိုင်ရင် အကျိုးရလဒ်ကောင်းတွေ ရလာမှာဖြစ်ပါတယ်။ အစီရင်ခံစာလည်း ပိုမိုပြည့်စုံလာ မယ်လို့ယူဆပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မတီရဲ့လုပ်ဆောင်ချက်တွေကို အပိုင်း ၄ ပိုင်းခွဲပြီးတော့ တင်ပြ ထားရာမှာ အပိုင်း(၁)မှာ ပဉ္စမပုံမှန်အစည်းအဝေးရဲ့ ကြယ်ပွင့်ပြမေးခွန်း၊ အပိုင်း(၂)မှာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထပုံမှန်အစည်းအဝေးက မေးခွန်းတွေရဲ့ ကြယ်ပွင့်ပြမေးခွန်း၊ အပိုင်း(၃) မှာ တတိယနှင့် စတုတ္ထပုံမှန်အစည်းအဝေးတွေရဲ့ ကြယ်ပွင့်မပြမေးခွန်း အပိုင်း(၄)မှာ စတုတ္ထနှင့် ပဉ္စမပုံမှန် အစည်းအဝေးတွေရဲ့ ကြယ်ပွင့်ပြမေးခွန်း စသဖြင့် ကတိဖြစ်တဲ့မေးခွန်းတွေ လုပ်ငန်းပြီးပြတ်၊ မပြီးပြတ် ကိုစာရင်းဇယားနှင့် တိကျစွာဖော်ပြထားတာကို တွေ့ရလို့ ကျေနပ်အားရမိပါတယ်။ ဒါပေမယ့် အပိုင်း အလိုက် အစီရခံရာမှာ အစည်းအဝေးကို ပထမအကြိမ်ကစပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ စသည်ဖြင့် အစီအစဉ်အလိုက် စနစ်တကျဖော်ပြသင့်ကြောင်း အကြံပြုလိုပါတယ်။ ပထမနှင့်ဒုတိယ အကြိမ် ကြယ်ပွင့်မပြမေးခွန်းတွေနဲ့ပတ်သက်လို့ ဖော်ပြပေးထားတာမရှိတာဟာ အစီရင်ခံစာရဲ့ အားနည်းချက်တစ်ခုလို့မြင်ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ အစီရင်ခံစာရဲ့သုံးသပ်ချက်မှာ ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ ‌ွဖေကြားချက်များကို လေ့လာရာတွင် ဘတ်ဂျက်တောင်းခံ၍ ဘတ်ဂျက် ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ‌ွဖေကြားချက်မှာ အများဆုံးဖြစ်သည်ဟု ဖော်ပြထားပါ တယ်။ ဘတ်ဂျက်ရရှိမှ လုပ်ပေးမယ်ဆိုတာ ကတိဖြစ်ပါသလား။ ဒီလိုမျိုးကတိတွေဟာ ဘယ်လောက် များသေချာပါသလဲ။ တစ်နှစ်လား၊ နှစ်နှစ်လား ဘယ်လောက်အကြာစောင့်ဆိုင်းရမယ်ဆိုတာကို မသေ ချာပါဘူး။ ဒီထက်သေချာတာတောင် မသေချာဘူးဆိုတာကို ဥပမာတစ်ခုတင်ပြပါမယ်။ ၂၈-၉-၂၀၁၁ ရက်နေ့က ဒုတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်မှ ကြယ်ပွင့်ပြမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ ရခိုင် ပြည်နယ်အတွင်းရှိ မြေနိမ့်ပိုင်း ဒီရေရောက်လယ်ကွင်းတွေကို နိုင်ငံတော်အစိုးရက စက်ယန္တရား တွေသုံးပြီး ကူညီဆယ်ဖို့ပေးနိုင်ပါမည်လားလို့ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အရေးကြီးဦးစားပေး ဆောင်ရွက်ရန်လိုအပ်နေသည့် တာများကို