Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့တက်ရောက်အမှာစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင်‌့ မြောက်ပိုင်းခရိုင် တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၅၀၀၀) ကျော် တက်ရောက်ကြသည်‌့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် (၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ အားကစားကွင်း၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် သဘာပတိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်က အဖွင်‌့အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင်‌့အရေး၊ ဒီမိုကရေစီအရေးနှင်‌့ လူ့အခွင်‌့အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မိမိတို့အားလုံးသည် တည်ငြိမ်အေးချမ်းမှုနှင့် မိမိတို့၏လူနေမှုဘဝမြင်‌့မား တိုးတက်ရေးအတွက် ရယူခံစားလိုသူများဖြစ်ကြပါကြောင်း၊ မိမိတို့၏ဆန္ဒများ ပြည့်စုံလာစေရေးအတွက် အခြေခံလိုအပ်ချက်များကိုဖြည်‌့ဆည်းရင်း ပိုမိုတိုးတက် ကောင်းမွန်သည့် လူနေမှုဘဝများကို ပိုင်ဆိုင်ရယူနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းနေကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့၏ အခြေခံလိုအပ်ချက်များထဲက အဓိကကျသော အခြေခံလိုအပ်ချက်တစ်ခုမှာ စားဝတ်နေရေး ပင်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး၏ စားရေး၊ နေရေး၊ ဝတ်ရေးကို ပြည့်စုံအောင် ဆောင်ကျဉ်းပေးနိုင်သည်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းမှ စားစရာနှင်‌့ ဝတ်စရာများကိုလည်း ထုတ်လုပ်ပေး နိုင်ပါကြောင်း၊ နေအိမ်၊ အဆောက်အအုံများလည်း ထုတ်လုပ်ပေးနိုင်ပါကြောင်း။

 ယင်းသို့ ထုတ်လုပ်ပေးနိုင်အောင် စွမ်းဆောင်ပေးနိုင်သူများမှာ ယနေ့ အခမ်းအနား သို့တက်ရောက်လာ ကြသည့် တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများ အပါအဝင် နိုင်ငံ၏ ဒေသအသီးသီးက တောင်သူလယ်သမားကြီးများ ဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေ၊ ရေ၊ ရာသီဥတုနှင်‌့ ပြည်‌့စုံသော နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း စိုက်ပျိုးရေးကို အ‌ခြေပြုနေရဆဲ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသည် အရေအတွက်အရလည်းကောင်း၊ နိုင်ငံအတွင်းပျံ့နှံ့ နေထိုင်မှုများ အရလည်းကောင်း၊ နိုင်ငံအတွက်အ‌ရေးပါသည့် စိုက်ပျိုးထုတ်လုပ်မှုများ အရလည်းကောင်း၊ ကြီးမားကျြယ်ပန့်သည့် အခြေခံလူတန်းစားတစ်ရပ်အဖြစ် တည်ရှိ နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်၌ ကျေးဇူးရှင်တောင်သူလယ်သမားကြီးများဟု ဂုဏ်ပြုသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားစေပြီး လူနေမှုအဆင့်အတန်းများ တိုးတ်မြင်‌့မားလာစေရန် အားပေး ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုက်သင့်သည့် တိုးတက်မှုများ ရှိသကဲ့သို့ ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင်‌့လည်း ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း။

တောင်သူလယ်သမားကြီးများ၏ လူမှုစီပွားရေးဘဝမြင့်မားတိုးတက်ရေးကို ရှေးရှုပြီး တွေ့ကြုံနိုင်သည့် အခက်အခဲပြဿနာများကို ဥပဒေနှင်‌့အညီ ဖြေရှင်းပေးနိုင်စေရန်အတွက် လယ်ယာမြေဥပဒေ၊ တောင်သူလယ် သမားအခွင်‌့အရေး ကာကွယ်ရေးနှင်‌့ အကျိုးစီးပွားမြင်‌့တင်ရေးဥပဒေများ ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကြုံတွေ့နေရဆဲဖြစ်သည့် မြေယာအငြင်းပွားမှု ပြဿနာများကိုလည်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦး‌ဆောင်ပြီး ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

