Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့တက်ရောက် အမှာ စကား‌ပြောကြား၊

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင်‌့ ကော့သောင်းခရိုင် တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၅၀၀၀) ကျော် တက်ရောက်ကြသည်‌့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပရာပြည်ထောင်စုလွှတ်တော်နာယက ၊ပည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။အခမ်းအနားတွင် သဘာပတိ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင်‌့ က အဖွင်‌့အမှာစကား ပြောကြားသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော် စီးပွားရေးနှင်‌့ ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင်‌့အညီ နိုင်ငံ လူဦးရေ၏ (၇၀)ရာခိုင်နှုန်းသည်လည်း တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ တောင်သူလယ်သမားများသည် နိုင်ငံတော်၏ အခြေခံအကျဆုံးသော လူထုလူတန်းစား အလွှာဖြစ်သကဲ့သို့ လယ်ယာကုန်ထုတ်လုပ်မှုသည်လည်း နိုင်ငံတော် စီးပွားရေး၏ ကြီးမားသော အခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ကြည်‌့ပါကလည်း တောင်သူလယ်သမားများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေး တာဝန်အပြင် လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုပါ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

နယ်ချဲ့တော်လှန်ရေးကာလတစ်လျှောက်လုံး၌လည်း အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပြီး စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင်‌့ တိုက်ပွဲဝင်ခဲ့ကြသော ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမားထုကြီးက သက်သေပြလျက်ရှိပါကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများတွင်လည်း တောင်သူလယ်သမား လူငယ်များပါဝင်ဆင်နွှဲပြီး ဖက်ဆစ်ကို တွန်းလှန် မောင်းထုတ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လွတ်လပ်ရေးနှင်‌့အတူ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းပဋိပက္ခများတွင်လည်း တောင်သူလယ်သမားများ၏ သားသမီးမျိုးဆက်များနှင်‌့ ဖွဲ့စည်းထားသည့် မြန်မာ့တပ်မတော်တွင် တောင်သူလယ်သမား လူငယ်အများစု ပါဝင်ပြီး နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင်‌့ တည်ငြိမ်အေးချမ်းရေးတာဝန်များကို တစိုက် မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူများသည် ရှေးမြန်မာမင်းများအဆက်ဆက် ခေတ်ကတည်းက နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများ၌ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများ အထင်အရှားရှိပါကြောင်း။

          တောင်သူလယ်သမားများအနေဖြင်‌့ နိုင်ငံတော်အပေါ် တာဝန်ကျေခဲ့သော်လည်း ယနေ့ တောင်သူလယ်သမားများ၏ ဘဝကို ထဲထဲဝင်ဝင် လေ့လာကြည့်မည်ဆိုပါက  ခါးမလှ၊ ဝမ်းမဝသည့် အခြေအနေမျိုးရှိနေခြင်းကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ အခြေအနေသည် လှော်ရင်းနစ်ဆိုသကဲ့သို့ တိုးတက်မလာဘဲ ဆုတ်ယုတ်နေသည့် အခြေအနေမျိုးနှင်‌့ ကြုံတွေ့နေရသည့်အပြင် ခေတ်အဆက်ဆက်တွင် ကျေးဇူးရှင်တောင်သူလယ်သမားများဟု တင်စားသုံးနှုန်းခြင်းခံရသော်လည်း လက်တွေ့တွင် ကျေးဇူးရှင် တောင်သူလယ်သမားများဘဝ ဆင်းရဲခြင်းနှင့် အခက်အခဲ လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်ကို မြင်တွေ့ ကြရမည်ဖြစ်ပါကြောင်း။

          ယင်းအခြေအနေကို ကျော်လွှားနိုင်ရန် တစ်နည်းအားဖြင်‌့ တောင်သူလယ်သမား များ၏ဘဝ တိုးတက်မြင်‌့မားစေရေးအတွက် အစိုးရ၊ လွှတ်တော်နှင်‌့ ပြည်သူတို့၏ စုပေါင်းအားဖြင်‌့ တက်ညီလက်ညီ အလေးအနက်ထား ဆောင်ရွက်ကြရမည့် အချိန် ကျရောက်နေပြီ ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုကို ကြည့်ပါက လယ်ယာကဏ္ဍကဲ့သို့ ရေထွက်ပစ္စည်းထုတ်လုပ်မှု ကဏ္ဍသည်လည်း အထူးအရေး ပါသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရေလုပ်သားများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် အလေးထား ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ သဘာဝက ပေးအပ်ထားသည့် ရေသယံဇာတကို ရေရှည်မျိုးမတုံးဘဲ ပုံမှန်ထုတ်ယူစားသုံးသွားနိုင်ရနှ် ရေလုပ်သားထုကြီး တစ်ရပ်လုံးက ဝိုင်းဝန်းစောင်‌့ရှောက် သွားရန် အရေးကြီးကြောင်းလည်း တင်ပြအပ် ပါကြောင်း။

          တနင်္သာရီတိုင်းဒေသကြီး၏ အားသာချက်များကို ထပ်မံတင်ပြရလျင် မြေသယံဇာတ ဖြစ်သည့် စိုက်ပျိုးမြေ အလုံအလောက်ရှိပါကြောင်း၊ ‌ရော်ဘာနှင်‌့ ဆီအုန်း စိုက်ပျိုးရန် အသင်‌့လျော်ဆုံးနှင်‌့ အကောင်းဆုံး ဒေသဖြစ်ပါကြောင်း၊ ရေသယံဇာတလည်း အလုံ အလောက်ရှိပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သော မြစ်ချောင်းများရှိသကဲ့သို့ ငါး၊ ပုဇွန် ပေါများသော ပင်လယ်ပြင်ကြီးနှင်‌့ ကမ်းရိုးတန်း ကျွန်းပေါင်းများစွာ ရှိပါကြောင်း၊ စီးပွားဖြစ် ငါး၊ ပုဇွန်များ ဖမ်းဆီးမွေးမြူထုတ်လုပ်နိုင်ပါကြောင်း၊ သစ်တောသယံဇာတလည်း အလုံအလောက်ရှိပါကြောင်း၊ ကျွန်း၊ ပျဉ်းကတိုးကဲ့သို့‌ေသော ရတနာတန်းဝင် သစ်များ မရှိသော်လည်း အခြားသစ်များ အလုံအလောက်ရှိပါကြောင်း၊ သတ္တု သယံဇာတ အနေ ဖြင့်လည်း ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေ၊ ထုံးကျောက်၊ ကျောက်မီးသွေး၊ သံ ကဲ့သို့သော အဖိုးတန်သတ္တုများ စီးပွားဖြစ်ထုတ်လုပ်နိုင်ပါကြောင်း၊ ယင်းအားသာချက်များ အပေါ်အခြေတည်ပြီး တနင်္သာရီတိုင်းဒေသကြီးကို ဖွံ့ဖြိုးအောင် ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေမည့် ထားဝယ် ရေနက်ဆိပ်ကမ်း  စီမံကိန်းကြီးသည်လည်း ဒေသခံအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုလာဘ်ကြီးပင် ဖြစ်ကြောင်း။

          နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူများ၏ကိုယ်စား ပြည်သူ့ ကိုယ်စားလှယ်များနှင်‌့ ဖွဲ့စည်းထားသည့် လွှတ်တော်နှင်‌့ အစိုးရအဖွဲ့အစည်းများကလည်း နိုင်ငံတော်နှင်‌့ ပြည်သူများ၏ အကျိုးစီးပွားကို ကြိုးပမ်းဖော်ဆောင်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ကြုံတွေ့ နေရသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ ကူးပြောင်းသည့် နိုင်ငံတိုင်း ကြုံတွေ့နေရသည့်  အခက်အခဲများဖြစ်၍ ကြောက်ရွံ့ နောက်ဆုတ်မနေဘဲ စိန်ခေါ်မှုများကို အခွင်‌့အလမ်းကောင်းများအဖြစ် မှတ်ယူပြီး အောင်မြင်စွာ ကျော်လွှားသွားကြရမည် ဖြစ်ပါ ကြောင်း၊ ယနေ့ တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲကြီးကတစ်ဆင့် တောင်သူ လယ်သမားကြီးများ ဘဝ၊ ရေလုပ်သားကြီးများဘဝ တိုးတက်မြင်‌့မားလာစေမည့် အပြင် နိုင်ငံတော်နှင်‌့ တောင်သူလယ်သမားထု တစ်ရပ်လုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုပါကြောင်းဖြင်‌့ ပြောကြားသည်။

          ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ယနေ့ကာလတွင် မိမိတို့ နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး အဖြစ်သို့ အသွင် ကူးပြောင်းနေသည့် ကာလဖြစ်ပါကြောင်း၊ အသွင်ကူးပြောင်းနေသည် ဆိုသည့်အတိုင်း စနစ်ကျသည့် ဒီမိုကရေစီပန်းတိုင်ကိုရောက်ရှိရန် အချိန်ယူ ကျော်ဖြတ် ခဲ့ရပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် မူလပိုင်ရှင်များဖြစ်သည့် ပြည်သူများ၌သာ တည်ပါကြောင်း၊ ပြည်သူက ရွေးချယ်ပေးခဲ့ကြသည့် ကိုယ်စားလှယ်များ အနေဖြင်‌့လည်း အာဏာတည်သည့် ပြည်သူများအား ကိုယ်စားပြု၍ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဏိုင်ကြီး(၃)ရပ်ကို ကျကျနန အကောင် အထည်ဖော်နေကြခြင်းဖြစ်၍ ယနေ့ နိုင်ငံတော်နှင်‌့ ဒီမိုကရေစီထွန်းကားမှုသည် တစ်ထပ်တည်း ကျလာနေခဲ့ပြီဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင်‌့လည်း ပြည်သူ့အကျိုးကို ဖော်ဆောင်သည့်နေရာတွင် စိန်ခေါ်မှုအထပ်ထပ်ကိုကျော်ဖြတ်၍ ကိုယ်စွမ်းဉာဏ်စွမ်းအပြည့် ကြိုးပမ်းနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းစ နုနယ်သည့် နိုင်ငံတိုင်း ကြုံတွေ့ ရမြဲဖြစ်သည့် စိန်ခေါ်မှုများ၏ နောက်တွင် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံလမ်းစများ ရှိနေသည်ကိုလည်း မိမိတို့ မြင်တွေ့ရမည် ဖြစ်ပါကြောင်း။

   မိမိတို့ အစိုးရလက်ထက် (၄)နှစ်တာ ကာလအတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ် များကို ဦးစားပေးဖော်ဆောင်ခဲ့ရာတွင် တောင်သူလယ်သမားများ အဓိကရင်ဆိုင် နေရသည့် လယ်ယာမြေ ပိုင်ဆိုင်မှုပြဿနာကို မြေယာဥပဒေများနှင်‌့အညီ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးသည့်နေရာတွင် လယ်ယာမြေများကို မူလပိုင်ရှင်များထံ စုစုပေါင်းလယ်ယာမြေ (၂၃၃၇)ဧကကို ပြန်လည်စွန့်လွှတ် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း၌လည်း လယ်ယာမြေများ ရေကြီးရေလျှံ မှုများမှ လွတ်ကင်းအောင် အချို့သော ချောင်းကော၊ မြောင်းကောများကို ပြန်လည် တူးဖော်ခြင်း၊ စံပြလယ်ယာကွက်များဖော်ထုတ်ခြင်း၊ စားကျက်မြေများနှင်‌့ သစ်တော ကြိုးဝိုင်းပိုင်မြေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင်‌့ ဆက်စပ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့ပြင် လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေများ မြန်မြန် ဆန်ဆန် မှန်မှန်ကန်ကန် ရရှိအောင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးချိန်အမီ မျိုးကောင်းမျိုးသန့် စပါးများရရှိရေး၊ စိုက်ပျိုးမှုနည်းပညာနှင်‌့ အသိပညာပေးရေး၊ လယ်ထွန်စက်များ၊ လက်တွန်းထွန်စက်များ ပိုမိုဖြည့်တင်းပေးနိုင်ရေး စီမံချက်များကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေး၊ အမိုး အကာအောက် ရောက်ရှိနိုင်ရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များ ရရှိနိုင်ရန် ပံ့ပိုး ပေးလျက်ရှိပါကြောင်း။

