Skip to main content

၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဖတ်ကြားသည့် စာတမ်း

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ၂၀၁၃ အထိမ်းအမှတ် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးသည့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် ဒီမိုကရေစီနေ့အခမ်အနား ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ရေးရာကော်မတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဂုဏ်သရေရှိဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ရှေးဦးစွာနှုတ်ခွန်း ဆက်သအပ်ပါသည် ခင်ဗျား….…။

ကျွန်တော်ကတော့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌနှင့် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဝင်းမြင့် ဖြစ်ပါတယ်။ ယခုလို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၃ အထိမ်းအမှတ်အခမ်းအနားမှာ “ ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံမြှင့်တင်ပေး” ခေါင်းစဉ်ပါစာတမ်းကို အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီက တင်ပြခွင့် ရတဲ့အတွက်လည်း များစွာဝမ်းသာအားရ ဖြစ်ရပါကြောင်းနှင့် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ကျော်ခန့်ရှိသည့်အနက် အာဏာရှင်စနစ်ကို ကျင့်သုံးသောနိုင်ငံများ သည် ပြည်တွင်း ပဋိပက္ခများ ဒေသတွင်းကန့်သတ်စီးပွားရေးများဖြင့် အဆိုးသံသရာတွင် ရင်ဆိုင်ဖြတ်သန်းနေ ရပါသည်။ ဒီမိုကရေစီစနစ် (သို့မဟုတ်) ဒီမိုကရေစီဆန်သော ဝါဒစနစ်များကို ကျင့်သုံးသောနိုင်ငံများသည် ပဋိပက္ခများကို ဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်၍ နိုင်ငံအများစုမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ လူ့သမိုင်းတွင် ဒီမိုကရေစီအကြောင်းကို ဆွေးနွေးတိုင်ပင်ငြင်းခုံပြီး လက်တွေ့ဘဝတွင် စနစ်တကျ ကျင့်သုံး လာခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်လာခဲ့ပေပြီ။ ထိုကျော်ဖြတ်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ သောကာလအတွင်း ဒီမိုကရေဟူသောစကားလုံး၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုပုံဖွင့်ဆိုနည်းနှင့် ဒီမိုကရေစီ ကျင့်စဉ်တရားများကို လက်တွေ့ဘဝတွင် ကျင့်သုံးပုံကျင့်သုံးနည်း မတူညီခဲ့ပေ။ အစဉ်အမြဲတိုးတက်ပြောင်းလဲနေပါသည်။

ကမ္ဘာပေါ်တွင် လူမျိုးပေါင်းများစွာ၊ ဘာသာစကားပေါင်းများစွာ၊ ကိုးကွယ်ယုံကြည်မှုပေါင်းများစွာရှိပြီး ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံပေါင်း မြောက်များစွာရှိသောကြောင့် ဒီမိုကရေစီကျင့်စဉ်တရားများကို  လက်တွေ့ကျင့်သုံးရာ၌ လူတစ်မျိုးနှင့်တစ်မျိုးကြား၊ နိုင်ငံတစ်ခုနှင့်တစ်ခုကြား ယဉ်ကျေးမှုတစ်ခုနှင်တစ်ခုကြား လက်တွေ့ကျင့်သုံးပုံ ကျင့်သုံးနည်း ကွဲပြားခြားနားခြင်းသည် သဘာဝကျပါသည်။ ခေတ်တစ်ခေတ်နှင့်တစ်ခေတ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ဒီမိုကရေစီ ကျင်စဉ်တရားများ ထပ်တူကျနိုင်မည်မဟုတ်ပေ။ ယင်းသည် ဒီမိုကရေစီ၏ အားနည်းချက်မဟုတ်၊ အားသာချက်များ ဖြစ်ပါသည်။ တိုးတက်ရှင်သန်ခြင်း၏ နိမိတ်လက္ခဏာကောင်း များ ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်သည် အမြင်မတူသော ဆန့်ကျင်ဖက်အင်အားစု (၂) ခု အကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် စွမ်းဆောင်နိုင်သည့် “မတူငြိမ်းချမ်းစွာ အတူနေဝါဒ” ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်ကို မိမိတို့လိုလားနှစ်သက်ခြင်းမှာ မိမိတို့ဘဝကို လွတ်လပ်စွာဖန်တီးနိုင်ခြင်း၊ မိမိတို့လူမျိုး၏ ကံကြမ္မာကို လွတ်လပ်စွာပြဌာန်းပိုင်ခွင့်ရရှိခြင်း၊ အရေးကြီးသော ဆုံးဖြတ်ချက်တိုင်းတွင် မိမိတို့ကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်များ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ မိမိတို့၏ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်များတွင် မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ တစ်ပါးသူက  တစ်ဖက်သတ် အဆုံးအဖြတ်ပေးသော အပြဌာန်းခံ၊ အနင်းခံဘဝကို အဆုံးသတ်လိုကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် မိမိတို့ကိုယ်တိုင်ပါဝင်နေရခြင်း ဖြစ်ပါသည်။