မိမိတို့သည် တောင်သူလယ်သမားများ ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို လျော့နည်းဆုံးရှုံးခြင်းမရှိစေဘဲ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရန် လုပ်ငန်းစဉ်များ ချမှတ်ထားပြီး တောင်သူလယ်သမားများနှင်‌့အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ  တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ‌ရေး အတွက် ကူညီဆောင်ရွက် ပေးမည်၊ လယ်ယာလုပ်သူ လယ်ယာမြေလုပ်ပိုင်ခွင်‌့နှင်‌့ စီမံခန့်ခွဲနိုင်ခွင်‌့ ရရှိရေးကို ကူညီဆောင်ရွက်မည်၊ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင်‌့ရရှိစေရန် ကူညီဆောင်ရွက်မည်၊ တောင်သူလယ်သမားများ မွေးမြူရေးနှင်‌့ ရေလုပ်ငန်းလုပ်ဆောင်သူများ၏ အခွင်‌့အရေးကို ကာကွယ်သည့် ဥပဒေများကို ခေတ်နှင်‌့အညီပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်၊ တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် လယ်ယာထွက်ကုန်ပစ္စည်းများ သင်‌့လျော်သည်‌့ဈေးနှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်မည်၊ လယ်ယာထွက်ကုန်ပစ္စည်းများရောင်းချရန် ဈေးကွက်ရရှိရေးနှင့် ပြည်ပပို့ကုန် ဈေးကွက်များ ချဲ့ထွင်ရေး ကြိုးပမ်းဆောင်ရွက်မည်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၏ အရည်အသွေး မြင့်မားရေးနှင်‌့ လေလွင်‌့ ဆုံးရှုံးမှုလျော့ပါးနိုင်သမျှ လျော့ပါးရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေတ်မီတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ လယ်ယာသုံး စက်မှုနည်းပညာများကို တောင်သူလယ်သမားများ အကုန်အကျသက်သာစွာွဖင်‌့ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်မည်၊ စိုက်ပျိုးရေးစရိတ်နှင်‌့ အရင်းအနှီးများကို လုံလောက်စွာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် တို့ပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် တောင်သူ လယ်သမားရေးရာကော်မတီ အဆင်‌့ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူလယ်သမားများ အကျိုးအတွက် သယ်ပိုးဆောင်ရွက်ရာတွင် အခြေခံအားဖြင့် တူညီနိုင်သော်လည်း တွေ့ကြုံခံစားနေကြရသည့် အခက်အခဲ စိန်ခေါ်မှု များကို ဒေသတစ်ခုနှင်‌့တစ်ခု မတူညီနိုင်ကြသည့်အတွက် တိုင်းဒေသကြီးနှင်‌့ ပြည်နယ် များ၌ ယခုကဲ့သို့ တောင်သူလယ်သမားကိုယ်စားလှယ်ကြီးများကို ဖိတ်ခေါ်ပြီး တောင်သူ လယ်သမားရေးရာ လူထုဆွေးနွေးပွဲကြီးများကို ဦးဆောင်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း။