စိစစ် ရွေးချယ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရ၏ ဦးစားပေး လုပ်ငန်းအစီအစဉ်အရ ရန်ပုံငွေခွဲဝေခွင့် ပြုပေးနိုင်မှုပေါ်တွင်မူတည်ပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်းလို့ဖြေကြားပါတယ်။ မပေးဘူးလို့ မပြောပါဘူး။ အရေးကြီးဦးစားပေးဆောင်ရွက်ရန် လိုအပ်သော တာများကိုစိစစ်ရွေးချယ်ပြီးဆိုတဲ့ ဒီအထူးပြုပုဒ်က လုပ်ပေးမယ်ဆိုတာကိုဖော်ပြပါတယ်။ နောက်မှလာတဲ့ ဒီအစိုးရအဖွဲ့ရဲ့ ဦးစားပေးအစီအစဉ်အရ အဲဒါ တစ်ပိုဒ် နောက်တစ်ခုက ဒုတိယရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှုပေါ်တွင်မူတည်ပြီးတော့ အဲဒါဟာ နောက်တစ်ပိုဒ်ပါ။ ပေးသွားနိုင်မည်ဖြစ်ပါကြောင်း စတဲ့ကြိယာဝိသေသနပုဒ်တွေ အဆင့်ဆင့်ခံထား တာဖြစ်ပါတယ်။ ကတိဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ဖို့အတွက် လွှတ်တော်မှာ မြန်မာစာ၊ မြန်မာစကား အဓိပ္ပာယ်ဖွင့်ဆိုရေးကော်မတီတစ်ခုတောင် ဖွဲ့ရမလိုဖြစ်နေပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းသန်းက ကတိဖြစ်၊ မဖြစ် အဓိပ္ပာယ်မဖွင်‌့တတ်လို့ ဝန်ကြီးကို သွားမေးတဲ့အခါမှာ ဝန်ကြီးက ကတိမဖြစ်ဘူးလို့ ပြောတယ်ဆိုပြီး ဦးဝင်းသန်းက ကျွန်တော်ကိုပြန်ပြော ပြပါတယ်။ ဒါကြောင့် ဒါထက်သေချာတာတောင်မသေချာဘူးလို့ အစက ကျွန်တော်ပြောခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ မေးခွန်းတွေရဲ့အဖြေတစ်ခုဟာ ကတိဖြစ်၊မဖြစ်ကို ဘယ်လိုတိုင်းတာမလဲ။ ဘယ်သူကအဆုံးအဖြတ်ပေးမှာလဲဆိုတာ ကော်မတီအနေနဲ့ပြတ်သားတဲ့မူတစ်ခု ရှိရမှာဖြစ်ပါတယ်။ ဝန်ကြီးက ကတိဖြစ်မှ ဖြစ်ရတယ်ဆိုရင် ဒီကော်မတီကလည်းဖြစ်မှဖြစ်ရလေကော်မတီဖြစ်သွား ပါလိမ့် မယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ အစီရင်ခံစာအပိုဒ် ၁၆ မှာ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းများနည်းပြီး။ ကြယ်ပွင့်မပြမေးခွန်းတွေ များလာတာကို တွေ့ရှိရပါသည်လို့ ဖော်ပြထားပါ တယ်။  ပဉ္စမအကြိမ်အစည်းအဝေးတုန်းက ကြယ်ပွင့်ပြမေးခွန်းတွေများလွန်းလို့ လွှတ်တော် ဥက္ကဋ္ဌကြီးက အရေးကြီးတဲ့မေးခွန်းတွေကလွဲလို့ ကျန်တာကိုစာနဲ့ပဲဖြေမယ်လို့ ပြောသွားကို မှတ်မိပါတယ်။ ကျွန်တော်မေးခွန်းတွေအားလုံး စာနဲ့ပဲအဖြေခံခဲ့ရပါတယ်။ ပဉ္စမပုံမှန်အစည်းအဝေး မှာ ဥက္ကဋ္ဌကြီးကကြိုတင်ပြောထားလို့ ကျွန်တော်တို့နားလည်ခဲ့ရပါတယ်။ ဒီအစည်းအဝေးတွေ ထဲမှာ ကြယ်ပွင့်ပြမေးခွန်းတွေ စာနဲ့‌ဖြေကြားတာတွေ ခံကြရပါတယ်။ စာနဲ့ဖြေဖြေ နှုတ်ဖြင့်ဖြေဖြေ အတူတူပဲလို့တွေးစရာရှိပါတယ်။ မတူပါဘူးခင်ဗျား။ ပထမအချက်က မဲဆန္ဒရှင်တွေဟာ မိမိကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေကို မသိနိုင်ပါဘူး။ ဒုတိယအချက်က လွှတ်တော်ကိုယ်စားရဲ့ တင်ပြချက်တွေဟာ လွှတ်တော်မှတ်တမ်းမှာ မကျန်ရစ်ခဲ့ပါဘူး။ တတိယအချက်က ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ အခန်း(၁၆) အပိုဒ် ၁၁၆ အပိုဒ်ခွဲ(ဃ)အရ ဝန်ကြီးရဲ့အဖြေကို အမေးနဲ့ လွဲချော်နေတဲ့အခါမှာ၊ မပြည့်စုံတဲ့အခါမှာ တစ်ဆက်တစ်စပ်တည်း မေးခွန်းကိုမေးနိုင်ခွင့် အခွင့်အရေး ကိုဆုံးရှုံးရပါတယ်။ ကြယ်ပွင့်ပြမေးခွန်းတွေကိုမေးတဲ့အခါ ရည်ရွယ်ချက်က ဝန်ကြီးကိုယ်တိုင် လွှတ်တော်ထဲကိုလာရောက် ဖြေစေချင်လို့ဖြစ်ပါတယ်။ ကြယ်ပွင့်မေးခွန်းတွေကို မေးမြန်းခွင့်ရလို့      ဆိုတာလွှတ်တော်ကိုယ်စားလှှယ်တွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ အရေးကြီး၊ မကြီးဆိုတာ နေဒေသနှင့် ဆိုင်ပါလိမ့်မယ်။ နေပြည်တော်က ဟိုင်းဝေးလမ်းမကြီးအရေးကြီးသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲ တဲ့ရွာချင်းဆက်လမ်းကလေး တစ်ထွာတစ်မိုက်ရဖို့အရေးဟာ အလွန်အရေးကြီးပါတယ်။ နောက်တစ်ခု ကကြယ်ပွင့်မပြမေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်။ ဥပမာ ပြရမယ်ဆိုရင် ကျွန်တော်မေးတဲ့မေးခွန်းတွေ တချို့ တင်ပြပါမယ်။ စာနဲ့အဖြေပေးတဲ့မေးခွန်းတွေဖြစ်ပါတယ်။ စတုထ္တပုံမှန်အစည်းအဝေးတုန်းက ကြယ်ပွင့်မပြမေးခွန်းတစ်ခုပါ။ အဲ့ဒါကဘာလဲဆိုတော့ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ ကုန်းမြင့်မရှိတဲ့ ရွာ ၉ ရွာမှာ မုန်တိုင်းဝင်လာလို့ရှိရင်အသက်အန္တရာယ်ကာကွယ်နိုင်အောင်လို့ဆိုပြီတော့ အသက်ကယ် သောက်ရေကန်နဲ့ တွဲပြီးတော့ အသက်ကုန်းများ တည်ဆောက်ပေးနိုင်ပါမည်လားလို့ ကျွန်တော်မေးခဲ့ပါတယ်။ အဲဒီအဖြေကို ဖြေကြားရာမှာ အဆိုပါ ၉ ရွာအတွက် အသက်ကယ်ကုန်း တည်ဆောက်ပေးရန်ခန့်မှန်းတန်ဖိုး ၁၃၂၁.