 တနင်္သာရီတိုင်းဒေသကြီး၌ ဆန်စပါးအပြင် ရာသီဥတု ရေမြေသဘာဝနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံ ရော်ဘာနှင်‌့ ဆီအုန်းတို့ကို ဦးစားပေး စိုက်ပျိုးကြပါကြောင်း၊ ရော်ဘာစိုက်ဧက(၃)သောင်းကျော်နှင်‌့ ဆီအုန်းစိုက်ဧက(၃)သိန်းကျော် ရှိပါကြောင်း၊ တိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ရော်ဘာစိုက်ပျိုးသူများနှင်‌့ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အရည်အသွေးကောင်းမွန်သည့် မျိုးကောင်း မျိုးသန့် ရော်ဘာပင်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ဝင်အဆင်‌့မီ ရော်ဘာ ကုန်ကြမ်းများ ထုတ်လုပ်ရေး၊ ဈေးကွက်ရရှိရေး ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရော်ဘာစိုက်တောင်သူများ တိုးတက်လာရေးအတွက် နိုင်ငံတော်မှ သင်‌့လျော်သည့် အကူအညီရရှိရေးကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများ အရေးကို ပြောကြားလိုပါကြောင်း၊ အချို့သော ကျေးရွာဒေသများမှ တောင်သူများအနေဖြင်‌့ မိမိတို့ ပတ်ဝန်းကျင်ရှိ နီးစပ်ရာမြေနေရာများဖြစ်သော မြေလွတ်၊ မြေလပ်နှင်‌့ မြေရိုင်းများ သစ်တောဧရိယာများတွင် စိုက်ပျိုးလုပ်ကိုင်မှုရရှိရေးအတွက် တစ်ကြိမ်လျင်(၁၀)ဧကစီဖြင့် ဧက(၅၀)အထိ လုပ်ပိုင်ခွင်‌့ ရရှိရေးအတွက် လည်းကောင်း၊ သစ်တောဧရိယာအတွင်း စိုက်ပျိုးသူများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြေငှားစာချုပ်ချုပ်ဆို၍ ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပြီး မိမိတို့ ရပ်ရွာ ဒေသအတွင်း တောင်သူများအားရှင်းလင်းချပြ ကူညီဆောင်ရွက်ပေ‌းလျက်ရှိပါကြောင်း။

 ထိုပြင် မိမိတို့ဒေသသည် ပင်လယ်နှင်‌့ ထိစပ်လျက်ရှိသည့် ကမ်းရိုးတန်း တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းဒေသအသီးသီးတွင် နေထိုင်ကြသည်‌့ ရေလုပ်သားများ သက်သာ ချောင်ချိရေး၊ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငါးဖမ်း နည်းပညာများ ဖြန့်ဖြူးပေးရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများကို စနစ်တကျ စည်းကမ်းနှင့်အညီ ဖမ်းဆီးစေရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသအသီးသီးရှိ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် အခြေခံ လိုအပ်ချက်များကိုလည်း ဘဏ္ဍာနှစ်ခွင့်ပြုငွေများဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

  ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးသည့် လယ်သမားအကျိုးစီးပွားကာကွယ်ရေး ဥပဒေ၊ လယ်ယာမြေဥပဒေများနှင့်အညီ လယ်သမားများအား အသိပညာပေး လုပ်ငန်း များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက ထဲထဲဝင်ဝင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းလေ့လာရေးကော်မရှင်၏ တွေ့ရှိချက် အစီရင်ခံစာများအပေါ် မိမိတို့ ဖွဲ့စည်းထားသော အဆင့်ဆင့်သော မြေယာစီမံခန့်ခွဲရေး ကော်မတီများနှင်‌့ ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင်‌့ ပြောကြားသည်။ဆက်လက်၍ “ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ”အဆိုကို လောင်းလုံးမြို့နယ်မှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးတင်နိုင် က ဖတ်ကြားတင်သွင်းပြီး ရေဖြူမြို့နယ်မှ တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်သက်သက်ဝင်း က ထောက်ခံဆွေးနွေးသည်။