မိမိတို့၏ ဆောင်ပုဒ်ဖြစ်သည့် “ ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့ အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက် ” ဆိုသည့် အတိုင်း တောင်သူ လယ်သမားများအပါအဝင် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အလေးထားပြီး လက်တွေ့ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ လည်း ပြည်သူများ၏ထောက်ခံမှု၊ အားပေးမှု များနှင်‌့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကြီး၏ အဓိက ရည်မှန်းချက်များဖြစ်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးတွင် တောင်သူလယ်သမားများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင်‌့အရေးများ အပြည့်အဝရရှိရေးနှင်‌့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဖြည်‌့ဆည်းဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်ရေး အတွက် ရည်ရွယ် ချက်ချင်းတူညီသည့် အသင်းအဖွဲ့များနှင်‌့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင်‌့အညီ ရန်ကုန်တိုင်းဒေသကြီး တောင်သူလယ်သမားကိုယ်စားလှယ် များအနေဖြင့် မိမိတို့၏ ဘဝ၊ ဆန္ဒ၊ ပကတိ အခြေအနေများနှင်‌့ ထင်ဟပ်သည့် ဆွေးနွေး အဆိုပြုချက်များ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ရရှိနိုင်အောင် ဆွေးနွေးသွားကြပါ၊ မိမိတို့အနေဖြင့်လည်း ဖော်ထုတ်ရရှိ လာမှုများအပေါ် အလေးထားပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရုံသာမက လွှတ်တော်၊ အစိုးရအဖွဲ့၊ ရည်မှန်းချက်တူသည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင်‌့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင်‌့ဆွေ က  ယနေ့သည် တိုင်းရင်းသားလုပ်သား ပြည်သူအားလုံး မိမိတို့၏ နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နေသည့် အချိန်အခါပင် ဖြစ်ပါကြောင်း၊ ထို့အတူ ဒီမိုကရေစီစနစ်ကို ညင်သာစွာ ကူးပြောင်းနေသည့် အချိန်ကာလလည်းဖြစ်ပါကြောင်း၊ အသွင်ကူးပြောင်းစ နိုင်ငံတိုင်း၌ အောင်မြင်မှုများရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေပါကြောင်း၊ ယင်းစိန်ခေါ်မှုများကို လွှတ်တော်၊ အစိုးရနှင်‌့ တောင်သူလယ်သမားထုကြီး အပါအဝင် ဖြစ်သည့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင်‌့ ရဲရဲရင်ဆိုင်ပြီး ဖြတ်သန်း ကျော်လွှား သွားရမည်ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုသည့် တောင်သူလယ်သမားများ ရှိသကဲ့သို့ ကုန်ထုတ်လုပ်ငန်းနှင်‌့ စီးပွားရေးကို အခြေခံသော လက်လုပ်လက်စားများ၊ အလုပ်သမားများရှိသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုဘဝ မြင်‌့မားမှ တိုင်းပြည်၏ လူနေမှုအဆင်‌့အတန်း မြင်‌့မားလာမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ သမာရိုးကျ စိုက်ပျိုးရေးအစား ခေတ်မီစက်မှုလယ်ယာ စိုက်ပျိုးရေးစနစ်ကို ပြောင်းလဲကျင်‌့သုံးနေကြပြီဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင်‌့ ပတ်သက်၍ တိုင်းဒေသကြီးအတွင်း၌ အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း။

ပြည်သူကို ဗဟိုပြုသည့် အစိုးရလက်ထက် (၄)နှစ်တာ ကာလအတွင်း၌ တောင်သူ လယ်သမားများ အဓိက ရင်ဆိုင်ကြုံတွေ့နေရသည့် လယ်ယာမြေ ပိုင်ဆိုင်မှု ပြဿနာများ ကိုလည်း ပြည်ထောင်စုလယ်ယာမြေ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲမှုနည်းလမ်း များဖြင်‌့ ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများနှင်‌့ ပတ်သက်၍ မူလပိုင်ရှင် လယ်သမားများထံ လွှဲပြောင်းပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်(၁၄)မြို့နယ်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုရှိ လယ်ယာမြေဧရိယာပေါင်း (၁၇၂၅ ဒသမ ၉၆)ဧကကို တောင်သူစုစုပေါင်း (၁၈၆)ဦးသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်ရှိသော စွန့်လွှတ်ပေးရမည့် မြေများကိုလည်း ပြန်လည်ပေးအပ်နိုင်ရေး အတွက် သက်ဆိုင်သည့် လယ်သမားများအား မှန်မှန်ကန်ကန် ပြန်လည်ရရှိနိုင်စေရေး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများမှ စိစစ် ဆောင်ရွက်လျက်ရှိကြပြီး အမြန်ဆုံးပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြပါ ကြောင်း။

