Skip to main content

၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်သူလူထုကိုယ်စားလှယ်က ဖတ်ကြားသည့် စာတမ်း

ဤနေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပခဲ့သည်မှာ တတိယအကြိမ်ရှိပြီဟု မှတ်သားမိပါသည်။ နှစ်စဉ် စက်တင်ဘာလ၌ ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်၍၊ မိမိတို့မြန်မာနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းသည် သုံးနှစ်ခန့်ရှိပြီဟု အကြမ်းဖျင်း ဆိုရမှာဖြစ်ပါသည်။

<--break->

ဤသုံးနှစ်တာကာလခန့်အတွင်း နိုင်ငံတော်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု စသည်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆက်တိုက်ချမှတ်ပြီး တက်တက်ကြွကြွ အကော်အထည်ဖော်လျက်ရှိသည်မှာ အထင် အရှားဖြစ်ပါသည်။ ထို့ပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်ကိုလည်း တစ်ပါတည်း လက်တွေ့ အကောင်အထည်ဖော်လျက်ရှိသည်ကို ဝမ်းသာဖွယ်ရာ မြင်တွေ့နေရပါသည်။

ဤကဲ့သို့ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာ၌ ကဏ္ဍတစ်ခု၊ နှစ်ခုကို ရွေးချယ်၍ သာမန်ပြုပြင် ပြောင်းလဲမှုမျိုး လုပ်ဆောင်ရခြင်း မဟုတ်ဘဲ၊ ပိုမိုကျယ်ပြန့်နက်ရှိုင်းသော အခြေခံ ကျသည့် ပြုပြင်ပြောင်းလဲမှု အုတ်မြစ်များကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီး၊ ကြိုးပမ်းတည်ဆောက်နေ ရခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ထိုသို့ များပြားလှသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် တစ်နေ့၊ တစ်ရက်၊ တစ်ခဏချင်းဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းကိစ္စများ မဟုတ် ကြောင်း၊ အခက်အခဲများနှင့် အကန့်အသတ်များစွာရှိကြောင်း သာဓကမျိုးစုံက မိမိတို့အား လက်တွေ့သင်ခန်းစာများ ပေးလျက်ရှိနေပါသည်။

မိမိတို့ ပြည်သူတစ်ရပ်လုံးသည် အတွေးအမြင် ပြောင်းလဲရပါမည်။ စိတ်ရှည်သည်းခံရပါမည်။  စည်းလုံးညီညွတ်ရပါ မည်။ အလုပ်လုပ်ကြရပါမည်။ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော်ယန္တရား အဖွဲ့အစည်းအားလုံးသည်လည်း မိမိတို့၏ အလုပ် တာဝန်များကို တာဝန်သိသိ၊ မခိုမကပ်၊ ရိုးသားဖြောင့်မတ်စွာ အလုပ်လုပ်ကြရန် လိုအပ်ပါသည်။ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးအင်အားစုများသည်လည်း မှန်ကန်သည့် စေတနာနှင့် ယှဉ်ပြီး နိုင်ငံတော်နှင့် ပြည်သူများကို အကျိုးပြုနိုင်ရပါမည်။ ဤသည်မှာနိုင်ငံတော်ကို ချစ်မြတ်နိုးသော၊ နိုင်ငံတော်ကို တိုးတက်စေလိုသော အင်အားစု အားလုံးအတွက် မလွဲမသွေ မွေးမြူထမ်းဆောင်အပ်သော သိတတ်မှုနှင့် တာဝန်ဖြစ်သည်ဟု ခံယူမိပါသည်။ ဤသို့ ခံယူဆောင်ရွက်ကြမှလည်း ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ပြီး မိမိတို့တိုင်းပြည် အမှန်တကယ် တိုးတက်လာမှာဖြစ်ပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိလာမှာဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး သည်လည်း အိပ်မက်မဟုတ်ဘဲ အမှန် တကယ်ရရှိလာမှာ သေချာပါသည်။ သို့ရာတွင် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ အကြောင်းအမျိုးမျိုးပေါ် မှီတည်၍ ပြည်သူများ၏မျှော်လင့်ချက်တို့မှာ လက်တွေ့ဖြစ်မလာသေး ဘဲ မျှော်လင့်ချက် အဆင့်၌ပင် ရှိနေဆဲပင်ဖြစ်သည်ကို အထူး သတိပြုရန် လိုအပ်ပါသည်။

အပြောအဟောဖြင့်၊ ပါးစပ်ဖြင့် တိုင်းပြည်ကို တည်ဆောက်နေ၍ မဖြစ်ဘဲ၊ အပြောနှင့်အလုပ် ၊ အလုပ်နှင့်စေတနာ၊ စေတနာနှင့် စည်းကမ်းလိုက်နာမှုတို့ ပေါင်းစပ်၍ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်ကြရန် အဓိက အရေးကြီးနေပြီဖြစ်ပါသည်။ ခေါင်းဆောင်မှုကောင်း၊ ဝန်ထမ်းကောင်း၊ ပြည်သူကောင်းတို့ဖြင့် ပေါင်းစည်း၍ အလုပ်လုပ်ရမည့် အချိန်အခါကောင်းဖြစ်သည် ဟု ပြည်သူတို့၏ရင်၌ အတွေးပေါက်လျက်ရှိပါသည်။

အတ္တကြီးမှု၊ စည်းကမ်းမဲ့မှု၊ အတွေးအမြင်တိမ်မှုတို့သည် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးရာ၌ အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသကဲ့သို့ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတို့သည်လည်း တရားဥပဒေစိုးမိုးမှုနှင့် စည်းလုံး ညီညွတ်မှုကို ထိခိုက်ပျက်ပြားစေပြီး ဒီမိုကရေစီ ရှင်သန်ဖြစ်ပေါ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြက်ရယ်ပြု လျက် ရှိသည်ဟု တင်ပြလိုပါသည်။ နောင်သားစဉ်မြေးဆက်အထိ ဆိုးကျိုးရှည်စေနိုင်သော ပဋိပက္ခများအဖြစ် ရှုမြင်မိပါသည်။

ထို့ကြောင့် မိမိတို့ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သင်ခန်းစာယူသင့်သည်များကို မှန်မှန်ကန်ကန် ရယူ၍ ရှောင်သင့်သည်များကို ရှောင်၍ ဆောင်သင့်သည်များကို ဆောင်ကြပြီး အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး ကို ဝိုင်းဝန်း တည်ဆောက်ကြရန်၊ ကာကွယ်ကြရန် အရေးကြီးပါကြောင်း ဤအပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၌ ပြည်သူများကိုယ်စား တိုက်တွန်း နှိုးဆော်အပ်ပါသည်။