Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တင်ပြသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ စာတမ်း

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တင်သွင်းသည့်စာတမ်းကို ကျွန်တော်ဦးနေဝင်းထွန်းမှ ဖတ်ကြားမှာဖြစ်ပါတယ်။

<--break->

ဒီမိုကရေစီ၏ သဘောတရားကို နိုင်ငံရေးနယ်ပယ်တွင် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါသည်။ အားလုံးသော အဓိပ္ပါယ် ဖွင့်ဆိုချက်များ၏ ဦးတည်ချက်သည် “ ပြည်သူအာဏာပိုင်စိုးတဲ့ အုပ်ချုပ်ရေးစနစ်” ဖြစ်ကြောင်းကို တွေ့ရှိရပါသည်။ လူအဖွဲ့အစည်းသည် ခေတ်စနစ်တွေအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ပြီး ပြည်သူများအတွက် အကောင်းဆုံးဖြစ်စေမည့် အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်၍ ဒီမိုကရေစီစနစ်ဖြစ်ထွန်းလာခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ် တစ်ခုဖြစ်ပါသည်။

နိုင်ငံတို့၏ ဖြတ်သန်းလာသောသမိုင်းကြောင်းအရ အစိုးရတို့သည်လည်း ပုံသဏ္ဍာန်အမျိုးမျိုးနှင့် နိုင်ငံရေးစနစ် အမျိုးမျိုးတွေ့ရှိရပါသည်။ နိုင်ငံရေးစနစ်အမျိုးမျိုးကို ကမ္ဘာပေါ်မှာ တွေ့မြင်နေရသော်လည်း ကမ္ဘာ့လူသားအများစု တောင့်တ လိုလား လက်ခံသည်မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်သည် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့် ရသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အချုပ်အခြာအာဏာသည် ပြည်သူတို့၏ လက်ဝယ်မှာရှိပြီး ပြည်သူကသာလျှင် နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတည်းဟူသော အာဏာသုံးရပ်၏ မူလပိုင်ရှင်ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဂရိမြို့ပြနိုင်ငံများခေတ် ဘီစီ- ၅ ရာစုလောက်တွင် ဒီမိုကရေစီစနစ် စတင်ပေါ်ပေါက်လာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ တွေ့ရှိရပြီး ဂရိမြို့ပြနိုင်ငံများတွင် အရွယ်ရောက်ပြီးသော နိုင်ငံသားများ နေရာတစ်နေရာ တွင် စုဝေးတက်ရောက်ပြီး လူထု စည်းဝေးပွဲကြီးများပြုလုပ်ကာ နိုင်ငံတော်၏ ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း၊ ဥပေဒေများ ပြဋ္ဌာန်းခြင်း၊ အစိုးရ၏တာဝန်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ကြရာမှ ကောင်းမွန်သည့် စနစ်၊ ပြည်သူ့အကျိုးကို ပြည်သူများကိုယ်တိုင် ဖန်တီး ဖော်ဆောင်ခွင့် ရရှိသည့်အတွက် ကမ္ဘာ၏ အခြားသော နိုင်ငံအများစုက ယနေ့တိုင် ဆက်ခံကျင့်သုံးလာကြခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် ဒီမိုကရေစီကို “ The Government Of The People, By The People, For The People”  “ပြည်သူတို့အတွက် ပြည်သူတို့က ရွေးချယ်သည့် ပြည်သူ့အစိုးရ” ဟု အနက်အဓိပ္ပါက် ဖွင့်ဆိုလာပါသည်။ စကားလုံး၏ အနက်အဓိပ္ပါက်ပြောင်မြောက်သကဲ့သို့ စနစ်၏ အနှစ်သာရလည်း ကောင်းမွန်မြင့်မြတ်လှပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ခေတ်စနစ်၏ တောင်းဆိုချက်အရ ၂၀၀၈ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြီး အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)-

ပုဒ်မ- ၄ ၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်။

ပုဒ်မ- ၇ ၌ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဟု အတိအလင်းပြဋ္ဌာန်းထားရှိသော ဒီမိုကရေစီနိုင်ငံဖြစ်လာပါသည်။

နိုင်ငံတော်အစိုးရကို ပြည်သူများက ပြည်သူများထဲကမှ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်သောမဲဆန္ဒဖြင့် ရွေးချယ်ပြီး ပြည်သူ့ကိုယ်စားလှယ်များအဖြစ် တင်မြှောက်ခဲ့ကြပါသည်။