ယခု လယ်ယာမြေဥပဒေသစ် ပြန်လည်ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့ခြင်းကြောင့် လယ်ယာမြေပေါ် လုပ်ကိုင်လျက်ရှိကြသည့် လယ်သမားများအနေဖြင်‌့ လယ်ယာမြေ ပိုင်ဆိုင်ခွင့် သားစဉ်မြေးဆက် အမွေဆက်ခံခွင်‌့၊ လွှဲပြောင်းရောင်းချခွင့်၊ ပေါင်နှံခွင့် စသည့် အခွင်‌့အရေးများ ရရှိကြပြီဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒသစ်နှင်‌့အညီ လယ်ယာမြေ လုပ်ပိုင်ခွင်‌့ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံတစ်ဝှမ်းလုံး ဆောင်ရွက်သည့်နည်းတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းဆောင်ရွက်ခဲ့ရာ တောင်သူလယ်သမား(၁၅၆၇၀၃)ဦး၊ ဦးပိုင်လုပ်ကွက်ပေါင်း (၂၂၆၀၇၂) ခု၊ ဧရိယာပေါင်း (၁၂၂၃၀၂၇၁) ဧက၊ ရာခိုင်နှုန်းအားဖြင့် (၉၉ ဒသမ ၈၉) အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားကျက်မြေများနှင်‌့ သစ်တောမြေများ ပေါ်တွင် ဒေသခံလယ်သမားများက ဝင်ရောက်၍ စိုက်ပျိုးလုပ်ကိုင်နေမှုများနှင်‌့ စပ်လျဉ်းပြီး ဒေသခံလယ်သမား များအနေဖြင်‌့ နှစ်ပေါင်းများစွာ ဝင်ရောက်စိုက်ပျိုးနေခဲ့မှု အပေါ် တိတိကျကျ စာရင်းကောက်ခံလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ စားကျက်မြေနှင်‌့ သစ်တောမြေများအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေး ရှိ၊ မရှိ သဘောထားများ တောင်းခံ၍ ပူးပေါင်းဆက်စပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်ထောင်စုလွှတ်တော်၌ ပြဋ္ဌာန်းပြီး ဖြစ်သည့် လယ်ယာမြေဥပဒေများလည်း အသက်ဝင်လာပြီ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအခွင်‌့အရေး ကာကွယ်ရေး ဥပဒေများ ထွက်ရှိပြီးဖြစ်၍ နည်းဥပဒေများထွက်ရှိလာအောင် ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းဥပဒေများထွက်ရှိလာလျင် နိုင်ငံတော်အနေဖြင်‌့ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်လာနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။      

ထို့နောက် “ တောင်သူလယ်သမားဘဝနှင်‌့ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ”  အဆိုကို တိုက်ကြီးမြို့နယ်မှ ဦးမြင်‌့အောင် က ဖတ်ကြား တင်သွင်းပြီး တွံတေးမြို့နယ်မှ ဦးမြင်‌့စိန် က ထောက်ခံဆွေးနွေးသည်။

ယင်းနောက် “ လယ်ယာမြေပြဿနာများ အဖြေရှာ ဆောင်ရွက်ပေးရေး ”အဆိုကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ဦးအောင်မင်းက ဖတ်ကြားတင်သွင်းပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ဒေါ်သင်းသင်းဆွေကထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ “ တောင်သူလယ်သမားထုအင်အားဖြင်‌့ တိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင်‌့ ဖွံ့ဖြိုးတိုးတက်ရေး ” အဆိုကို သုံးခွမြို့နယ်မှ ဒေါ်မြင်‌့မြင့်မော် က ဖတ်ကြား တင်သွင်းပြီး မှော်ဘီမြို့နယ်မှ ဦးဝင်းစိုး က ထောက်ခံ ဆွေးနွေးသည်။

ထို့နောက် အရှေ့ပိုင်းခရိုင် ကိုယ်စားပြု တောင်သူလယ်သမားကိုယ်စားလှယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် မှ ဦးသိန်းကျော်အောင်၊ အနောက်ပိုင်းခရိုင် ကိုယ်စားပြု တောင်သူလယ်သမားကိုယ်စားလှယ် ကြည်‌့မြင့်တိုင်မြို့နယ်မှ ဒေါ်ဇင်ဇင်မျိုးထွန်း၊ တောင်ပိုင်းခရိုင်ကိုယ်စားပြု တောင်သူလယ်သမားကိုယ်စားလှယ် ခရမ်းမြို့နယ်မှ ဦးအေးကို နှင်‌့ ကွမ်းခြံကုန်းမြို့နယ်မှ ဦးခင်ဝင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြု တောင်သူ လယ်သမားကိုယ်စားလှယ် လှည်းကူးမြို့နယ်မှ ဒေါ်သင်းသင်းဆင်‌့နှင်‌့ တိုက်ကြီး မြို့နယ်မှ  ဦးသိန်းဝင်း တို့က မေးခွန်းများ မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သုံးသပ်ဖြည့်စွက် ပြောကြားရာတွှင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို ရည်ရွယ်ချက်ကောင်းကောင်း အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်ခြင်းဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ ယနေ့ ဆွေးနွေး သွားကြသည့် သဘာပတိအဖွင်‌့အမှာစကား၊ ကော်မတီဥက္ကဋ္ဌ၏ မူဝါဒဆိုင်ရာ သုံးသပ်တင်ပြမှု၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ် နေသော လယ်သမားရေးရာ ကိစ္စရပ်များကို လက်တွေ့ကျကျ ဖြေရှင်းပေးနေမှုဆိုင်ရာ တင်ပြချက်များနှင်‌့ အဆို(၃)ရပ် အပေါ် ထောက်ခံဆွေးနွေးမှုများသည် အဓိပ္ပာယ်ပြည့်ဝ ကောင်းမွန်ပါကြောင်း။

