Skip to main content

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခဲ့သည့်အမျိုးသားပညာရေးဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက'' ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးနိုင်ပါရန်" သဝဏ်လွှာ  ပေးပို့ ခဲ့ရာ  ပြည်ထောင် စု လွှတ်တော်နာယက က ယင်းဥပဒေနှင့် စပ်လျဉ်း၍ပညာရေး ဝန်ကြီးဌာန က ပြင်ဆင်ဖြည့်စွက်လိုသည့် အကြောင်းအရာများ ပါဝင် သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့လာပါကလွှတ်တော်အသီးသီးနှင့် သက်ဆိုင်သူများ ညှိနှိုင်းဆွေးနွေး ၍ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းဖြင့် နိုင်ငံတော်သမ္မထံသို့ သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့သည်။


အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအနက် ကျောင်းသားများက ပြင်ဆင်ပေးရန် တောင်းဆိုလျက်ရှိသည့် အချက်များနှင့်စပ်လျဉ်း၍  ပြင်ဆင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တက်ရောက် အမှာစကားပြောကြားသည်။


အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြား သည်။


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြနေခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပါအချက်များအနက် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ပေးပို့ရန်ရှိကြောင်း၊ လွှတ်တော်အပိုင်းကလည်း ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့သွား မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။


၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ  ၂၇ ရက်