Skip to main content

မြန်မာ့စီးပွားရေးအခြေအနေများအား လေ့လာခြင်း

နိဒါန်း
၁။    နိုင်ငံတော်အစိုးရသစ်မှ တာဝန်ယူအုပ်ချုပ်ခဲ့သည့် (၂) နှစ်တာကာလအတွင်း မေခရို စီးပွားရေး(Macroeconomic)အခြေအနေမှာ တည်ငြိမ်လျက်ရှိနေပါသည်။ နိုင်ငံတော်အစိုးရ သည် စီးပွားရေးကိုတိုးတက်အောင်ကြိုးစားလျှက်ရှိပြီး ၂ နှစ် တာကာလအတွင်း မမျှော်လင့်သော ဘေးအန္တရာယ်များဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၉) ခုတွင် ကြုံတွေ့ခဲ့ရသော ရေဘေးအန္တရာယ်နှင့် ရခိုင်ဒေသပဋိပက္ခများကြောင့် စီးပွားရေးသည် တုံ့နှေး ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးအား ပြန်လည်ဦးမော့လာရန်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများအား အမီလိုက်နိုင်ရေးအတွက်လည်းကောင်း၊ စီးပွားရေးမူဝါဒ (၁၂) ရပ် နှင့်အညီ အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ပြောင်းလဲမှုများနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်သွားရန်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှလည်းကောင်း၊ စီးပွားရေးပညာရှင်များမှ လည်းကောင်း အကြံပြုချက်များ၊ သုံးသပ်ချက်များအားလေ့လာ၍ ဆောင်ရွက်သွားရန်လိုအပ် ပါသည်။

နိုင်ငံတော်အစိုးရ၏ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များ

၂။    နိုင်ငံတော်အစိုးရသည်စီးပွားရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ဖြေလျော့မှုများအားအောက်ပါ အတိုင်းလုပ်ဆောင်နေပါသည်-
(က)    ရင်းနှီးမြှုပ်နှံမှု။    အစိုးရသစ်လက်ထက်တွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် သည်ပြည်ပရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်ရေးလုပ်ဆောင်ချက်အချို့ကိုလုပ်ဆောင်နေ ပြီဖြစ်ပါသည်။ တိုင်းဒေသကြီးပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းပေးထားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများသည် တိုက်ရိုက်တင်ပြဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ အဆိုပါ ကော်မတီများသည် သတ်မှတ်ပေးထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ စိစစ်ခွင့်ပြု နိုင်ပြီလည်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ဇုန်ခွဲခြားသတ်မှတ်ချက်အရ ဖွံ့ဖြိုး မှုနည်းပါးသည့် ဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများသည် ဇုန်အလိုက် အခွန်သက်သာ ခွင့်များရရှိမည်ဖြစ်ပါသည်။ မကြာမီကပင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သည်သွင်းကုန်အစားထိုးလုပ်ငန်းများကိုအားပေးမြှင့်တင်ရန်ရည်ရွယ်၍ သွင်းကုန် အစားထိုးလုပ်ငန်း (၁၃) ခုတွင်လုပ်ကိုင်လိုသူများအတွက်ခွင့်ပြုချက်အလျင်အမြန် ရရှိရန် ကူညီပေးမည်ဖြစ်ပြီး မြေနေရာရရှိရန်အတွက်လည်းကူညီမည်ဟုကြေညာခဲ့ ပါသည်။
        မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်က  ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေပါရင်းနှီးမြှုပ်နှံမှု အချိုးအစားပြင်ဆင်ချက်သည် FDI (Foreign Direct Investment) ကိုဆွဲဆောင်နိုင်မည့် ၃၅ ရာခိုင်နှုန်းအထိ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်ခွင့်ပေးထားပါသည်။  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခွင့်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဘိုး ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၀ ဘီလီယံရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမှန် စီးဝင်မှုတန်ဘိုးပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံ ရှိပါသည်။  

(ခ)    အခွန်ကင်းလွတ်ခွင့်။   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ် နှံလုပ်ကိုင်သူများသည် ပြည်တွင်း၌ ထုတ်လုပ်ထွက်ရှိလာသော ကုန်ချောပစ္စည်း များနှင့် တစ်စိတ်တစ်ပိုင်း ကုန်ချောထုတ်ကုန်များအားလုံးကို ပြည်တွင်းဈေးကွက် သို့ ရောင်းချခြင်းမပြုဘဲ ပို့ကုန်ထုတ်လုပ်ရန်အတွက် ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့ သည့်ကုမ္ပဏီများထံရောင်းချပါက ၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပါသည်။  အဆိုပါ ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှထုတ်ပြန်ချက် အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၇၇ (ခ) နှင့်အညီ အခွန်ကင်းလွတ်ခွင့် (သို့) သက်သာခွင့်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