တိုင်းဒေသကြီးအတွင်း ဒေသလိုအပ်ချက်များနှင်‌့ စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းခြင်းနှင်‌့ စိုက်ပျိုးရေးနှင်‌့မွေးမြူရေးဝန်ကြီး၏ ပြန်လည်ဖြေကြားချက်များသည်လည်း လွှတ်တော်၏ စည်းမျဉ်း စည်းကမ်းများအရ ကတိပေးပြောကြားသွားသည် ဟုပင် ပြောနိုင်ပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ပေးနေသည့် မေးခွန်းနှင့် အဆိုများ တင်သွင်း၊ ဆွေးနွေး ထောက်ခံသွားသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ ဆွေးနွေးချက်များအပေါ် မူတည်၍ အချို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအရ အခက်အခဲရှိပါက သက်ဆိုင်ရာ လွှတ်တော်များက ပြင်ဆင်ကောင်း ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း။

ယနေ့ တင်ပြဆွေးနွေးသွားကြသည့် အဆိုများအပေါ် သုံးသပ်ပါက တောင်သူလယ်သမားများဘဝ မြင်‌့မားတိုးတက်ရေးနှင်‌့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ရှိအောင် မလုပ်ဆောင်နိုင်လျင် မိမိတို့ မျှော်လင်‌့ထားသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် မဖြစ်နိုင်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူ အားလုံး၏ (၇၀) ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ ယနေ့ တောင်သူလယ်သမားအများစုဆင်းရဲဒုက္ခ၊ အခက်အခဲများ ကြုံတွေ့နေရသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များက ဖြေရှင်း မဆောင်ရွက်ပေးနိုင်လျင် ဆင်းရဲဒုက္ခ ဆက်လက်ကြုံတွေ့ နေရဦးမည်ဖြစ်ကြောင်း၊ ဆင်းရဲဒုက္ခ ကြုံတွေ့နေကြရသည့် တောင်သူလယ်သမားများ၏ ဘဝကို ထိုက်သင်‌့သည့် အခြေအနေသို့ ရောက်အောင် လုပ်ဆောင်ပေးရေးမှာ အရေးကြီး တာဝန် တစ်ရပ်ပင်ဖြစ်ကြောင်း။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမား အခွင်‌့အရေး ကာကွယ်ရေးနှင်‌့ အကျိုးစီးပွားမြှင်‌့တင်ရေးဥပဒေအရ တောင်သူလယ်သမားများ ဥပဒေပါ ခံစားခွင်‌့များရရှိရန် လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ ယင်းဥပဒေ အသက်ဝင်အောင် လုပ်ဆောင်ပေးနိုင်လျင် အခက်အခဲ ကြုံတွေ့နေရသည့် တောင်သူလယ်သမားများ၏ အခက်အခဲ (၉၀) ရာခိုင်နှုန်းကျော်ကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေ၏ ရည်ရွယ်ချက်များအရ စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုရရှိရေး နှင်‌့ ချေးငွေ ပြန်ဆပ်ကာလတိုးမြှင့်ပေးရေး၊ သဘာဝဘေးအန္တရာယ်ကြောင်‌့ သီးနှံများဆုံးရှုံးမှု ဖြစ်ပေါ် ပါက ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နည်းပညာများ ဖြန့်ဖြူးပေးရေး ထွက်ရှိသည်‌့ သီးနှံများဈေးနှုန်း တည်ငြိမ်ရေးနှင်‌့ ထိုက်သင်‌့သည့် ဈေးနှုန်း သတ်မှတ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ဝိုင်းကြီးချုပ် ငွေချေးသည့်စနစ်မှ ကိုယ့်တာဝန် ကိုယ်ယူသည့် ငွေချေးစနစ်ဖြစ်ရေး ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်အစိုးရ ကလည်း ဒုတိယသမ္မတဦးစီး၍ ပြည်ထောင်စုဝန်ကြီးများ ပါဝင်သည့် အဖွဲ့ဖြင့် ဥပဒေ အသက်ဝင်ပြီး အကျိုးခံစားခွင်‌့များရရှိအောင် အလေးထား ဆောင်ရွက်ပေးနေသည်ကို အသိပေး ပြောကြားလိုပါကြောင်း။