ယနေ့ ကျွန်တော်တို့တိုင်းရင်းသားများ စုပေါင်းနေထိုင်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် ဒီမိုကရေစီ  နိုင်ငံတော်ကို စတင်တည်ထောင်ခွင့်ရခဲ့သည်မှာ (၂) နှစ်ခွဲကျော်ခန့်ရှိခဲ့ပါပြီ။ ပြည်သူအများရွေး ချယ်သော ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တာ်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်များကို ဥပဒေနှင့်အညီ တာဝန်ပေးဆောင်ရွက် လျက်ရှိပါသည်။ တစ်နည်းဆိုသော ပါတီစုံဒီမိုကရေစီစနစ် ဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနိုင်ခဲ့ပါသည်။ ဒီမိုကရေစီအတွေ့အကြုံနည်းပါး၍ အခက်အခဲများ တွေ့ကြုံရသော်လည်း ပြည်ထောင်စုလွှတ်တော်နာယကကြီးမှ “ပြည်သူ့အသံ-လွှတ်တာ်အသံ” “ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ” စသည့် ကြွေးကြော်သံများဖြင့် ဒီမိုကရေစီစနစ်ကြီး ကို အားကြိုး မာန်တက် ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရ၍ ဝမ်းသာအားရ ပီတိများစွာဖြစ်ရ ပါသည်။ “ပြည်သူ့အသံ-လွှတ်တာ်အသံ” ဖြစ်မှ ဒီမိုကရေစီယန္တားကြီး ကောင်းမွန်စွာလည်ပတ်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များကို ရေးရာကော်မတီများအလိုက် ဖွဲ့စည်းတာဝန် ပေးခြင်း၊ စုပေါင်းစုဆွေးနွေးခြင်း၊ စုပေါင်းဆုံဖြတ်ခြင်း၊ အများဆန္ဒသဘောထားအတိုင်း လိုက်နာခြင်း၊ အနည်းစု၏ ဆန္ဒကို အလေးထားခြင်း စသည့် ဒီမိုကရေစီစံနှုန်းများဖြင့် ဆောင်ရွက်နိုင်ခြင်းကြောင့် လွှတ်တော်၏ ပင်မတာဝန်ဖြစ်သော ဥပဒေများပြဌာန်းခြင်းကို တာဝန်ကျေပြွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လွှတ်တော်ရပ်နားချိန်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့မှ မြန်မာပြည်တစ်ဝှမ်း တွေ့ဆုံပွဲများ ပြုလုပ်၍ ပြည်သူ့အသံများကို အမြဲမပြတ် စူးစူးစိုက်စိုက် ဆောင်ရွက်ပေးနေသည်ကိုလည်း သိရှိမြင်တွေ့နေရပါသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် အသီးသီး တို့လည်း မိမိတို့ဒေသရှိလုပ်သားပြည်သူများနှင့် တွေ့ဆုံခြင်း၊ လူမှုရေး၊ ပညာရေးကဏ္ဍတွင်လည်း တတပ်တအား လက်ပွန်းတတီး ဆောင်ရွက်ပေးနေခြင်းမှာလည်း ပြည်သူလူထုနှင့် ထိတွေ့၍ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ လိုအပ်ချက်များသည်လည်း ဒီမိုကရေစီထွန်းကားရေး အတွက် ဆောင်ရွက်ချက်များဖြစ်ပါသည်။ ထို့အပြင် သတင်းစာ ဂျာနယ်များတွင်လည်း ဆောင်းပါးများ၊ ကာတွန်းရုပ်ပြောင်များဖြင့် ရေးသားဖော်ပြနေကြခြင်းသည်လည်း ပြည်သူ့အသံကို စတုတ္ထမဏ္ဍိုင်မှ ဆောင်ရွက်ပေးနေ ပါသည်။

ကျွန်ုပ်တို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများစားဝတ်နေရေးပြည့်စုံရေးနှင့်နိုင်ငံတကာမှလေးစားသောနိုင်ငံတော်ကြီးဖြစ်ပေါ် လာရေး အတွက် ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ဆောက်ရွက်နိုင်ခြင်းမှတစ်ပါး အခြားသောနည်းလမ်း မရှိတော့ပါ။ ထို့ကြောင့် ဒီမိုကရေစီထွန်းကားရေးအတွက် ပြည်သူ့အသံများကိုမြှင့်ပေးရန် ပါတီအားလုံး၊ လူမှုရေး အဖွဲ့အားလုံး၊ ပြည်သူအားလုံး စုစည်းညီညွတ်စွာ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည် ခင်ဗျား….။