Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကျင်းပ

နေပြည်တော် စက်တာဘာ ၁၅

“ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံမြှင့်တင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ၂၀၁၃ (International Day of Democracy 2013) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ခမ်းနားသိုက်မြိုက်စွာကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ  ဒီမိုကရေစီနေ့ ၂၀၁၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ၊ ပြည်တွင်းစာနယ်ဇင်းများမှ သတင်းထောက်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကအဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကအမှာစကားပြောကြားပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သဝဏ်လွှာ ကို ၂၀၁၃ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ဒီမို ကရေစီနေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးဦး က ဖတ်ကြားသည်။ ထို့နောက် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၃ အထိမ်းအမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာကို United Nations Population Fund (UNFPA) မှ Representative Ms.Janet E.Jackson က လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ Inter-Parliamentary Union(IPU) ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက်ကို ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ  ဦးလှမြင့်ဦးက လည်းကောင်း ဖတ်ကြားကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့  ၂၀၁၃ အထိမ်း အမှတ်အဖြစ်ပေးပို့သော စာတမ်း များဖြစ်သည့် ကျောင်းသားလူငယ်များ၏စာတမ်း၊ ပြည်သူလူထု ကိုယ်စားပြု ကိုယ်စားလှယ်၏စာတမ်း၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊  အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊ “ဝ” ဒီမို ကရက်တစ်ပါတီ၊ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ စာတမ်းများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက အသီးသီး ဖတ်ကြားကြသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော်သိသော တစ်ရံရော အခါများ” စာအုပ်ဖြင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးစာပေ၊ အမျိုးသား စာပေဆုရ ဦးကိုကိုမောင်ကြီး၊ နိုင်ငံအကျိုးပြု စာပေများ ရေးသားမှုအတွက် ဦးကျော်ဝင်း၊ လွှတ်တော် Channel ထုတ်လွှင့်မှုအတွက် Sky Net ရုပ်သံ၊ လွှတ်တော်သတင်းများ စဉ်ဆက်မပြတ်ရယူပေးသော ပြည်တွင်းပြည်ပ သတင်းမီဒီယာ များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက်  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိဂုံးချုပ် အမှာစကားပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သံတမန်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါသည်။ (သတင်းစဉ်)

ဒီမိုကရေစီနေ့ အခန်းအနားဓါတ်ပုံများ

ပြည်ထောင်စုလွှတ်တော်နာယက၏ အဖွင့်အမှာစကား
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ အမှာစကား
နိုင်ငံတော်သမ္မတမှ ပေးပို့သောသဝဏ်လွှာ