၁ သန်းကျပ်ကုန်ကျမည်ဖြစ်ပြီး တည်ဆောက်ပေးရန် ပထမ ဦးစားပေးအဆင့်ထားရှိရေးဆွဲ တင်ပြထားပါတယ်။ နိုင်ငံခြားအကူအညီ အထောက်အပံ့များရရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပါမည်လို့ ပြောထားပါတယ်။ အဲ့ဒါလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး လက်မှတ်ထိုးပြီးဖြေတာဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းတာက နေ့ပဲညပဲ ကျွန်တော်တို့ အသက်တွေကယ်ဖို့တောင်းတာပါ။ အဲဒါကို အကောင်အထည် ဖော်ဆောင်ရွက်ပေးပါမည်လို့လည်း ပြောတယ်။ နောက်ပြီးတော့ နိုင်ငံခြားအကူအညီရမှ ပေးမယ်လို့ လည်းပြောတယ်။ အဲဒီတော့ ဒါတွေဘယ်လိုကတိမျိုးလဲ။ ကျွန်တော်က လွှတ်တော်အတွေ့အကြုံကို သွားရှင်းတော့ ရွာသားတွေက ကျွန်တော်ကိုမေးပါတယ်။ နိုင်ငံခြားအကူအညီမရခင် ကျွန်တော်တို့  သေရင်ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ခံမလဲလို့မေးပါ။ အဲဒါမျိုးက တာဝန်ယူနိုင်မှုအနေအထား ရှိဖို့လိုပါတယ်။ ဒုတိယမေးခွန်းတစ်ခုကိုပြောပါမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပုဇွန်ကွင်းတွေ၊ လယ်ကွင်းတွေနဲ့ တွဲပြီးတော့ လုပ်ကြပါတယ်။ အဲဒီအခါမှာ ပုဇွန်ကွင်းတွေက ရေငန်တွေကျော်ပြီးတော့ လယ်ကွင်းတွေပျက်ဆီးရတယ်။ အဲဒါကို ကျွန်တော်က ဒီလိုပုဇွန်ကွင်းက လယ်ကွင်းကိုဖြတ်ပြီးတော့ ပုဇွန်ကွင်းလုပ်နေတာကို ဘယ်လိုနည်းနဲ့တားဆီးပေးနိုင်မလဲလို့ မေးတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနက လက်မှတ်ထိုးပြီးပြန်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့ ဧရိယာအတွင်းမှာ တောင်သူ လယ်သမား၏ ဆန္ဒသည် စပါးစိုက်ပျိုးလိုပါသလား။ ပုဇွန် မွေးလိုပါသလား။ အဲဒါကို အဓိကထားပြီးတော့ ကွင်းဆင်းလေ့လာစိစစ်ပါမယ်လို့ဖြေပါတယ်။ ကျွန်တော်ထောက်ပြတာက လယ်ယာမြေကိုခွင့်ပြုချက်မရဘဲ အခြားနည်းနဲ့အသုံးမပြုရဆိုတဲ့ လယ်ယာမြေဥပဒေကို တိတိကျကျထောက်ပြတာပါ။ ဒါကိုဖြေတဲ့အခါမှာ ဒီလယ်သမားတွေရဲ့ဆန္ဒ ကိုအဓိကထားပြီးတော့ လုပ်မယ်ဆိုတော့ ကျွန်တော်တို့ဥပဒေကို မျက်ကွယ်ပြုရာ ရပါတယ်။ အခု  ဘယ်လောက်ထိဖြစ်လာလဲဆိုတော့ အဲဒီနေရာတွေမှာ အစိုးရကဆယ်ထားတဲ့ တာတမံတွေထဲမှာကို ပုဇွန်ကွင်းတွေလုပ်လာတယ်။ နောက်ပြီးတော့ နိုင်ငံတော်ကဆယ်ဖို့တဲ့ တာတမံကို မဆယ်ရဘူးလို့ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေက တားတဲ့အထိ အခုရပ်တန့်ထားတဲ့အထိဖြစ်နေပါတယ်။ ကျွန်တော် မနက်က ဝန်ကြီးကို တင်ပြထားပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ ကတိကိုကတိ အတိုင်းဖြေတဲ့အခါမှာ လိုအပ်တဲ့အတိုင်းမဖြေခဲ့လို့ အဲဒီလို ပြဿနာမျိုးကြုံတွေ့ရပါတယ်။ နောက် စတုတ္ထပုံမှန်အစည်းအဝေးမှာလည်း မြို့နယ်ပညာရေးကို