ဒုတိယအဆိုတွင် မြေယာပြဿနာများကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရန် လိုအပ်သည်ဟုပါရှိကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ တာဝန် ရှိသည်နှင့်အညီ တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တောင်သူ လယ်သမားဘဝနှင်‌့ လယ်ယာကဏ္ဍမြင်‌့မားရေးအတွက် တက်ညီလက်ညီ ဆောင်ရွက် သွားရန် အတိအလင်း ပြောကြားလိုပါကြောင်း၊ တတိယအဆိုသည် နိုင်ငံတော်နှင်‌့ တိုင်းဒေသကြီးအတွက် အမှန်တကယ်လိုအပ်သည့် အဆိုဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုနှင်‌့ တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်၍ တောင်သူလယ်သမားများ အပါအဝင် ပြည်သူများအားလုံး ပါဝင် ဆောင်ရွက် သင်‌့သည့် အဆိုဖြစ်ကြောင်း။

နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူ အားလုံးသည် တရားဥပဒေနှင့်အညီ နေထိုင်ကြရမည် ဖြစ်ကြောင်း၊ Rule of Law ဆိုသည့် စကားအရ ဥပဒေနှင့်‌့ အညီ နေထိုင်ရန် လိုကြောင်း၊ သို့ဖြစ်၍ မိမိတို့ လွှတ်တော်များက တရားမျှတသော ဥပဒေများ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း၊ တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး အများလိုက်နာ ဆောင်ရွက်နိုင်သည့် ဥပဒေများဖြစ်အောင် ပြင်ဆင် ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း၊ ဥပဒေကိုသိမှ ဥပဒေကို လေးစားလိုက်နာမည်ဖြစ်ကြောင်း၊ ဥပဒေကို မသိနားမလည်၍ ကျူးလွန်ဖောက်ဖျက်ပါသည်ဟု ဆင်ခြေပေး၍ မရနိုင်ကြောင်း၊ ရိုးသားသည့် တောင်သူ လယ်သမားအများစုသည် ဥပဒေကို နားလည်သိရှိမှု အားနည်းကြကြောင်း၊ သွေးထိုး မြှောက်ပင့် ပေးမှုများကြောင့် တရားရင်ဆိုင်နေရသည့် အဖြစ်များသည် ဝမ်းနည်း ဖွယ်ရာပင်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင်‌့ ဥပဒေကို တတ်သိ နားလည်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံပြီး မိမိတို့ အခွင်‌့အရေးများ ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင်‌့မြတ်ရေး ရှိမှသာ ငြိမ်းချမ်းရေး ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင်‌့မြတ်ရေးနှင်‌့ တရားဥပဒေစိုးမိုးမှု မရှိလျင် မိမိတို့ လိုလားတောင့်တသည့် ငြိမ်းချမ်းရေး ရရှိမည်မဟုတ်ကြောင်း၊ ယနေ့ ကာလတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အစိုးရနှင်‌့ လွှတ်တော်တို့က ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သိမ်မွေ့ခက်ခဲပြီး လွယ်လွယ်နှင်‌့ မရနိုင်ကြောင်း၊ မမျှော်လင့်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မည်သို့ပင် အခက်အခဲ ရှိရှိ စိတ်ခေါ်မှုများကြုံတွေ့တွေ့ ယင်းအခက်အခဲများကို ကျော်လွှားသွားမည် ဖြစ်ကြောင်း၊ မိမိတို့ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေးစနစ်ဖြင်‌့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ထူထောင်ရာတွင် ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဝါဒစွဲ မထားဘဲ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိမ့်ကျနေသည့် မိမိတို့နိုင်ငံကို အခြားနိုင်ငံများနှင်‌့ ရင်ဘောင် တန်းနိုင်သော နိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းပါကြောင်းဖြင်‌့ ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံးဖြတ်ချက်များနှင်‌့ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာပြီး ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တက်ရောက် လာကြသော တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကွင်းအတွင်း ခင်းကျင်းပြသထားသည့် လယ်ယာသုံး စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေး ပြခန်းများ အား ကြည်‌့ရှုလေ့လာသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင်‌့ဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်

ဓာတ်ပုံများ

ရုပ်သံဖိုင်   အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃)