Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တင်ပြသော တအာင်း(ပလောင်) အမျိုးသားပါတီ၏ စာတမ်း

ယနေ့ ဒီအခမ်းအနားကြီးကို ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော လွှတ်တော်အသီသီးမှ ဥက္ကဋ္ဌကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်များအားလုံးကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည်စုံပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက် ဂါရဝပြုအပ်ပါတယ်။

<--break->

ကျွန်တော်ကတော့ တအာင်း(ပလောင်) အမျိုးသားပါတီက ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးညွှန့်မောင် ဖြစ်ပါတယ်။ ကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားမှာ တအာင်း(ပလောင်) အမျိုးသားပါတီရဲ့ ဆွေးနွေးချက် စာတမ်းကို ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

ကနေ့ စက်တင်ဘာလ၊ (၁၅)ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ဒီမိုကရေစီနေ့”အဖြစ် ၂၀၀၇ခုနှစ်တွင် ပြုလုပ် ကျင်းပခဲ့သော ကမ္ဘာ့ကုသမဂ္ဂအထွေထွေညီလာခံကြီးမှ ပြဋ္ဌာန်းသတ်မှတ်ခဲ့တဲ့ ထူးခြားလေးနက်သော နေ့ရက်ကြီး တစ်ရက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက အာဏာရှင်စနစ်ကို ငြင်းပယ်ပြီး လူတစ်ဦး၊ လူတစ်စု၏ အကျိုးကို ရှေ့တန်းမတင်ပဲ နိုင်ငံသားအားလုံး၏ အကျိုးငှာ စုပေါင်းဆောင်ရွက်မှု၊ စုပေါင်းတာဝန်ယူမှု၊ တစ်ဦးချင်းစီ တာဝန်ကျေပွန်မှု၊ လူအများစုရဲ့ဆန္ဒအရ ဆောင်ရွက်မှုကို အဓိကအခြေခံသော၊ တစ်ချိန်တည်းမှာပဲ လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားသမှုပြုသော ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည် လာကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခုဆိုရင် အောင်မြင်တိုးတက်နေသော ကမ္ဘာ့နိုင်ငံအများစုနည်းတူ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်သစ်တစ်ရပ်ကို ထူထောင်သွားရန် စည်းလုံးညီညွတ်စွာ အားထုတ်ကြိုးပမ်းနေသည့် အရေးပါတဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီးဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပရခြင်းရဲ့အနှစ်သာရက  “ Strengthining Voices of Democracy”  “ဒီမိုကရေစီအသံများ အားပေးကြစို့ ”ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကနေ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးချက်များပါဝင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ အသံဟာ ဘယ်လောက် အရေးပါဘာသလဲဆိုတာတွေ တိုက်ရိုက်ဖြစ်စေ၊ ပြည့်သူ့ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပိုမို လေးနက်တောက်ပြောင်လာအောင် မီးမောင်းထိုးပြရမည့် အချိန်အခါရောက်ရှိနေ ပါပြီ၊ ပြည်သူတွေဟာ သူတို့ရဲ့အသံ သူတို့ရဲ့ဆန္ဒတွေကို ပိုမိုဖော်ပြနိုင်ပြီး သူတို့ကို ဒီမိုကရေစီနှလုံးသာနဲ့ ဆွဲခေါ်နိုင်မည့်၊ ပိုမိုကောင်းမွန်တဲ့ အစိုးရမျိုးကို ရွေးချယ်နိုင်မည့် စွမ်းရည်သတ္တိတွေ ပြည့်ဝလာစေဖို့အတွက် သူတို့ကို မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။

ကနေ့ ကမ္ဘာတစ်ဝှမ်းကို ပြန်ကြည့်ရင် ဒီမိုကရေစီစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် တန်ဖိုးရှိရှိ ကျင့်သုံးနေချိန်မှာ ဒီမိုကရေစီ သဏ္ဍာန် စိုးစဉ်းမျှရရှိပိုင်ဆိုင်မှု မရှိသေးတဲ့ နိုင်ငံတွေ၊ ဒေသတွေလည်း ရှိနေဆဲဘဲဆိုတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီဟာ အခြေခံအားဖြင့် ပြည်သူတွေရဲ့ ကိုယ်ပိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေးခေါ်များ လွတ်လပ်စွာ ဖော်ပြခွင့်နှင့် ၎င်းတို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့် အပြည့်အဝရရှိရေးတို့ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် အခြားနိုင်ငံများရဲ့ပုံစံကို တိုက်ရိုက်ပုံတူကူးချရာ မရောက်စေသော်လည်း ဖော်ပြပါအခြေခံတရားများမှ မကင်းလွတ်စေဘဲ ပိုမိုထူးချွန်ထက်မြက်သော အနာဂါတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်သည့် ခေတ်အဆင့်သို့ ရောက်ရှိအောင် တက်လှမ်းကြရမှာဖြစ်တယ်။ သဘောထားကွဲပြားမှုအားလုံးနီးပါးကို ခွင့်မပြုဘဲအထီးကျန်ဆန်ဆန် ရပ်တည်ခဲ့တဲ့ နိုင်ငံအဖြစ်ကနေပြီး နိုင်ငံတကာရဲ့ အားပေးချီမြှောက်ထောက်ခံမှုကို ကနေ့ဆိုရင် မိမိတို့နိုင်ငံက အားရဖွှယ်အတိုင်းအတာတစ်ခုအထိရရှိနေပြီးဖြစ်ပါတယ်။ ဒါ့အပြင် (၂) နီးပါးအချိန်အတွင်းမှာ ဒီမိုကရေစီနည်းအရ ပြုပြင် ပြောင်းလဲရေး အစိုးရက ဦးဆောင်တဲ့ နိုင်ငံအဖြစ်သို့လည်း ရောက်ရှိနေပြီးဖြစ်ပါတယ်။

မတူူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းနေထိုင်ကြတဲ့ မိမိတို့နိုင်ငံမှာ အခြေခံအကျဆုံးဖြစ်တဲ့ လူအခွင့်အရေး လေးစားလိုက်နာမှု၊ တရားဥပဒေ စိုးမိုးမှု၊ မီဒီယာ လွတ်လပ်မှု၊ နိုင်ငံသားတိုင်း နိုင်ငံရေးတွင် ပါဝင်ထမ်းဆောင် လှုပ်ရှားနိုင်မှု  အခွင့်အရေးများ၊ တိုင်းရင်းသားလူမျိုးစု အားလုံးတို့ရဲ့ မွေးရာပါမူလ အခွင့်အရေးများ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများအစရှိတဲ့ အခြေခံအကျဆုံးသော ဒီ်မိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီအောင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြည်သူ လူထုရဲ့ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှု၊ နိုင်ငံရေး အသိအမြင်ရှင်သန်ကြွယ်ဝမှု ရှိနေအောင် ဆောင်ရွက်ရမှာဖြစ်လို တစ်ဖက်မှာလည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆုံးသတ်ပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးအဆင့်သို့ ရောက်ရှိအောင်ဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျက်ရှိပါတယ်။ ဘယ်လိုဘဲ ဒီမိုကရေစီကို လိုချင်တယ်ပြောပြော၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုမရှိရင် စနစ်ကျပြီး မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ထိန်းသိမ်းနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ တရားဥပဒေစိုးမိုမှု တည်ဆောက်ထားနိုင်ဘို့ လွန်စွာအရေးကြီးပါတယ်။ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှုတွေကို တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများအထိ ဖော်ဆောင်ပေးမှသာလျှင် ဒီမိုကရေစီရဲ့အကျိုးရလာဒ်တွေလည်း ကျေးလက်ဒေသများအထိ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ မိမိတို့နိုင်ငံဟာ ကဏ္ဍပေါင်းစုံကနေ အသွင်ကူးပြောင်းမှုတွေကို တပြိုင်နက် ရင်ဆိုင်လုပ်ဆောင် နေပါတယ်။ ဗဟိုဦးစီးစနစ်က ဒီမိုကရေစီစနစ်သို့လည်းကောင်း၊ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးသို့ လည်းကောင်း၊ တံခါးပိတ်စီးပွားရေးစနစ်ကနေ တံခါးဖွင့်ဈေးကွက် စီးပွားရေးစနစ်သို့ လည်းကောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများမှ ခိုင်မြဲသော ငြိမ်းချမ်းရေးသို့လည်းကောင်း၊ တည်ငြိမ်သော အကူးအပြောင်းများ ကြိုးပမ်း လုပ်ဆောင်လျှက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထိုအကူးအပြောင်းတို့ရဲ့ အကျိုးတရားများကို ပြည်သူလူထုက ခံစားစံစားနိုင်ဘို့ စောင့်မျှော်နေကြပါတယ်။ အထူးသဖြင့် စီးပွားရေးအပြောင်းအလဲတွေကို ပြည်သူလူထုက မည်သို့မျှခံစားစံစားရခြင်း မရှိသေးဘဲ မရေတွက်လောက်သော လက်တစ်ဆုပ်စာလူတွေကသာ ရရှိခံစားနေကြရတာဖြစ် ပါတယ်။ ကျေးလက်ဒေသနေပြည်သူလူထုကတော့ ဒုံရင်းဒုံရင်းသာဖြစ်ပြီး စီးပွားရေး အပြောင်းအလဲဆိုတာ အိမ်မက်ပင် မက်နိုင်ရဲ့လားလို့တွေးစရာဖြစ်နေပါတယ်။ ဒါကြောင့် အဆိုပါအပြောင်းအလဲများအပေါ် ပြည်သူတစ်ရပ်လုံးက ထင်သာမြင်သာ ဖြစ်စေပြီး ပြောင်းလဲမှုရဲ့ ထိုက်သင့်သော အကျိုးတရားများ၊ အခွင့်အလမ်းများကို ပြည်သူလူထုထံ ရောက်ရှိအောင် ဒီမိုကရေစီဘက်တော်သားများ၊ အထူးသဖြင့် ဒီမိုကရေစီရဲ့ ဗိသုကာများဖြစ်ကြတဲ့ နိုင်ငံခေါင်းဆောင်များနှင့် ထိပ်ဆုံးပိုင်းမှ ဒေသဆိုင်ရာအခြေခံအဆင့်အထိ ပြည်သူ့ကိုယ်စားလှယ်များက ဆောင်ကျဉ်းပေးနိုင်ကြပါစေဆိုတာ ကနေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ယုံကြည်ချက်အပြည့်နဲ့ ဆန္ဒပြုရင်း ကျွန်တော်တို့ တအာင်း(ပလောင်) အမျိုးသားပါတီရဲ့ ဆွေးနွေး တင်ပြချက်များကို နိဂုံးချုပ် လိုက်ပါတယ်ခင်ဗျာ။