တိုးတက်စေချင်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အတွင်းမှာ တစ်ရပ်တစ်ရွာကို သွားပြီးတော့ စာသင်ဖို့အခက်အခဲရှိတဲ့အတွက် နဲ့မူလတန်းကျောင်းရှိ တယ်ဆိုရင် ကျောင်းရှိတဲ့နေရာဆိုရင် အလယ်တန်းကျောင်းအဆင့်၊ အလယ်တန်း ကျောင်းရှိတဲ့နေရာဆိုရင် အထက်တန်းကျောင်းအဆင့် ကိုယ်ထူကိုယ်ထ ကိုယ်လုပ်အားနဲ့ ကိုယ့်စရိတ် စကနှင့် ကျောင်းဆောင်တွေဆောက်ပြီးတော့ သင်ကြပါတယ်။ ဒါပေမယ့် အဲဒီလို ကျောင်းက ကျောင်းသားတွေကို ဒီအစိုးရကျောင်းတွေမှာ တွဲပြီးတော့ စာမေးပွဲဝင်ဖြေခွင့်မပေးပါဘူး။ အဲဒါကြောင့် သူတို့ဟာ ပြည်နယ် ပညာရေးဌာနက ဒီလိုခွင့်မပြုဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ တော်တော်ကို အခက် အခဲဖြစ်ရပါတယ်။ အဲဒါ တကယ်လို့များ ကိုယ့်စရိတ်နှင့် ကိုယ့်ကျောင်းဆောင်နဲ့ ဆရာသမားငှား ပြီးတော့ သင်တဲ့အပေါ်မှာ နိုင်ငံတော်က ဘယ်လိုလုပ်ပြီးတော့ ဒီကျောင်းသားတွေ စာမေးပွဲဝင်ခွင့် ပေးနိုင်မလဲလို့ မေးတာပါ။ အဲဒါကို ဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စီးပွားရေးနိမ့်ကျသော ဒေသများတွင် အိုးမကွာ အိမ်မကွာ ပညာသင်ကြားနိုင်ရေးအတွက် သတ်မှတ်ထားသော ကျောင်းသား ဦးရေပြည့်မီစွာ ကိုယ်ထူကိုယ်ထကျောင်းများကို တွဲဖက်မူလတန်းကျောင်း သို့မဟုတ် အခြေခံမူလတန်း ကျောင်းခွဲများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေပါတယ်။ အမေးနှင့်အဖြေဟာ တစ်ခြားစီပဲဖြစ်ပါတယ်။ ကျွန်တော်က မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဆင့် အလယ် တန်းကျောင်းကိုအထက်တန်းကျောင်းအဆင့် တွဲဖက်သင်နိုင်ဖို့ရည်ရွယ်ချက်နဲ့မေးတာဖြစ်ပြီးတော့  ဝန်ကြီးဖြေတာက မူလတန်းကျောင်း တရားဝင်ဖြစ်မြောက်ရေးကို ဖြေတာဖြစ်ပါတယ်။ နောက် ပညာရေးဌာနမေးခွန်းတစ်ခုပဲ ဥပမာပြောပြပါမယ်။ ပဉ္စမပုံမှန်အစည်းအဝေးတုန်းက ကျွန်တော် ကြယ်ပွင့်ပြမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ ၂၀၁၂ မေလ တက္ကသိုလ်ဝင် စာမေးပွဲမှာမျိုး စာစစ်ဌာနက ခုံအမှတ် ဒဖ ၂၁၃ နဲ့ မောင်မင်းသန့်လွင်ဟာ ဂုဏ်ထူး ၅ ဘာသာ ရပြီးတော့ ဘောဂဗေဒဘာသာမှာ ၁၅ မှတ်နဲ့ ကျရှုံးပါတယ်။ အဲ့ဒါကိုမောင်မင်းသန့်လွင် က လုံးဝလက် မခံနိုင်ပါဘူး။ ကျွန်တော်ဟာ ဘောဂဗေဒဘာသာကို အဖြေနိုင်ဆုံးဘာသာအဖြစ် ကျွန်တော်လက်ခံ ထားပါတယ်။ ဆရာမတွေကလည်းကျွန်တော်ရဲ့ ဖြေဆိုချက်တွေကို လက်ခံပါတယ်။ မြန်မာစာ ၇၇ မှတ် ရပါတယ်။ အင်္ဂလိပ်စာ ၇၈ မှတ်ရပါတယ်။ သင်္ချာ ၈၂ မှတ်ရပါတယ်။ ဓာတုဗေဒ ၉၃ မှတ်ရပါတယ်။ ရူပဗေဒက ၈၄ မှတ်ရပါတယ်။ ဘောဂဗေဒမှာ ၁၅ မှတ်နဲ့ ကျရှုံးပါတယ်။ အခုသူကစာစစ်ဌာနကို အဖြေလွှာတောင်းခံပါတယ်။ သူ့ရင်ထဲမှာလည်း ခံစားနေရတယ်။ မိဘတွေကလည်း ဆောက်တည်ရာ မရအောင်ထိခံစားရပါတယ်။ သူတို့က စာစစ်ဌာနကို အဖြေလွှာတောင်းတဲ့ အခါမှာ စာစစ်ဌာနက ပြန်ကြားတာက အဖြေလွှာဟာမှန်ပါတယ်။ အဲဒီလိုပဲအတည်ပြုပေးပါတယ်။ အဲ့ဒါကိုကျွန်တော်က လွှတ်တော်မှာ မေးခွန်းတင်တဲ့အခါမှာ ဝန်ကြီးဌာနကဖြေတဲ့ အဓိကအဖြေတဲ့ အချက်ကတော့ မြန်မာနိုင်ငံစာစစ်ဌာနအနေဖြင့် အဖြေလွှာများကို ပြင်ပပုဂ္ဂိုလ်များကို ပြသဆောင်ရွက်ခဲ့ခြင်း အစဉ်အလာမရှိပါကြောင်းဖြေပါတယ်။ ဒီအစဉ်အလာဟောင်းကြီးကိုပဲ အကျိုးမရှိ အသေကိုင်ထား ပြီးတော့ ဖြေတာဖြစ်ပါတယ်။ ကျွန်တော်ဖြေစေချင်တာက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေကို ကိုးကားပြီးငြင်းပယ်သင့်ပါတယ်။ အဲ့ဒီဖြစ်စေချင်ပါတယ်။ အခုတော့ အစဉ်အလာဟောင်းကြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ဥစ္စာကြီးကို သက်သေအဖြစ်ထားပြီးတော့ အစဉ်အလာမရှိပါကြောင်းဆိုတော့ ကျွန်တော်တို့ကတော့ ဒီဟာကိုတကယ်တမ်းလွှတ်တော်မှာမေးမယ် ကြယ်ပွင့်မေးခွန်းလည်းဖြစ်ပေမယ့် လွှတ်တော်မှာ မမေးရလို့ အခွင့်အရေးဆုံးသွားတာကျွန်တော်ပြောတာပါ။ တစ်ဆက်တစ်စပ်တည်း ကျွန်တော်ကမေးမှာပါ။ ဒါ‌ပေမယ် အဲ့ဒီလိုမေးခွင့်တွေမရလိုက်လို့ ကြယ်ပွင့်ပြမေးခွန်းတွေကို စာဖြင့်ဖြေတဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်နစ်နာရသလဲဆိုတာ ကို ဥပမာပြောပြီးတင်ပြပေးတာဖြစ်ပါတယ်။ ဒါတွေဟာကြယ်ပွင့်ပြမေးခွန်းတွေကို စာနဲ့ဖြေခဲ့တာ ဆုံးရှုံးသွားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် ကြယ်ပွင့်ပြမေးခွန်းတွေကို အခြေအနေအရ စာဖြင့်ဖြေမယ်ဆိုရင်လည်းပဲ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားတွေကို ခေါ်ပြီးတော့ ဆွေးနွေးသင့် ပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်တင်ပြလိုတာကတော့ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဟာ လွှတ်တော်ရဲ့အစိုးရကိုစောင့်ကြည့် ထိန်းညှိတဲ့အပိုင်းမှာ အလွန်အရေးကြီးတဲ့ ကော်မတီဖြစ်ပါတယ်။ ကော်မတီဝင်တွေဟာ မိမိရဲ့တာဝန်တွေကို အထူးစိတ်ဝင် စားတဲ့ အစီရင်ခံစာနဲ့အတူ စာရင်းဇယားများ အစိုးရရဲ့လုပ်ဆောင်ချက်များကို