Skip to main content

၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တင်ပြသော ‘ဝ’ ဒီမိုကရက်တစ်ပါတီ၏ စာတမ်း

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ခင်ဗျား

 

ဒီနေ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသောနေ့တစ်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဤအခမ်းအနားသို့ ကြွရောက်လာကြတဲ့ ဒီမိုကရေစီဘက်တော်သားအားလုံးနဲ့ အခမ်းအနားကို ကြီးမှူးကျင်းပသည့် ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့်တကွ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်များ၊ကြွရောက်လာကြသည့်

<--break->

ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အပါအဝင် မြန်မာပြည်တနံတလျားမှ ရောက်ရှိလာကြသည့် ညီအစ်ကို ဘက်တော်သား ပါတီခေါင်းဆောင်များ အားလုံးကို မင်္ဂလာပါလို့ ဂါရဝတရားနှင့် ကျွန်တော်များ ‘ဝ’ ဒီမိုကရက်တစ်ပါတီမှ နှုတ်ခွန်းဆက်သအပ်ပါသည်။

 

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ခင်ဗျား

 

ယနေ့ ကျွန်တော်များ နေထိုင်ကြသည့် ဤကမ္ဘာကြီးကို လေ့လာရှုမြင်မည်ဆိုပါလျှင်

  • ကမ္ဘာကြီးသည် မေတ္တာဂရုဏာ၊ အကြင်နာတရားများ ခေါင်းပါးပြီး အချင်းချင်း မိမိအကြား အချင်းချင်း အခွင့်အရေး ရယူပိုင်ဆိုင်လိုမှုအပေါ် အခြေပြုသည့် ရန်လိုမုန်းတီးခြင်း၊ မလိုလားအပ်သည့် ပြုလုပ်မှုများ ရှိသည့်အတွက် ကမ္ဘာ့နေရာ အနှံ့အပြားမှာ အကြမ်းဖက်လုယက်တိုက်ခိုက်သတ်ဖြတ်မှုများ ရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။
  • အချို့နေရာဒေသများမှာ တယူသန် တဖက်စွန်းဝါဒကို လက်ကိုင်ပြုပြီး ကမ္ဘာ့မိသားစုများ၏ နိုင်ငံရေး လူမှုရေးတို့အပေါ် ခြိမ်းခြောက်မှုများအပေါ် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသလို
  • အချို့ပုဂ္ဂိုလ်အစုအဖွဲ့တို့က ဒီမိုကရေစီကို လက်ဝါးကြီးအုပ်လိုမှုနဲ့ အများလူထုထက် အနည်းလူတစုအတွက် ကိုယ်ကျိုးကို ရှေ့တန်းတင်ပြီး ဒီမိုကရေစီ မျက်နှာဖုံးတပ် လုပ်ဆောင်နေသူ လူစုများလည်းရှိပါသည်။ ထို့အပြင် မိမိရဲ့အခွင့်အရေးဆိုင်ရာဆိုင်ခွင့်၊ ရရန်ပိုင်ခွင့်တို့အပေါ် မိမိသာလျှင်ပိုင်ဆိုင်ခွင့်ရှိသည်ဟူသော အယူအဆ လွှမ်းမိုးပြီး မိမိအကျိုးအမြတ်ကိုသာ အစဉ်အမြဲထည့်တွက်လုပ်ဆောင်နေကြသည့် လူ့မလိုင် လစ်ဘရယ်ဝါဒီ များလည်း ကြီးစိုးလွှမ်းမိုးနေလျှက်ရှိတာကို လေ့လာတွေ့ရှိရပါတယ်။
  • အထူးသဖြင့် အချို့နေရာဒေသများတွင် အခွင့်အရေးဆိုင်ရာ ပဋိပက္ခများ အပြီးသတ်ချုပ်ငြိမ်းရန် ခက်ခဲ နက်နဲစေသည့် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးများတို့အပေါ် ခွဲြားဆက်ဆံခြင်း၊ လွှမ်းမိုးလိုခြင်းစသည့် အမြင်ကျဉ်းဝါဒများ ဆက်လက်ကျင့်သုံးနေဆဲရှိသည်ဟု ပြောကြားလိုပါသည်။

ဒီလိုဖြစ်ပွားလုပ်ဆောင်ချက်များအားလုံးသည် ကမ္ဘာ့မိသားစုများအကြား ဒီမိုကရေစီစနစ်ဖြစ်ထွန်းမှု၊ ကြီးထွား ရှင်သန်နေမှု၊ ဝေဆာကျယ်ပြန့်မှုများကို ခြိမ်းခြောက်ပြီး၊ တဖြည်းဖြည်း ဆုတ်ယုတ် ဆိတ်သုန်းပျောက်ဆုံးသေသည့် လမ်းကြောင်းပေါ်သို့ ဦးတည်နေသည်မှာလည်း အလွန်ထိန့်လန့်စိုးရိမ်မိပါတယ်။

 

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ခင်ဗျား -

အထူးသဖြင့် ဒီမိုကရေစီနုနယ်နေသေးသည့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အထူးဂရုပြုရန် လိုအပ်လျက် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံး ဒီမိုကရေစီအလေ့အကျင့် အလွန်နည်းပါးနေသေးသည့်အတွက် လက်တွေ့ကျင့်သုံးရာမှာ သတိမမူဂူမမြင်ဖြစ်နေပါလျှင် အများအတွက်ဟု ဆိုသော်လည်း အားများရာသို့ လည်း ကောင်း၊ အားသန်ရာသို့လည်းကောင်း၊ အားရှိရာသို့ လည်းကောင်း အဂတိတရားရှိရာသို့ လည်းကောင်း ယိမ်းယိုင် တိမ်းစောင်း သွားတတ်လေ့ရှိပါသည်။

