Skip to main content

၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ က ဖတ်ကြားသည့် စာတမ်း

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရင်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ခမ်းမ၌ ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြသော ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စု တရားသူကြီးချုပ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊

<--break->

နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးမှ သံအမှတ်ကြီးများ အစိုးရမဟုတ်သော အဖွဲ့အစည်းလူမှုရေးအသင်းအဖွဲ့များ နှင့် အခြားဖိတ်ကြားထားသူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ကျွန်တော်ကတော့ ရှမ်းပြည်နယ်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မြင့်အေး ဖြစ်ပါတယ်။ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ပါတီကိုယ်စား စာတမ်းကို ကျွန်တော်ဖတ်ကြားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ ပြည်သူလူထုအုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထု၏ ဆန္ဒသဘောထား အတိုင်း ပြည်သူလူထုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များက ပြည်သူလူထုအား ဥပဒေနှင့်အညီ ပြန်လည် အုပ်ချုပ်သော စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ မြင့်မြတ်ဖြူစင်တဲ့ ကျင့်စဉ်ဖြစ်သည့် အားလျော်စွာ ပြောဆိုနေရုံဖြင့်သော် လည်းကောင်း၊ တွေးခေါ်နေရုံဖြင့်သော်လည်းကောင်း မရပါဘူး။ အမှန်တကယ် လက်တွေ့ ကျင့်သုံးရန်နှင့် ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းလုပ်ဆောင်ရန်လည်း အရေးကြီးပါသည်။ ဒီမိုကရေစီကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီရဲ့ အကျိုးတရားတွေကို ပြည့်ဝစွာ ရရှိမှာဖြစ်ပါတယ်။ လူအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အခွင့်ရေးတန်းတူ ကျပ်ပြည့်မရသမျှ ကာလပတ်လုံး စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရရှိမှာ မဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ မဏ္ဍိုုင်သုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်သူလူထုက လွတ်လပ်စွာကျင့်သုံးပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ လက်ထဲတွင် နိုင်ငံရေးအာဏာများကို ထားရှိသော စနစ်ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရသည် ပြည်သူလူထုအား တာဝန်ယူမှုများရှိရမည့် ပြည်သူ့ဝန်ထမ်း သာဖြစ်ပါတယ်။ ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာများကို ကန့်သတ်ထားသော သက်တမ်းကာလတစ်ခု အတွင်း ကျင့်သုံးခွင့် ပေးထားခြင်းခံရသော အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ သာလျှင်ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်တွင် အခြခံစံနှုန်းများလည်း ရှိရမည်ဖြစ်ပါတယ်။

၎င်းတို့ထဲမှ အချို့ကိုတင်ပြရလျှင်

(က) တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိစေရေး၊

(ခ) တိုင်းရင်းသားပြည်သူများလွတ်လပ်မှုရှိစေရေး၊

(ဂ) တန်းတူညီမျှမှု လွတ်လပ်မှုတွေကို အာမခံထားမည့်

  ပြည်သူတွေအပ်နှင်းထားတဲ့ အစိုးရနှင့်ပြည်သူကြားမှာအခြေခံဥပဒေရှိစေရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ၏ အနှစ်သာရအရ ဝါဝင်ဆွေးနွေးရမည်ဆိုလျှင် ပြည်သူကိုယ်စား တာဝန်ခံထားသော တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးမှ ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာရန်၊ ရိုးသားမှန်ကန်မှုရှိရန်၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိရမည်ဖြစ်ပါသည်။

ဒါကြောင့် ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူ့စနစ်ဖြစ်သည့် အားလျှော်စွာအားလုံးပါဝင် ဆွေးနွေးရေးသည် ဒီမိုကရေစီ၏ ဗဟိုအချက် အနှစ်သာရဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ကျွန်တော်တို့နိုင်ငံသည် လူ့ဘောင်ဘဝ ဖြစ်ထွန်းလာရေးအတွက် မိမိတို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ကောင်းမြတ်သော၊ မှန်ကန်သော နိုင်ငံရေးစေတနာဆန္ဒတို့ဖြင့် ဖတ်ကြားတင်ပြရင်း နိဂုံးချုပ်ပါသည်။