နိုင်ငံတော်သည် နိုင်ငံတော်၏အာဏာကို ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် အုပ်ချုပ်ရေး အာဏာဟူ၍ အာဏာ (၃) ရပ် ခွဲဝေကျင့်သုံးပြီး ယင်းအာဏာ (၃) ရပ်ကို Check & Balance (အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု) ဖြင့် ပြည်သူကို အကောင်းဆုံးအကျိုးပြုနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် လွှတ်တော် (၂) ရပ်မှ ခေတ်နဲ့မလျော်ညီတော့သော ဥပဒေများကို ခေတ်နှင့် လျော်ညီသော ဥပဒေများအဖြင့် ပြင်ဆင်ခြင်း၊ အစားထိုးခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများကို ပြည်သူ့ ကိုယ်စားလှယ်များက ဆောင်ရွက်ခြင်းအားဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရကို ယနေ့ ဖော်ဆောင်လျက်ရှိနေပါသည်။

ခေတ်ပြောင်း၊ စနစ်ပြောင်းကာလတွင် ခေတ်စနစ်နှင့် လျော်ညီသော ဥပဒေများ၊ ပြည်သူများကို ကယ်တင်ရာရောက်သော၊ တိုင်းပြုပြည်ပြုဖြစ်စေသော ဥပဒေများကို နိုင်ငံတော်အတွက် ရေးဆွဲပြဋ္ဌာန်းပြီး တိုင်းရင်းသား ပြည်သူတို့ကို အကျိုးပြုကြရမည်ဖြစ်ပါသည်။

ဥပဒေပြုရေးအာဏာကို လွှတ်တော်များက ကျင့်သုံး၍ တရားစီရင်ရေးအာဏာကို တရားလွှတ်တော်ချုပ်က ကျင့်သုံးပြီး အုပ်ချုပ်ရေးအာဏာကိုမူ စီမံခန့်ခွဲရေးအတွက် ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံတော် အဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်း၍ စီမံခန့်ခွဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိကြပါသည်။ ယင်းသို့ အသီးသီး တာဝန်ယူ ဆောင်ရွက်မှု များကို အပြန်အလှန်ထိန်းကျောင်းမှုနှင့် ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြပါသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူတို့၏အကျိုးစီးပွားသာ အဓိကဖြစ်ပါသည်။ နိုင်ငံတော်၏ အာဏာ (၃) ရပ်လုံးသည် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ကာကွယ်စောင့်ရှောက်ရမည်သာ ဖြစ်ပါသည်။

အဓိကအားဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ဆင်းရဲသော နိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံများစာရင်းကနေ ပယ်ဖျက်ပြီး ဖွွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာစေရန် အားသွန် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတိုးတက်မှုနှုန်းကို ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုရသည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံပီပြင်စွာ ဖြစ်ပေါ်လာရေးတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးတွင် တာဝန်အသီးသီးရှိကြပါသည်။ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး တိုင်းပြည်ဖွံ့တိုးတက်ရေးကို လက်တွဲညီညီဆောင်ရွက်သွားခြင်းဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါသည်။

ဒီမိုကရေစီနိုင်ငံများနှင့် ဒီမိုကရေစီ အစိုးရများသည် ပြည်သူသာ ပဓာနဝါဒဖြင့် ပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်ရှေးရှုလျက် ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူတို့၏ ပညာရေးတိုးတက်မှု၊ ပြည်သူတို့၏ အသက်အိုးအိမ်လုံခြုံရေး၊ ပြည်သူတို့၏ စီးပွားရေးလုပ်ငန်းများ လုံခြုံရေးနှင့် ပြည်သူများ လွတ်လပ်စွာ အရှိန်အဟုန်ဖြင့် ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို သယ်ပိုးထမ်းရွက်လျက်ရှိသကဲ့သို့ ကျွန်တော်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်သော ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံးအတွက် အခြေခံကျကျ အကောင်းဆုံး စဉ်းစားသုံးသပ်ပြီး အားကိုးအားထားနိုင်သည့်၊ ကာကွယ်စောင့်ရှောက်နိုင်သည့်၊ အေးချမ်းစည်းလုံး ညီညွတ်နိုင်သည့်၊ ပြည်ထောင်စုကြီး ကြွယ်ဝချမ်းသာနိုင်ရန် ကောင်းမွန်လေးစားစွာ အမှီသဟဲပြုနိုင်သော ဥပဒေများ ပြုပေးနိုင်ပြီး ကောင်းမွန်ဖြောင့်တန်းသော ဒီမိုကရေစီကျင့်စဉ်၊ လမ်းစဉ် စနစ်ကောင်း ညီညွတ်သော ခွန်အားကောင်း ဥပဒေတို့ဖြင့် ခေတ်အပြောင်းချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် အောင်မြင်စွာ ဂုဏ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။