 

ထို့ကြောင့် ဤမြန်မာ့လူအဖွဲ့အစည်းနှင့် ကမ္ဘာ့မိသားစုများအကြားမှာ လူမျိုးပေါင်းစုံ၏ ပကတိဖြစ်တည်မှု အရှိတရားအား လက်ခံမှု၊ စစ်မှန်သော အခွင့်အရေးရရှိမှုနဲ့ တည်ငြိမ်အေးချမ်းခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူ ညီမျှခြင်းနှင့်အတူ ဒီမိုကရေစီရေးမှာ စစ်မှန်သော ဖက်ဒရယ်မူဝါဒထွန်းကားပါမှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားနိုင်မည်ဟု ကျွန်တော်များ ‘o’ ဒီမိုကရက်တစ်ပါတီမှ အလေးအနက်ယုံကြည်ပါသည်။

 

ချစ်ခင်လေးစားအပ်ပါသသော ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ ခင်ဗျား-

ဒီမိုကရေစီဆိုသည်မှာ ထိပ်တိုက်ရင်ဆိုင်မှု၊ အကြမ်းဖက်မှု ကင်းမဲ့ပြီး၊ အတ္တကိုလည်း ရှေ့တန်းမတင်ပါ။ လူကိုသာ ပဓာနပြုပြီး အေးချမ်းတည်ငြိမ်မှု၊ အပြန်အလှန်လေးစားမှု သဘောတရားများကို မြတ်နိုးပြီး လက်တွေ့ ကျင့်သုံးသည့် စနစ်ဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်များ ‘ဝ’  ဒီမိုကရက်တစ်ပါတီအနေနှင့် ဒီလိုယုံကြည်သည့် အတိုင်း မြန်မာ့လူ့ အဖွဲ့အစည်း ပဋိပက္ခများ ချုပ်ငြိမ်းပြီး၊ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုနှင့် အတူ ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီး ပေါ်ထွန်းမှုကို ရည်သန်ပြီး အောက်ပါသဘောထားရပ်တည်ချက်များကို ထုတ်ပြန်ကြေညာ အပ် ပါသည်။

(က) ၂၀၀၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်မှုကို ထောက်ခံသည်။

 

(ခ) တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအစုံနှင့် လက်နက်ကိုင်ပဋိပက္ခအဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့ဖွဲ့စည်းရန်အဆိုပြုသည်။

 

(ဂ) စစ်မှန်သော “ဖက်ဒရယ်မြန်မာပြည်ထောင်စု”စနစ် ကျင့်သုံးရန်လိုလားသည်။

 

(ဃ) ပကတိအရှိတရားတည်ရှိမှုကို အသိအမှတ်ပြုပြီး ပြည်နယ်သစ်ဖွဲ့စည်းရေးနှင့် ‘ဝ’ ပြည်နယ် အသိအမှတ်ပြု ပြဋ္ဌာန်းရန် တောင်းဆိုမှုအား ခြွင်းချက်မရှိ လိုလားထောက်ခံ တောင်းဆိုသည်။

 

(င) မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခွင့်အရေးဆိုင်ရာတောင်းဆိုမှုများ ဖြေလျော့ ချုပ်ငြိမ်းရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအစုံနှင့် လက်နက်ကိုင်ပဋိပက္ခ အဖွဲ့အစည်းများ၏ကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်များ၊  အသိပညာရှင်၊ အတတ်ပညာရှင် များနှင့် အစိုးရအဖွဲ့ဝင် ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ဖွဲ့စည်းပြီး မြန်မာ့လူ့ အဖွဲ့အစည်းရှိ ပဋိပက္ခများ အပြီးသတ်ချုပ်ငြိမ်းရေးနှင့် အစဉ်ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တည်ဆောက်ရန်လိုအပ်သည်ဟု သဘောရရှိပါသည်။

 

(စ) ကမ္ဘာ့မိသားစုအတွက် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး “မူ” ကို မမှိတ်မသုန် လိုက်နာကျင့်သုံးပြီး တိုင်းရင်းသား လူမျိုးအချင်းချင်းများအကြား ချစ်ကြည်ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှု၊ ရိုင်းပင်းကူူညီမှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု များဖြင့် တည်ဆောက်ရန် လိုအပ်သည်ဟု အလေးအနက်ယုံကြည်သည်။

 

(ဆ) မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခွင့်အရေးဆိုင်ရာ တောင်းခံမှုစသည့် စိန်ခေါ်မှုများကို ဖြေလျော့သောနည်းလမ်းဖြင့် ကျော်ဖြတ်နိုင်မည်ဟု အလေးအနက်ယုံကြည်သည်။

 

(ဇ) တည်ငြိမ်အေးချမ်းသာယာဝပြောပြီး ခေတ်မီတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက် နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လူစွမ်းအားအရင်းအမြစ်များဖြင့် အောင်မြင်စွာ တည်ဆောက် နိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ပါကြောင်း၊ မိမိ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၏ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ကြေညာရင်း နိဂုံးချုပ်အပ်ပါသည် ခင်ဗျား။