Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူ ကိုယ်စားလှယ် မမေသူထွန်း ဖတ်ကြားသည့် စာတမ်း

လေးစားအပ်ပါသော

လွှတ်တော်အသီးသီးမှ ဥက္ကဋ္ဌကြီးများ

ပြည်ထောင်စုဝန်ကြီးများ

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက် ရင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

ကျွန်မကတော့ မိတ္ထီလာတက္ကသိုလ်မှ ပထမနှစ် ပါရဂူဘွဲ့ကျောင်းသူ မမေသူထွန်း ဖြစ်ပါတယ်ရှင်။

<--break->

“အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့” ဆိုတာကို လွန်ခဲ့တဲ့(၃) နှစ်အထိ ကျွန်မတို့ မသိခဲ့ကြပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီမိုကရေစီယဉ်ကျေးမှု လငပုပ်ဖမ်းခံရတဲ့ ကာလမှာ ကျမတို့ မွေးဖွားခဲ့ကြလို့ပါ။ ယနေ့ဒီမိုကရေစီ လမင်းသာသည့် အချိန်တွင် အမိမြန်မာနိုင်ငံတော်မှာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်ရေး အာဏာတွေကို ခွဲဝေပြီး နိုင်ငံတော် ငြိမ်ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြတာတွေ၊ အပြန်အလှန် ထိန်းကျောင်းမှုတွေ၊ ပြီးတော့ လွှတ်တော်သုံးရပ်မှာ ဥပဒေပြုကြ၊ အဆိုတင်သွင်းကြ၊ အကြံပြုကြ၊ ကန့်ကွက်ကြ၊ ထောက်ခံကြ၊ မှတ်တမ်းတင်ကြ စတဲ့ နိုင်ငံတော်အကျိုးစီးပွား ဖွ့ံ့ွဖြိုးရေးအတွက် ဝါဒစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲကင်းကာ တက်တက်ကြွကြွ ဆွေးနွေး နေတာတွေကို လေ့လာမှတ်သားမိပါတယ်။ အဲဒါတွေကိုကြည့်ပြီး ဒီမိုကရေးစီဓလေ့ဆိုတာ အမြင်မတူတာတွေကို လက်ခံပြီး၊ တူတာတွေစုပေါင်းကာ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ထက်မြက်တဲ့ စွမ်းအားအဖြစ် ဖော်ဆောင်နေတာပါလား ဆိုတာကို ကျွန်မတို့ လေ့လာခွင့် ရခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီ။ ထို့အတူ နိုင်ငံတလွှား တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေးရှုအောင် ကြိုးပမ်းမှုတွေ၊ ပြည်သူ့ အသံတွေဖြစ်တဲ့ မီဒီယာလွတ်လပ်မှုနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု စတာတွေကိုလည်း နိုင်ငံ တလွှားမှာ မြင်တွေ့ နေရပါတယ်။ ကျွန်မတို့ဟာ အနာဂတ် မြန်မာ့ဒီမိုကရေစီလူ့ဘောင်ကို ရှင်သန်ဖွံ့ဖြိုးအောင် စွမ်းဆောင်ကြမည့် မျိုးဆက်သစ် များဖြစ်ကြတာမို့ ယခုလို ဒီမိုကရေစီယဉ်ကျေးမှုကို မြင်ခွင့်၊ ကြားခွင့်၊ ရင်းနှီးခွင့် ရခဲ့ပြီး ကိုယ်တိုင်လိုက်နာ ကျင့်သုံးနိုင်ခွင့် ရခဲ့တာကို အထူးပဲဝမ်းသာမိပါတယ်။

“ကလေးတွေကို ကျောင်းတွေက ဒီမိုကရေစီလေ့ကျင့်ပေးမှု ကင်းမဲ့ခဲ့ရင် အဲဒီနိုင်ငံဟာ ဒီမိုကရေစီလူ့ဘောင်သို့ ဘယ်သောအခါမှ မရောက်နိုင်” လို့ အိန္ဒိယပညာရေး ပညာရှင် (Bhaskaracharyulu) က သူ့ရဲ့ ၂၀၁၁ ခုနှစ်ထုတ် Education and Society စာအုပ်ရဲ့ နိဒါန်းမှာ ဖွင့်ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ဆရာဖြစ်တဲ့ ဆရာကြီး ဦးခင်သန်းကတော့ အိန္ဒိယပညာရှင် ထက်စောပြီး ၁၉၅၆ ခုနှစ်ကတည်းက ပြောခဲ့ပါတယ်၊ အဲဒါကတော့ “စာသင်ကျောင်းကို ဒီမိုကရေးစီပုခက်ဟု ပြောစမတ်ပြုကြသည်။ ကျောင်းတွင် ကလေးများ၏ နေ့စဉ် အတွေ့အကြုံများသည် သဘာဝကျသော ဒီမိုကရေစီနေထိုင်မှု အတွေ့အကြုံများဖြစ်ရမည်” တဲ့။ သို့ပါ၍ အခြခံပညာကဏ္ဍမှာလည်း ကလေးများ၏ မိမိဆန္ဒကို လွပ်လပ် စွာထုတ်ဖော်တတ်၊ ယဉ်ကျေးစွာပြောဆိုတတ်၊ မိမိအလုပ်ကို တာဝန်ယူတတ်အောင် ဆရာနဲ့တပည့် အပြန်အလှန်ဆွေးနွေး မှု၊ လေးစားယုံကြည်မှု ၊ ညှိနှိုင်းမှုနှင့် ဆရာကတည့်မတ်ပေးမှုတို့ဖြင့် ပြည့်လျှမ်းသောလေ့ကျင့်မှုဖြစ်သည့် ” ကလေးအဗဟိုပြု ချဉ်းကပ်နည်း” ဖြင့် အကောင်အထည်ဖော်နေပါတယ်။ ထို့အတူ ကျောင်းတွေမှာ ကျောင်းကောင်စီဖွဲ့စည်းပြီး ကိုယ်စားလှယ်ရွေးချယ်သည့် အလေ့အကျင့်ကိုလည်း ဆောင်ရွက်ပေးနေပါသည်။ အဲဒီလို ကိုယ်စားလှယ်ရွေးချယ်တတ်တဲ့ အလေ့အကျင့်ကို ကျွန်မတို့ ငယ်ငယ်ကမရခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်သူ့ကို ကိုယ်စားလှယ်အဖြစ် ရွေးရမှန်းမသိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဆန္ဒမဲမပေးခြင်းဟာလည်း နိုင်ငံတော်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှ ပါဝင်ခွင့်ရတဲ့ အခွင့်အရေးတစ်ရပ် ဆုံးရှုံးမှုဆိုတာကိုလည်း မသိခဲ့ပါ။ အနာဂတ်မျိုးဆက်သစ်တွေမှာ ကျွန်မတို့လို အခက် အခဲမျိုးကြုံနိုင်စရာနဲ့ အခွင့်အရေးဆုံးရှုံးစရာ မရှိတော့ပါလို့ မြင်မိပါတယ်။ အဲဒီနည်းစနစ်ဟာ ကလေးတွေရဲ့ “ဒီမိုကရေစီ ဘဝကို စာသင်ကျောင်းကတည်းက အစပြုစေတဲ့ပညာရေးစနစ်ကောင်း” ပါ။ ကျောင်းတွင်း ဒီမိုကရေစီအလေ့အထ ကောင်းပါမှ အနာဂတ် မြန်မာ့ဒီမိုကရေစီရှင်သန်မှာဆိုတာကို ပညာရေးက သဘောပေါက်ပြီး အောင်မြင်အောင် ယနေ့မှာ ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သတိပြုမိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ မိမိဒေသနှင့် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုများနှင့် ပတ်သက်၍ တင်ပြမှု၊ ဆွေးနွေးမှုများ၊ မြန်မာနိုင်ငံပညာရေးကဏ္ဍ မြင့်မားရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နိုင်ငံတကာ ဆွေနွေးပွဲများနှင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေတာကို သိမြင် နေရပါတယ်။ ဒါတွေဟာ အနာဂတ်မှာကျွန်မတို့နှင့် မျိုးဆက်သစ်များ၏ ဒီမိုကရေစီလူ့ဘောင်ဆီသို့ ချီတက်ရာတွင် ပိုမိုချောမွေ့အောင် လမ်းခင်းပေးနေခြင်းပါ။ ထို့အတူ ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ “အခမဲ့မသင်မနေရမူလတန်းပညာရေးစနစ်” ကို အကောင်အထည်ဖော် ဆောင်ရွက်နေ ပါတယ်။ ကမ္ဘာမှာ မူလတန်းပညာရေးပြီးဆုံးသူ ကလေး တစ်ဦးကို နိုင်ငံကြီးသားစိတ်ဓာတ်၊ ဉာဏ်ပညာ ဆင်ခြင်တုံတရားပြည့်ဝရေးနှင့် လူမှုဘဝ အဆင့်အတန်းမြင့်မားလာအောင် လေ့ကျင့်ပေးရပါတယ်၊ အသိဉာဏ် ပညာကြွယ်ဝသော နိုင်ငံသားကောင်းတွေပေါများမှ ဒီမိုကရေစီစနစ် အောင်မြင်မှာ ဆိုတာကိုသိရှိပြီး ပညာရေးက အကောင်အထည်ဖော်နေခြင်းလို့ နားလည်မိပါတယ်။

ထို့အတူ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များပေါ်ထွန်းရေးနှင့် အရည်အသွေးပြည့်ပညာရှင်များ မွေးထုတ်နိုင်ရေး အတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် မြန်မာ့တက္ကသိုလ်တို့အကြား  MOU ထိုးကာ ပူးပေါင်းဆောင်ရွက်နေတာ ကို တွေ့ရပါတယ်။ ထို့အတူ သင်ရိုးညွှန်းတန်းများအား ပြင်ဆင်ရေးဆွဲနေတာကိုလည်း တွေ့နေရပါတယ်။ အဲဒီလိုရေးဆွဲသည့် အခါမှာလည်း ယနေ့ကမ္ဘာမှာသုံးနေတဲ့ “မူဟန်မယွန်း ဖွံ့ဖြိုးတိုးတက်ခြင်း“ (sustainable development) ကို ဦးတည်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်ကြောင်း သိရှိခဲ့ပါတယ်။ ဒါတွေဟာလည်း လွှတ်တော်(၃)ရပ်က ဆွေးနွေးခဲ့တာတွေကို အကောင် အထည်ဖော်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မြန်မာ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ရှိမည့် အမျိုးသားပညာရေးဥပဒေနှင့် အဆင့်မြင့် ပညာရေး ဥပဒေ တို့ကို ရေးဆွဲနေကြောင်း သိရှိရပါသည်။ အဲဒီဥပဒေများ ပေါ်ထွန်းလာလျှင် ”ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ (Autonomouse Universities) နှင့် အမျိုးသားတက္ကသိုလ်များ” ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ထိုတက္ကသိုလ်များနှင့် centre of excellence များပေါ်ပေါက်လာလျှင် ကမ္ဘာ့အဆင့်မီ မဟာဌာနများနှင့် သင်ကြားရေးလွတ်လပ်မှုများ (academic freedom) ရရှိပြီး ပညာရပ်သင်ကြား သင်ယူမှု အဆင့်အတန်း မြင့်မား သည်ဟု မှတ်သားခဲ့ရဘူးပါသဖြင့် မျိုးဆက်သစ် ကျောင်းသား/သူများသည် ယခုထက် အရည်အသွေး မြင့်မား လာမှာ ဖြစ်သည့်အတွက် ဝမ်းသာမိပါတယ်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ရဲ့ ဆောင်ပုဒ်ဖြစ်သည့် “ဒီမိုကရေစီထွန်းကားရေး-ပြည်သူ့ အသံမြှင့်တင်ပေး” သည် မြန်မာ့ ပညာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းကို အထောက်အပံ့ ဖြစ်စေလိမ့်မည်ဟု ခံယူမိပါသည်။ ပြည်သူ၏ ပညာရေးနှင့် ပတ်သက်သော လိုအပ်ချက်၊ သဘောထား၊ အတွေ့ အကြုံများနှင့် နိုင်ငံသားများ၏ ရင်တွင်းသံကို များများသိရှိမှသာလျှင် အားနည်းချက်ကင်းပြီး ပိုမိုကောင်းမွန်သည့် ပညာရေးကို အကောင်အထည် ဖော်ဆောင်နိုင်မှာမို့ပါ။ နိဂုံးချုပ်အနေဖြင့် “ပညာရေးအခြေမြင့်မှ သာနိုင်ငံရဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း တင့်တယ်မည်” ဟု ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအားလုံး လက်ခံ ကျင့်သုံး နေပါသဖြင့် ကျွန်မှတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပညာရေးမြှင့်တင်မှု လုပ်ငန်းများကို ဒီမိုကရေစီဘက်တော်သား အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးကြပါဟု မေတ္တာရပ်ခံ ပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။