Skip to main content

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တင်ပြသောအမျိုးသား ဒီမိုကရေစီ ပါတီသစ်၏ စာတမ်း

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူပြောင်းရေးအတွက် လွှတ်တော်များအားကောင်းရေးနှင့် ဒီမိုကရေစီခိုင်မာရေးသည် ဆက်စပ် နေပါသည်။ ၂၀၁၀ ပါတီစုံဒီမီုကရေစီ အထွေထွေရွေးကောက်ပွဲပြီးစီးပြီးနောက် မြန်မာနိုင်ငံ တွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းနိုင်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။

<--break->

မြန်မာနိုင်ငံလွှတ်တော်များ၏ ထူးခြားချက်မှာ ပြည်သူက ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားသည်။ နိုင်ငံရေးအရဆိုလျှင် မြန်မာနိုင်ငံလွှတ်တော်များသည် အမျိုးသား အင်အားစုများ အတူ လက်တွဲလျက်ရှိပါသည်။

ယနေ့ မြန်မာနိုင်ငံသည်  တရားဝင်စာရင်းအရပင် ဆင်းရဲမွဲတေမှု ၂၆ % ရှိနေပါသည်။ လွတ်လပ်သော စာရင်းခန့်မှန်းချက် အရဆိုလျှင် နိုင်ငံ၏လူဦးရေ ၆၀ %ခန့် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် ရောက်နေ ပါသည်။  ကျောင်းမနေနိုင်သော ကလေးသူငယ်များ၊ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များ၊ မိမိ ကိုယ်ခန္ဓာကို ရောင်းစားနေရသော အမျိုးသမီးများ၊ အာဟာရ မပြည့်ဝသော ပြည်သူတစ်ချို့ရုပ်သွင်များ၊ လူကုန်ကူးခံနေရသော တိုင်းရင်းသူအမျိုးသမီးများ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာသို့သွားရောက်၍ ဘဝရပ်တည်ရေးအတွက် ပင်ပန်းကြီးစွာ လှုပ်ရှားရုန်းကန်နေရသော နိုင်ငံသူ နိုင်ငံသားများ၏ ဘဝမြင်ကွင်းကို မျက်ခြေပျက်၍ မရပါ။

သယံဇာတပေါကြွယ်လွန်းသော မြန်မာနိုင်ငံသည် ဘာကြောင့် ဆင်းရဲတွင်းနက်နေကြပါသနည်း။ ဖွံ့ဖြိုးတိုးတက်လိုသော အမိနိုင်ငံတော်ကို တည်ဆောက်လိုလျှင် အဖြေမှန်ရရှိရေးအတွက် အင်အားစုအားလုံးပြန် လည် သုံးသပ်ရမည့်အချိန် ဆိုက်ရောက်နေပြီဖြစ်ပါသည်။ ငွေကြေးအရင်းအနှီး၊ နည်းပညာများ ရှိရုံဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းဆောင်နိုင် မည်ဟု ထင်မြင်ပါသလား။

ပါလီမန်ဒီမိုကရေစီထွန်းကားသည့် ၁၉၅၃ ခုနှစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲနေ သည့် အချိန်တွင် အမေရိကန်စီးပွားရေးပညာရှင်တစ်ဦးက “ခင်ဗျားတို့ နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေပြီး နိုင်ငံ မတည်ငြိမ်သမျှ၊ ဘယ်လို အထောက်အပံ့ရတဲ့စီမံကိန်းမဆို အောင်မြင်မှာ မဟုတ်ဘူး၊ အိတ်ပေါက်နှင့် ဖားကောက်သလိုဖြစ်နေမှာဘဲ” ဟု သတိပေးချက်သည် ယနေ့အထိ အဓိပ္ပါယ်ရှိဆဲဖြစ်ပါသည်။

လွတ်လပ်ရေးနှင့်အတူ မြန်မာနိုင်ငံတွင် နိုင်ငံရေးသဘောတရားနှင့် လူပုဂ္ဂိုလ် ဆိုင်ရာခေါင်းဆောင်မှု ပြဿနာကြောင့် ဖ ဆ ပ လ တပ်ပေါင်းစုကြီး ပြိုကွဲခြင်း၊ နိုင်ငံရေးပါတီများ အကွဲအပြဲဇာတ်လမ်းများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ပါသည်။ တစ်ချိန် တည်းတွင် တိုင်းရင်းသား လူမျိုးများနှင့်မျိုးနွယ်စုများကြား၌လည်း ပြင်းထန်သော အမျိုးသားရေး အမြင်များ ပေါ်ပေါက်ခဲ့ခြင်း ကြောင့်  အသစ်စက်စက်ပြည်ထောင်စုသည် ပစ်သံခတ်သံ ယမ်းငွေ့အနံ့ံများကြားမှ ပြည်တည်ခဲ့ရပါသည်။

နိုင်ငံရေးပြိုကွဲမှုနှင့် လူမျိုးရေး စစ်များကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်သည် မြန်မာ နိုင်ငံရေး ဇာတ်ခုံပေါ်၌ နေရာယူနိုင်ခဲ့ပါသည်။ နှစ်ပေါင်း (၅၀) ကျော်အတွေ့အကြုံကို စုစည်းသုံးသပ်ရသော် မြန်မာ နိုင်ငံ၏ တည်တံ့ရေးနှင့် ဖွံ့ဖြိုးရေးသည် ပါတီစုံဒီမိုကရေစီ စနစ် ဖော်ဆောင်မှုနှင့် ဈေးကွက် စီးပွားရေး အကောင် အထည်ဖော်မှု အပေါ်တွင် တည်နေသည်။

အထက်ပါ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသား အင်အားစုများ၏ အခန်းကဏ္ဍကို အလေးထားရန်လိုအပ်ပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများအပေါ် အတိတ်က အမြင်မျိုးမထားရန် လိုအပ်ပါသည်။ ထို့အတူ တိုင်းရင်းသား လူမျိုးများ၊ မျိုးနွယ်စုများ၏ ဘဝကို နားလည်ပြီး တန်းတူမှုရရှိရန် တာဝန်ကို အလေးထားရပေမည်။ တစ်ချိန်တည်းတွင်  နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးမှ မွေးဖွားလာခဲ့ကြသော တပ်မတော်၏ အစဉ်အလာကို အသိအမှတ်ပြုပြီး၊ မြန်မာ့နိုင်ငံရေးခရီးတွင် အတူလက်တွဲ ဆောင်ရွက်ရန် အသင့်ရှိနေဖို့ လိုအပ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်သည် အမျိုးသားအင်အားစုများ စုစုစည်းစည်းလုပ်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မိမိတို့ ပါတီ၏ ခိုင်မာသောမူဝါဒအဖြစ် စွဲကိုင်ထားပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိလျှင် ဖွံ့ဖြိုးတိုးတက်မှု ရမည်မဟုတ်။ ဖွံ့ဖြိုးတိုးတက်မှုမရလျှင် ဒီမိုကရေစီစနစ်သည်လည်း ထွန်းကားလာမည်မဟုတ်ပေ။ ပြည်သူ့အသံ လွှတ်တော်အသံဆိုသော ဆောင်ပုဒ်သည် လည်း ကြွေးကြော်သံအဖြစ်သာ နေရစ်ပေလိမ့်မည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများ တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်မတော်စသည့် အမျိုးသားအင်အားစုများ၏ ညီညွတ်ရေးကို ထူထောင်ရင်း “ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး” ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် အမျိုးသား ဒီ်မိုကရေစီပါတီသစ်က စာတမ်းတင်သွင်းအပ်ပါသည်။