အကျယ်တဝင့် ရေးသားတင်ပြထားတာကိုတွေ့ရပါတယ်။ အစီရင်ခံစာ မှန်ကန်ပြည့်စုံဖို့ အတွက် ဒေသအလိုက် မေးခွန်းတွေကို စုစည်းပြီးတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လုပ်ငန်းရဲ့ အခြေအနေ တွေကို ဆွေးနွေးအတည်ပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် လွှတ်တော်ကော်မတီဝင်ကိုယ်တိုင်က သက်ဆိုင်ရာနယ်မြေတွေကို ဆင်းပြီးတော့ လေ့လာဆန်းစစ်သင့်ပါတယ်။ လေစားအပ်ပါသော  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အကြံပြုချင်တာလေးတစ်ခုကိုတင်ပြရရင် ဆဋ္ဌမပုံမှန် အစည်းအဝေးကာလဟာ ဘတ်ဂျက်ကိုရေးဆွဲနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘတ်ဂျက်ရေးဆွဲရာမှာ မိမိဒေသကိုအခြေခံပြီး လိုအပ်တာတွေကိုဉာဏ်မီ သလောက် ကြိုးစားပြီး တင်ပြနေကြတာဖြစ်ပါတယ်။ ဒီလိုပင်ဖြစ်စေ ကောင်းကာမွန်ကာနဲ့ ဘတ်ဂျက် တစ်ခုပြုပေးနိုင်ဖို့ဆိုတာ လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက် အားနည်းချက် ရှိလို့လွဲချော်မှားယွင်းသွားမှာကိုစိုးပါတယ်။ လွှတ်တော်ထဲမှာ ဘတ်ဂျက်နှင့်ပတ်သက်လို့ ကျွမ်းကျင်သူ တွေ တစ်စုတစ်စည်းတည်းလုပ်ကိုင်ကြမယ်ဆိုလို့ရှိရင် ပညာရှင်တွေပါဝင်တဲ့ ဝပ်ရှော့တွေလုပ်မယ် ဆိုရင်ဖြစ်နိုင်ပါတယ်။ အခုပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီတွေထဲမှာ ငွေရေးကြေးရေး ဘဏ္ဍာရေးနှင့်ဆိုင်တဲ့ ပြည်သူ့ငွေစာရင်းကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးတိုးတက်မှုကော်မတီစတဲ့ ဒီကော်မတီတွေအမည်အမျိုးမျိုးနဲ့ ကွဲပြား နေကြပေမယ့် နိုင်ငံတော်ဘတ်ဂျက်ဆိုတဲ့ မြစ်ထဲကို စီးဝင်တဲ့ မြစ်တစ်သွယ်ပဲဖြစ်ပါတယ်။ ကော်မတီ ၃ ရပ်ကိုပေါင်းစည်းပြီးတော့ ပြည်သူ့ငွေစာရင်းနှင့် ဘတ်ဂျက်ကော်မတီစသဖြင့်ပေါ့လေ။ သင့်တော်ရာ နာမည်တစ်ခုခုကိုထားပြီးတော့ လုပ်ဆောင်မယ်။ အစီရင်ခံစာတွေရေးမယ်။ တင်ပြမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အခုလိုပဲ အစီရင်ခံစာတွေကို ဝင်ရောက်ဆွေးနွေးမယ်။ လွှတ်တော်ကာလ မဟုတ်တဲ့အချိန်မှာလည်း အချင်းချင်းဆွေးနွေးမယ်။ ချပြမယ်။ အဲဒီလိုလုပ်ချင်းဖြင့် ကျစ်ကျစ်လျစ်လျစ် နဲ့အချိန်ကုန်သက်သာပြီးတော့ ခိုင်မာအားကောင်းတဲ့ဘတ်ဂျက်တစ်ရပ်ကို ပေါ်ပေါက်လာမယ်ဆိုပြီး အထောက်အကူပြုနိုင်မယ်လို့ယူဆမိပါကြောင်း စေတနာကောင်းနဲ့ တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)