ထို့နောက် “ ရေလုပ်သားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင်‌့ ရေသယံဇာတ ထိန်းသိမ်းရေး ”အဆိုကို သရက်ချောင်းမြို့နယ် ရေလုပ်သားကိုယ်စားလှယ် ဦးငွေအေး က ဖတ်ကြားတင်သွင်းပြီး ကော့သောင်းမြို့နယ်မှ ရေလုပ်သားကိုယ်စားလှယ် ဒေါ်နွယ်ရီလင်း က ထောက်ခံဆွေးနွေးသည်။ယင်းနောက် “ လယ်ယာမြေပြဿနာများနှင်‌့ပတ်သက်၍ တောင်သူလယ်သမား အကျိုး ရှေးရှုလျက် ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရေး” အဆိုကို ပုလောမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ် ဦးစိုးမိုးလွင် က ဖတ်ကြားတင်သွင်းပြီး လောင်းလုံး မြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်ချိုချိုစန်း က ထောက်ခံ ဆွေးနွေးသည်။ထို့နောက် ထားဝယ်ခရိုင်မှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးခွန်အောင် ကျော်စွာ၊ မြိတ်ခရိုင်မှ ရေလုပ်သားကိုယ်စားလှယ် ဦးဇော်လှိုင်ဝင်းနှင်‌့ ကော့သောင်းခရိုင်မှ ရေလုပ်သားကိုယ်စားလှယ် ဦးအောင်ကြူနိုင်  တို့က မေးခွန်းများ မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာ ဝင်းအောင် က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

          ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သုံးသပ်ဖြည့်စွက် ပြောကြားရာတွှင် ယနေ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာလူထုတွေ့ဆုံပွဲသည် အခြားတိုင်းဒေသကြီးများတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲများထက် ပိုမို၍ ထူးခြားသည်ကို တွေ့ရှိရပါကြောင်း၊ တင်ပြဆွေးနွေးခဲ့ကြသည့် အဆိုများသည်လည်း ထူးခြားလေးနက်သည့် အဆိုများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ကာလသည် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)နှင့် နှိုင်းယှဉ်ပါက ယနေ့အချိန်သည် ပါတီစုံဒီမိုကရေစီနှင်‌့ ဒီမိုကရေစီ လူအခွင်‌့အရေး ကိစ္စရပ်များကို အရရှိဆုံး အချိန်ဖြစ်ပါကြောင်း၊ ယင်းသို့ နိုင်ငံသားများအတွက် ထူးခြားစွာ ရရှိသည်‌့ အခွင်‌့အရေးများကို ယနေ့တွေ့ဆုံပွဲကြီး၌ ထိရောက်စွာအသုံးချနိုင်ခဲ့ပါကြောင်း။

          ဒီမိုကရေစီစနစ်တွင် တာဝန်ခံ၊ တာဝန်ယူမှုနှင်‌့ ပွင့်လင်းမြင်သာမှုသည် မလုပ် မဖြစ် လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ တောင်သူလယ်သမားကိုယ်စားလှယ်များ အနေဖြင်‌့ မိမိတို့ဒေသကို တာဝန်ခံ၊ တာဝန်ယူပြီး အပြုသဘောဆွေးနွေး သွားကြပါကြောင်း၊ သဘာပတိ၊ ကော်မတီဥက္ကဋ္ဌနှင်‌့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့ကလည်း တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေမှုများကို လူထုရှေ့မှောက်၌ အစီရင်ခံ တင်ပြသွားသည်ကို တွေ့ရှိရပါကြောင်း၊ မေးခွန်းမေးမြန်းမှုများအပေါ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးကလည်း တာဝန်ခံ၊ တာဝန်ယူပြီး ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အဆိုနှင်‌့ မေးခွန်းများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ ဌာနဆိုင်ရာ အသီးသီးမှ ပုဂ္ဂိုလ်များနှင်‌့ ပြည်သူလူထုအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်မှသာလျင် ပြေလည်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်က မလုပ်ဆောင် နိုင်လျင် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့က ဆောင်ရွက်ပေးရမည် ဖြစ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းဖြင်‌့ အောင်မြင်နိုင်မည် ဖြစ်ကြောင်း။

          ယနေ့ တင်သွင်းခဲ့သည့် အဆိုများတွင် တောင်သူလယ်သမားဘဝ မြင်‌့မား တိုးတက်ရေးနှင်‌့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေလုပ်သားများ၏ လူမှုဘဝ မြင်‌့မား တိုးတက်ရေးနှင်‌့ ရေသယံဇာတထိန်းသိမ်းရေး၊ လယ်ယာမြေပြဿနာများကို ဥပဒေနှင်‌့ အညီ အမြန်ဆုံးဖြေရှင်းပေးရေး ဆိုသည့်အချက်များ ပါဝင်ကြကြောင်း၊ မေးခွန်းများသည်လည်း အဆိုများနှင်‌့ သက်ဆိုင်နေသည့် အချက်များပင်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင်‌့အရေးကာကွယ်ရေးနှင်‌့ အကျိုးစီးပွားမြှင်‌့တင်ရေး ဥပဒေကိုလည်း သုံးသပ်ဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ တောင်သူလယ်သမားများဘဝ မြင်‌့မား တိုးတက်ရေးနှင်‌့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မှသာ မိမိတို့နိုင်ငံကို နိမ့်ကျနေသည့် အဆင့်မှ ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း။

          မိမိတို့နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်ကြပြီး အများစုမှာ ဆင်းရဲဒုက္ခနှင်‌့ ကြုံတွေ့နေရပါကြောင်း၊ အစိုးရသစ်နှင့် လွှတ်တော်များ ပေါ်ပေါက်လာပြီးနောက် စိုက်ပျိုးစရိတ် ချေးငွေများ တိုးမြှင်‌့ထုတ်ချေးခဲ့ပါကြောင်း၊ သို့သော်လည်း ထမင်းရှင်တောင်သူလယ်သမားကြီးများ၏ဘဝ မြင်‌့မားအောင် မလုပ်ဆောင် နိုင်သေးဟုယူဆသည့်အတွက် ပြည်ထောင်စုလွှတ်တော်ျက တောင်သူလယ်သမား အခွင်‌့အရေးကာကွယ်ရေးနှင်‌့ အကျိုးစီးပွားမြှင်‌့တင်ရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းဥပဒေတွင် ရည်ရွယ်ချက်(၄)ခုဖြစ်သည့် စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုရရှိရေး၊ ချေးငွေကာလတိုးမြှင်‌့ရေး၊ ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဖြူးပေးရေး၊ သီးနှံအလိုက် ထိုက်သင့်သည် ဈေးနှုန်းရရှိရေး၊ ချေးငွေများ ချေးယူသည့်အခါ ကိုယ့်တာဝန် ကိုယ်ယူနိုင်ရန်အတွက် ဝိုင်းကြီးချုပ်စနစ်မှ ကင်းလွတ်စေရေးတို့ အပါအဝင် ဖြစ်ကြောင်း။

          အဆိုပါ ဥပဒေ၏ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ပေါ်ထွက်လာပြီး ဥပဒေ အသက်ဝင်လာပါက အဆိုတွင်ပါရှိသည့်အတိုင်း တောင်သူလယ်သမားများနှင်‌့ ရေလုပ်သားများဘဝမြင့်မား တိုးတက်ရေးကို (၉၀)ရာခိုင်နှုန်းကျော်ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင်‌့လည်း ဒုတိယသမ္မတဦးစီး၍ ပြည်ထောင်စုဝန်ကြီးများပါဝင်သော ဗဟိုအဖွဲ့ ဖွဲ့စည်းပြီး ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြား ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဆိုသည့် ယခင် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။

