Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တင်ပြသော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၏ စာတမ်း

ပြည်တွင်းငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီထွန်းကားရေးဆီသို့

တတိယအကြိမ်မြောက်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့်အတူ “ဒီမိုကရေစီထွန်းကားရေး ပြည်သူ့ အသံမြှင့်တင်ပေး”ဆိုသည့် ဆောင်ပုဒ်ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

<--break->

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စဉ်သည် မြန်မာနိုင်ငံသားများအတွက် များစွာ အားရကျေနပ်မှုကို ဖြစ်စေပါတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ပြီး မြန်မာပြည်သူများ ဒီမိုကရေစီအခွင့်အရေးများကို တန်းတူညီမျှ ခံစားနိုင်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး (၃) ရပ်က မီဒီယာ ကဏ္ဍနဲ့ပူးပေါင်းပြီး ကဏ္ဍတစ်ခုနဲ့တစ်ခု ထိန်းကျောင်းသွားကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးမှာ အလေးထားဆောင်ရွက်ရမည့် အရေးကြီးဆုံးသော ကိစ္စရပ်များမှာ တိုင်းရင်းသာအရေးလည်း ဦးစားပေးပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာတိုင်းရင်းသားများ၏ အခွင့်အရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှု မရှိခဲ့တဲ့အတွက် တိုင်းပြည်တစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များ အလွန်နောက်ကျခဲ့ပါတယ်။ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့ဟာ အမြဲဒွန်တွဲလျက် ရှိနေပါတယ်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သရွေ့ တည်မြဲတဲ့ငြိမ်းချမ်းရေးနဲ့ ဝေးကွာပြီး ဒီမိုကရေစီဖြစ်ထွန်းအောင်မြင်ရေး ဟာလည်း ရွေ့လျားမှုနှေးကွေးနေမှာ အမှန်ဘဲဖြစ်ပါတယ်။

ဒီကနေ့ ပြည်သူတွေအားကိုးအားထားပြုတဲ့ ပြည့်သူ့အသံကို ဖော်ဆောင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးမှာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသားလူမျိုးများ၏ လိုအပ်ချက် များကို ဖော်ဆောင်ပေးနိုင်ရေးအတွက်ဦးတည်ပြီး ပြုစုနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားများ၏ အသံနှင့် ဘဝကိုလေ့လာပြီး ရေးဆွဲနေခြင်းဖြစ်၍ များစွာသော ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ခေတ်နှင့်အညီဖြစ်ရေး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် တန်းတူညီမျှမှုကို ဖော်ဆောင် နိုင်ရေးကို ဦးတည်ပြီး ပြန်လည်သုံးသပ်မှုပြုနေပြီဖြစ်ကြောင်း ကြားသိရတဲ့အတွက် များစွာဂုဏ်ယူကျေနပ်အားရမိပါတယ်။

မကြာခင်မှ ပြည်သူတစ်ရပ်လုံးရဲ့လိုအပ်ချက်၊ မျှော်လင့်ချက်များကို ပြည်သူ့အသံနားထောင်ပြီး အောင်မြင်အောင် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်မျှော်လင့်လျက်ရှိနေကြပါတယ်။

ဒါ့အပြင်နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဦးစီးဦးဆောင်မှုပြုပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကို အကောင် အထည် ဖော်ဆောင် နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ၊ ညှိနှိုင်းအဖြေရှာမှုများ ပြုလုပ်လျက်ရှိနေခြင်း အပေါ် ပြည်သူတစ်ရပ်လုံးက အားပေး ထောက်ခံလျှက် ရှိနေကြပါတယ်။ ဒီလို ဆွေးနွေးညှိနှိုင်းမှုတွေက ရရှိလာတဲ့ သဘောတူညီချက်များကို ပြည်ထောင်စု လွှတ်တော်ကြီးက ဥပဒေပြုပေးနိုင်ဖို့လည်း အရေးကြီးတဲ့ကိစ္စရပ်အဖြစ် လိုအပ်ပါကြောင်း တိုင်းရင်းသားများ ကိုယ်စား တင်ပြအပ်တယ်။ သို့မှသာ ကြိုးစားဆောင်ရွက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်ပြီး အကျိုးရှိသော ဆွေးနွေးမှုများဖြစ်တည်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ တွေ့ဆုံဆွေးနွေးမှုကရရှိလာတဲ့အဖြေကောင်း၊ ရလဒ်ကောင်းနဲ့ ဘုံသဘောတူညီချက်တွေကို ခိုင်မာပြီးအာမခံချက် အပြည့်အဝပေးနိုင်တဲ့ ဥပဒေများ ပေါ်ထွက်လာရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ တာဝန်အပြည့်အဝရှိကြောင်းကို တင်ပြလာပါတယ်။ သို့မှသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးနှင့်အတူ တိုင်းရင်းသား ပြည်သူများ၏ ဘဝမှာရည်ရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတိုးတက်မှုများကို ရယူခံစားလာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ဒီမိုကရေစီပီပြင်စွာ  ထွန်းကားလာမှာဖြစ်ပါတယ်။

မေခနှင့်မလိခ ပေါင်းစုံတဲ့ မြန်မာနိုင်ငံရဲ့အသက်သွေးကြော မြန်မာနိုင်ငံရဲ့ သမိုင်း၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖြစ်ပေါ်လာစေတဲ့ မြစ်ဆုံကြောင့် ဧရာဝတီဖြစ်လာခဲ့ပါတယ်။ “ဧရာဝတီအစ မြစ်ဆုံက” ဖြစ်သလို သမိုင်းအရ မြန်မာနိုင်ငံအစ မြစ်ဆုံကဆိုပြီး ပြောလို့လည်းရပါတယ်။ ဒီမြစ်ဆုံမှာ ရေကာတာလုပ်မယ့်စီမံကိန်းကို ဒီမိုကရေစီစနစ်အရ ပြည်သူ့အသံကို နားထောင်ပြီး သမ္မကြီးမှ ရပ်ဆိုင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထာဝရ တည့်တံ့ခိုင်မြဲနေမှာ ဖြစ်သလို မြစ်ဆုံ စီမံကိန်းဟာလည်း ပြည်သူ့ဆန္ဒအရ ထာဝရရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံမြှင့်တင်ပေး”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော်တို့ပြည်နယ်မှ တိုင်းရင်းသား များရဲ့ အသံကိုလည်း တိုင်းပြည်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရေးအတွင် တင်ပြခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားလုံး အပြည်ပြည်ဆိုင်ရာ ဒီ်မိုကရေစီနေ့နှင့်အတူ ပိုပြီးကျယ်လောင်စွာ ဟစ်ကြွေးလာမည့် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူတို့၏ အကျိုးကို ပိုမိုထမ်းဆောင်နိုင်ကြပါစေလို့ ကျွန်တော်တို့ပါတီက ဆုမွန်ကောင်း တောင်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။