(ဂ)    SME များအတွက်ချေးငွေ။    နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှုတွင် SME များ ပါဝင်မှုသည် ၉၉ ရာခိုင်နှုန်းရှိပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှစ၍ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို တစ်ဦးလျှင်အများဆုံးကျပ်သိန်း တစ်ထောင် အထိ အပေါင်ပစ္စည်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ထုတ်ချေးပေးမည် ဖြစ်ပါသည်။ ယင်းသို့ချေးငွေများ ထုတ်ချေးပေးမှုကို ဂျာမနီနိုင်ငံအစိုးရမှ ယူရိုငွေ ၄.၄၅ သန်း(မြန်မာငွေကျပ်၆.၈ဘီလီယံ)ကိုဂျာမနီနိုင်ငံအခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ် နှင့်သမဝါယမဘဏ်တို့ပူးပေါင်းပြီး ထုတ်ချေးပေးရန် စီစဉ်ထားပြီးဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်မှ SME လုပ်ငန်းများ အားဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှတရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA) ရယူ၍နှစ်ဆင့်ခံချေးငွေ စီမံ ကိန်း ပထမအဆင့်(Phase-1) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ လုပ်ငန်းရှင် ၂၉၂ ဦးအတွက် စုစုပေါင်းငွေကျပ် ၆၁၁၄၆.၉၈ သန်းထုတ်ချေးပေးခဲ့ပါသည်။ ဒုတိယအဆင့်(Phase-2)တွင်ချေးငွေဂျပန်ယန်း ၁၄၉၄၉ သန်းရယူရန်စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

(ဃ)    အနည်းဆုံးအခကြေးငွေ။            ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က  အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ အနည်းဆုံး အခကြေးငွေနှုန်းထားအား တစ်ရက်လျှင် ၄၈၀ဝ ကျပ်သတ်မှတ်ခဲ့ပြီး အလုပ် သမား ၁၀ ဦးနှင့်အထက် အကျုံးဝင်သတ်မှတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ကြပါသည်။  မြန်မာနိုင်ငံရှိ အလုပ်သမားအဖွဲ့အစည်းကြီးနှစ်ခုအပါအဝင် အလုပ်သမားနှင့်လယ် သမားသမဂ္ဂအဖွဲ့အစည်း ၁၅ ခုပူးပေါင်းဖွဲ့စည်းထားသည့်အနည်းဆုံးအခကြေးငွေ နှင့်အလုပ်သမားအခွင့်အရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီက အနည်းဆုံးအခ ကြေးငွေ တစ်ရက်ကျပ် ၄,၈ဝဝ သတ်မှတ်မှုအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကန့်ကွက်စာ တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။
မှတ်ချက်။    (မြန်မာနိုင်ငံ၏နှစ်အလိုက်စီးပွားရေးဆိုင်ရာကိန်းဂဏန်းများအား နောက်ဆက်တွဲ ဖြင့်ဖော်ပြထားပါသည်။)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မြန်မာ့စီးပွားရေးအပေါ်သုံးသပ်ချက်

၃။    နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က“မြန်မာနိုင်ငံအနေနဲ့လွန်ခဲ့သော တစ်နှစ်ကို ကြည့်လိုက်မည်ဆိုလျှင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိခဲ့ပါသည်။ အားသာချက်များမှာ နိုင်ငံရဲ့ဘဏ္ဍာငွေနဲ့ကျခံဆောင်ရွက်သော လုပ်ငန်းစီမံကိန်းများသည် ယခင်ကထက်ပိုပြီးတိုးတက်မှုရှိပါသည်။ သို့သော်လုံလောက်မှုမရှိသေးပါ။ ဗဟိုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဆက်စပ်မှု တိုးတက်လာသော်လည်း အားနည်းမှုရှိနေပါသေးသည်။ ဆိုလိုသည် မှာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ပါသည်။ အားသာချက်တစ်ခုကိုလေ့လာလျှင် လိုအပ်သော ဥပဒေ၊နည်းဥပဒေပြဋ္ဌာန်းပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဈေးကွက်စီးပွားရေးမှာ အောင် မြင်ရန် စမ်းသစ်တီထွင်နိုင်သောအရည်အချင်းများရှိရပါမည်။ ဈေးကွက်ရှာရုံနှင့်မလုံလောက်ပါ။     ဈေးကွက်လုပ်ယူခြင်း၊ ဈေးကွက်ထူထောင်ခြင်းစသည်တို့ကိုဆန်းစစ်ပြီးတီထွင်နိုင်မှသာတိုးတက် နိုင်ပါမည်။ Private Public Partnership ပုဂ္ဂလိကနှင့်အစိုးရ ညှိနှိုင်းပြီး၊ ပူးပေါင်းလုပ်ဆောင် သည့် စီမံကိန်းများကို ဦးတည်ရန်လိုအပ်ပါသည်။ နိုင်ငံ၏လက်ရှိစီးပွားရေး၊ နိုင်ငံရေးအခြေ အနေအရ ဤသို့ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းအားဖြင့်  စီးပွားရေးတိုးတက်မှုနှင့်နိုင်ငံရေးတည်ငြိမ်မှုအတွက် အများကြီးအထောက်အကူပြုပေးနိုင်ပါသည်။ စီးပွားရေးနှင့်နိုင်ငံရေးကိုခွဲလို့မရပါ။ထိုစီမံကိန်းများအကောင်အထည်ဖော်သည့်အခါစီးပွားရေး အကျိုးအမြတ်တစ်ခုတည်းကိုဘဲ ကြည့်၍မရပါ။ နိုင်ငံရေးအတွက် မည်သို့ပံ့ပိုးမှုဖြစ်နိုင်မည်ကို ကြည့်ရပါမည်ဟူ၍ နိုင်ငံစီးပွားရေးအပေါ်အားသာချက်အားနည်းချက်များထောက်ပြ၍ဆန်းသစ် တီထွင်သောဈေးကွက်ဖော်ဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(Public-Private Partnership - PPP)သို့ဦးတည်ညှိနှိုင်းရန်၊ စီးပွားရေး နှင့်နိုင်ငံရေးခွဲခြားမရသောဆက်စပ်မှုများကို ဖော်ထုတ်လမ်းညွှန်ခဲ့ပါသည်။

အဖွဲ့အစည်းများ၏ဆောင်ရွက်ချက်

၄။    ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အသင်းချုပ်ညီလာခံ(၂၀၁၇)၌အသင်းများမှကိုယ်စားလှယ် များက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း ၁၇ ချက် ကို သဘောတူဆုံးဖြတ်ချက်အတည်ပြုခဲ့ပြီး နိုင်ငံတော်အစိုးရသို့ ပေးပို့တင်ပြမည်ဖြစ်ပါသည်။ စစ်မှန်ထိရောက်သည့်အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းများပေါ်ပေါက်စေရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက် ၁၇ ချက်တွင် ကုန်သည်/စက်မှု အသင်းချုပ်သည် ညီနောင်အသင်းများနှင့်လက်တွဲ၍ ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် ဖော်ဆောင်ရန်နှင့် စစ်မှန်ထိရောက်သည့် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းများ ပေါ်ပေါက်စေရန်၊  စီးပွား ရေးတည်ငြိမ်မှုရှိပြီး ရှေ့သို့တိုးတက်ရန်ဆောင်ရွက်မည့် မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များကို ဦးစား ပေးကဏ္ဍအလိုက် နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ပေးရန်၊ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန်၊ AEC (ASEAN Economic Community-2018) သဘောတူညီမှုများ၊ One-Belt- One-Road ၊ Look East -Act East မူဝါဒနှင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားစသည်တို့အား ဗျူဟာကျကျ အသုံးပြု ခြင်းကို အစိုးရက ထိရောက်စွာအသုံးချရန်၊ စီးပွားရေးကဏ္ဍတွင် ဆန်းသစ်တီထွင်ကြံဆခြင်းနှင့် ဖန်တီးခြင်းတို့ကို အားပေးရန် အထူးသဖြင့် လူငယ်လုပ်ငန်းရှင်များကို ပိုမိုဦးတည်ဆောင်ရွက် ရန် စသည့်အချက်များကို ညီလာခံ၌ အတည်ပြုခဲ့ကြပါသည်။  

IMF ၏ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေးသုံးသပ်ချက်

၅။    International Monetary Fund(IMF)နှင့်၎င်း၏အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူ ညီချက်၏ အပိုဒ် ၄ အရ IMF သည် ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၏ နှစ်စဉ်စီးပွားရေးအခြေအနေ များ၊ ငွေကြေးအခြေအနေများနှင့်ပတ် သက်သောအချက်အလက်များအား နှစ်စဉ် IMF ပညာရှင် များမှ အဖွဲ့ဝင်နိုင်ငံများသို့သွားရောက်ပြီး အချက်အလက်များ တောင်းခံ၍သုံးသပ်ရေးသားပြီး Board of Director of IMF ၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာနိုင်ငံသို့ အသိပေး အကြောင်းကြားပါသည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် IMF မှ မြန်မာ့စီးပွားရေးနှင့်စပ်လျဉ်း သော သုံးသပ်ချက်များအား အောက်ပါ အတိုင်းဖော်ပြထားပါသည်-