          တောင်သူလယ်သမားများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးသာမက တိုင်းဒေသကြီးအတွင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ရန်ပုံငွေများ တိုးမြှင်‌့ချထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခင်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင်‌့ ကူးသန်းရောင်းဝယ်ရေးတို့ကို အားထားလုပ်ဆောင်ခဲ့ရာမှ စက်မှုလုပ်ငန်းများတွင်လည်း ပါဝင်ရင်းနှီး လုပ်ကိုင်နိုင် တော့မည်ဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ပေါ်လာပါက ဒေသခံပြည်သူများအနေဖြင်‌့ အခွင်‌့အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ စက်မှုဇုန်နှင်‌့ ရေနက်ဆိပ်ကမ်းတို့တွင် ပါဝင်ဆောင်ရွက်ခွင်‌့ရမည့် ကဏ္ဍအသီးသီးအတွက် လူသားအရင်းအမြစ် တိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာရေးတို့ကို ပြင်ဆင်ထားရမည့် အချိန်လည်း ဖြစ်ပါကြောင်း၊ သဘာဝအရင်းအမြစ်များ တိုးတက်ထုတ်လုပ်လာ နိုင်သည်နှင်‌့အမျှ ခရီးသွား လုပ်ငန်းလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် အနာဂတ်တွင် ထူးခြားစွာ တိုးတက်လာနိုင်သည့် ဒေသဖြစ်၍ မည်သည့်အချက်များ ကြိုတင်ပြင်ဆင်ထားရမည်ဆိုသည်ကို စဉ်းစား ဆုံးဖြတ်ပြီး နိုးကြား တက်ကြွစွာ လုပ်ကိုင်ရန် လိုအပ်ပါကြောင်း။

          ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်များက ပြဋ္ဌာန်းထားသည့် ဥပဒေများအပါအဝင် တည်ဆဲဥပဒေများကို အားလုံးလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင်‌့ ပြည်သူများ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှသာ တရားဥပဒေစိုးမိုးမှု ရှိမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ် ဖြစ်သည်နှင်‌့အညီ ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်များသည် နိုင်ငံတော်နှင်‌့ နိုင်ငံသားများအတွက် ဥပဒေပြုနေခြင်းဖြစ်ပြီး တစ်ပါတီ၊ တစ်ဖွဲ့အတွက် မဟုတ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင်မည့် ဥပဒေများ ပြဋ္ဌာန်းရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာကွန်ဗင်းရှင်းများ၊ Treaty များနှင်‌့အညီ လိုက်နာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပြည်သူကို ဗဟိုပြု ဆောင်ရွက်နေသည့်အတွက် အစိုးရ၊ လွှတ်တော်တို့နှင်‌့သာ ဆောင်ရွက်၍ မရဘဲ ပြည်သူအားလုံး ပါဝင်မှသာ အောင်မြင်မှု ရမည်ဖြစ်ကြောင်း။

          တနင်္သာရီတိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးများထက် ထူးခြားသည့် အခြေအနေများကို ပိုင်ဆိုင်ထားသည့်အတွက် အခြားတိုင်းဒေသကြီးများထက် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မည့် အခြေအနေရှိကြောင်း၊ စာရင်းဇယားများအရလည်း လူတစ်ဦးချင်းဝင်ငွေသည် အခြားတိုင်းဒေသကြီးများထက် ပိုမိုကြောင်း၊ နောင်အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင် ထားသဖြင်‌့ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူများအနေဖြင်‌့ ရရှိသည့် အခွင်‌့အလမ်းများကို ပိုင်ပိုင်နိုင်နိုင် အသုံးချရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်တို့နှင်‌့ ပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မိမိတို့ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရုံသာမက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်းဖြင်‌့ ပြောကြားသည်။ 

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာလူထု တွေ့ဆုံပွဲ ဆုံးဖြတ်ချက်များနှင်‌့ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာပြီး ကြွေးကြော်သံ များဖြင့်အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တက်ရောက်လာကြသော တောင်သူ လယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကွင်းအတွင်း ခင်းကျင်းပြသထားသည့် လယ်ယာသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေးပြခန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်း ပြခန်းများနှင်‌့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြခန်းတို့ကို ကြည်‌့ရှုလေ့လာခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံတောင်သူ လယ်သမား များနှင်‌့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ(၂) ရက်

ရုပ်သံဖိုင်အပိုင်း(၁)အပိုင်း(၂)အပိုင်း(၃)