Skip to main content

ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပြုစုပေးပို့သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီစာတမ်း

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဖြစ်သည်။ ဒီ်မိုကရေစီသာလျှင် ကမ္ဘာသူကမ္ဘာသားတို့အား ကောင်းချီးပေးသော နိုင်ငံရေးစနစ်ဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် လူထုအားဒုက္ခပေးသော အာဏာရှင်စနစ်ဆိုးများအား အသက်ပေါင်းများစွာ စတေးပြီး ဆန့်ကျင်ဖယ်ရှားပြီးမှ ဒီမိုကရေစီ အရောက်တက်လှမ်းနိုင်သော နိုင်ငံများရှိသကဲ့သို့ ယနေ့အထိ အသက်ပေါင်းများစွာ စတေးခံဆဲ ဒီမိုကရေစီကို တက်လှမ်းနေဆဲ နိုင်ငံများလည်း တွေ့နေရဆဲဖြစ်သည်။

<--break->

မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသို့ တက်လှမ်းနေသည်မှာ ယနေ့ဆို (၃)နှစ်မြောက်ကာလအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သက်တမ်းအားဖြင့် နုနယ်သည်ဟု ထင်ရသော်လည်း ဒီ်မိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘာက အံံ့သြရလောက်အောင် အရှိန်မြင့်စွာ ပြုပြင်ပြောင်းလဲနေပြီး ဒီမိုကရေစီ အနှစ်သာရများအား မိမိတို့နိုင်ငံသူနိုင်ငံသားအားလုံး စိတ်ချမ်းသာစွာ ခံစားနေပြီဖြစ်သည်။ ၎င်းအပြင် ပြည်သူတို့အား ဗဟိုပြုခြင်း၊ ပွင့်လင်းမြင်သာခြင်းတို့ကိုလည်း တွေ့ရှိနေရပြီဖြစ်သည်။

သက်တမ်းအားဖြင့် နုနယ်ပြီး အချိန်တိုကာလအတွင်း ပြုပြင်ပြောင်းလဲမှုသည်လည်း အတိုင်းအတာတစ်ခုအထိ လက်ခံရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြုပြင်ပြောင်းလဲမှု အလိုရမ္မက်ကြီးခြင်းနှင့် ဆန္ဒစောပြီး လူထုအားဗဟိုပြုခြင်းနှင့် ပွင်းလင်းမြင်သာခြင်း အကြောင်းပြုပြီး တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုကာ လူထုဆန္ဒဖော်ထုတ်ခြင်းဖြင့် ထိပ်တိုက် ရင်ဆိုင်မှုများကြောင့် ကြေးစင်တောင်ပဋိပက္ခ၊ ရခိုင်ပြည်နယ်ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခတို့ ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့ရပါသည်။ လူထုအား ဗဟိုပြုခြင်း၊ ပွင့်လင်းမြင်သာခြင်းတို့အား အခွင့်ကောင်းယူ၍ ထိပ်တိုက်ရင်ဆိုင်ခြင်းတို့သည် ဒီမိုကရေစီ၏ အနှစ်သာရမဟုတ်ပါ။

အချိန်တိုအတွင်း လူ့အရင်းအမြစ်များ၊ ငွေအရင်းအနှီးများ စုစည်း၍ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်အောင် အသုံးပြုရမည့်အစား ပဋိပက္ခအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနေရသဖြင့် ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ရေး  ရည်မှန်းချက်သို့ မရောက်ရှိဘဲ သံသရာလည်နေမည်ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်းသွားနိုင်သည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များသည် ပြည်သူလူထုမှ ရွေးချယ် တင်မြှောက်ပြီး၊ ပြည်သူလူထုဆန္ဒဖော်ထုတ်ပေးရသော နေရာဖြစ်ကြောင်းနှင့် လွှတ်တော ပြင်ပက ဆန္ဒဖော်ထုတ်ပါကလည်း နိုင်ငံတော်အစိုးရ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့် အညီ ဖြစ်ရမည်ဟု မိမိတို့ပါတီမှ ခံယူထားပါသည်။

ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများအား ချုပ်ငြိမ်းသည်အထိ နိုင်ငံရေး နည်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည်မှာ အားရစရာဖြစ်ပါသည်။ တိုင်းပြည်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာလျှင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု အလုံးအရင်းဖြင့် လူတိုင်းအလုပ်အကိုင်ရရှိပြီး တိုင်းပြည် တိုးတက်မည်ဖြစ်ပါသည်။ တိုင်းပြည်တိုးတက်မှသာလျှင် ဒီမိုကရေစီအနှစ်သာရကို ရရှိခံစားရမည်ဖြစ်ပြီး မိမိတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်လည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင် မည်ဖြစ်ပါကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အား ဂုဏ်ပြုသော အားဖြင့် ပြုစုတင်ပြအပ်ပါသည်။