(က)    ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင်စီးပွားရေးသည်တည်ငြိမ်မှုရှိလာခဲ့ခြင်း။      အစိုးရ သစ်၏ ပထမနှစ်တွင် စိုက်ပျိုးရေးထုတ်လုပ်မှုကျဆင်းခြင်း၊ ပို့ကုန်ကျဆင်းခြင်းနှင့် ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ခြင်းများကြောင့် ဂျီဒီပီ တိုးတက်မှုနှုန်းသည် မျှော်မှန်းသလောက်မရရှိဘဲ ၅.၉ ရာခိုင်နှုန်းသာရရှိခဲ့ပါသည်။

(၁)    အစိုးရ၏အသုံးစရိတ်လိုငွေ။            ၎င်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၄.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လိုငွေကို ၃ ရာခိုင်နှုန်းခန့်သို့လျော့ချနိုင်ခဲ့သဖြင့် လိုငွေကို ဗဟိုဘဏ်မှ ဖြည့်ဆည်းနေရ သည့်ပမာဏကို လျော့ချနိုင်ခဲ့ပါသည်။

(၂)    ငွေကြေးဖောင်းပွမှုနှုန်း။    ၎င်းကို ၆.၈ ရာခိုင်နှုန်းသို့ လျော့ချနိုင်ခဲ့ပါ သည်။ ထို့အပြင် ပြည်ပငွေပေးငွေယူရှင်းတမ်းလိုငွေသည် ယခင်နှစ်တွင် ဂျီဒီပီ၏ ၅.၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းသို့ လျော့ချနိုင်ခဲ့ပါသည်။

(၃)    နိုင်ငံခြားအရန်ငွေ။              ပြည်ပငွေပေးငွေယူရှင်းတမ်းလိုငွေ(Current account deficit)ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စစ်မှန်သည့် ငွေလဲလှယ်နှုန်းများဖြင့် ထိန်းကျောင်းနိုင်ခဲ့သဖြင့် နိုင်ငံခြားအရန်ငွေသည် သွင်းကုန်၏ ၃.၂ လစာရှိနေပြီးနိုင်ငံခြားအရန်ငွေပမာဏကိုတည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(ခ)    နှစ်လတ်မေခရိုစီးပွားရေးအခြေအနေသည်တည်ငြိမ်လျက်ရှိခြင်း။         စိုက်ပျိုးရေး ကဏ္ဍပြန်လည်နလန်ထူလာခြင်းနှင့် ပို့ကုန်မြင့်တက်လာခြင်းကြောင့် စီးပွားရေး တိုးတက်မှုသည် ပြန်လည်ဦးမော့လာပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ တိုးတက်မှုနှုန်း ၅.၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၆.၇ ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်းပါသည်။
နိုင်ငံ၏အခွန်မှဝင်ငွေတိုးတက်မှုနှင့်အညီ တိုးတက်သုံးစွဲခဲ့သော ဖြည့်စွက် ရန်ပုံငွေမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ဒုတိယ ၆ လပတ်တွင် အစိုးရ၏အသုံး စရိတ်ကိုတိုးမြှင့်နိုင်ခဲ့ခြင်းသည်လည်း နိုင်ငံ၏တိုးတက်မှုကို အထောက်အကူဖြစ် စေမည်ဖြစ်ပါသည်။ သို့ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများနှေးကွေးနေခြင်းနှင့် ရခိုင် ပြည်နယ်အရေးအခင်းသည် ခရီးသွားလုပ်ငန်းအပါအဝင်ကဏ္ဍအချို့ကို ထိခိုက်နိုင် ခြင်းကြောင့်နိုင်ငံ၏ တိုးတက်မှုသည် ယခင်နှစ်များကထက် ရေတိုတွင်နိမ့်ကျနေ ဦးမည်ဖြစ်ပါသည်။
နှစ်လတ်တိုးတက်မှုအခြေအနေမှာ မြင့်မားလာနေသော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ၊ ပြည်သူအများနှင့်ဆိုင်သောကဏ္ဍတွင် တိုးမြှင့်သုံးစွဲရင်းနှီးမြှုပ်နှံမှုများ အစိုးရယန္တရား၏အရည်အသွေးမြင့်မားလာခြင်းကြောင့်ဂျီဒီပီတိုးတက်မှုနှုန်းသည် ပျှမ်းမျှ ၇.၀ နှင့် ၇.၅ ရာခိုင်နှုန်းကြားပြန်လည်ရောက်ရှိလာမည်ဟု မျှော်မှန်းပါသည်။
ဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အစိုးရ၏ အသုံး စရိတ်များကြောင့် သွင်းကုန်တင်ပို့မှုသည် ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး ပြည်ပငွေပေးငွေယူရှင်းတမ်း(Current account balance)သည် ဆက်လက်၍ လိုငွေပြနေဦးမည်ဖြစ်ပါသည်။

(ဂ)    စွန့်စားရမှုများသည်အကျဘက်သို့ဦးတည်လျက်ရှိခြင်း။         ၎င်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း အကြံပြုသုံးသပ်ထားပါသည်-
(၁)    ပုဂ္ဂလိကနယ်ပယ်တွင်ချေးငွေများလျင်မြန်စွာမြင့်တက်လျက်ရှိသဖြင့်ဘဏ် လုပ်ငန်းကဏ္ဍ၏စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲလာသောအခြေအနေ နှင့်အညီထုတ်ပြန်ရန် လိုအပ်ပါသည်။
(၂)    လက်ရှိအခြေအနေတွင်နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုအပေါ် အဓိကကျနေသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ပြည်တွင်းပဋိပက္ခနှင့် လူ့အခွင့်အရေးဆိုင်ရာပြဿနာများ သည် ဖွံ့ဖြိုးတိုးတက်မှုအသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံသူများ၏သဘောထား ကို ထိခိုက်စေနိုင်ပါသည်။
(၃)    စွန့်စားရမှုများကိုမြင့်မားစေသော အဓိကပြဿနာများမှာ နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးနှုန်းများကျဆင်းနေခြင်း၊တည်ငြိမ်မှုမရှိသောကမ္ဘာ့ငွေကြေး ဈေးကွက်နှင့် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကြောင့် ဂယက်ရိုက်မှု တို့ဖြစ်နိုင်ပါသည်။
(၄)    ရေကြီးမှုအန္တရာယ်သည် ယခုနှစ်တွင်ကျဆင်းသွားသော်လည်းသဘာဝဘေးဒဏ် သည်မြန်မာနိုင်ငံအတွက်အမြဲတမ်းမျှော်လင့်ထားရမည့်စွန့်စားမှုတစ်ခုဖြစ်ပါသည်။
(၅)    တိုးတက်မှုကိုမြှင့်တင်ရန်အတွက် စီးပွားရေးမဟာဗျူဟာကို ယခုထက် ပိုမို ၍ အသေးစိတ်ချမှတ်ဆောင်ရွက်ရန်လိုအပ်ပြီး အခြေခံအဆောက်အဦများ တွင် ပိုမိုရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။
(၆)    မြန်မာနိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် အားရစရာကောင်းသော တိုးတက်မှုကိုရရှိနေပြီး ဆင်းရဲမှုကိုလျော့ချနိုင်သည့်အခြေအနေတွင်လည်း ရှိနေခဲ့ပါသည်။ တိုးတက်မှုအရှိန်အဟုန်ကိုထိန်းသိမ်းနိုင်ရန်အတွက်ဒုတိယ အဆင့်ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရန်လိုအပ်လျက်ရှိပါသည်။
(၇)    ပြုပြင်ပြောင်းလဲမှုသည် စိုက်ပျိုးရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းစနစ်နှင့်တစ်ဆင့် ချင်းအတိုးနှုန်းလျော့ချရေး မူဝါဒ၊ အခြေခံအဆောက်အဦ၊ ကုန်သွယ်မှု၊ သဘာဝသယံဇာတများအပေါ် စီမံခန့်ခွဲမှုနှင့် ဥပဒေမူဘောင်ချမှတ်မှုတို့ အပေါ်တွင် အာရုံစိုက်ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ကုမ္ပဏီဥပဒေကို ပြင်ဆင်ခြင်းဖြင့် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ကို ရရှိစေ ပြီး စီးပွားရေးကို ဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။  
(၈)    ဒုတိယအဆင့်ပြုပြင်ပြောင်းလဲမှုကို စနစ်တကျအဆင့်ဆင့်လုပ်ဆောင်သွား ခြင်း၊ အများနှင့်ဆိုင်သောကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ထိရောက်စွာတိုး မြှင့်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးကို ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးမြင့် ကွင်းဆက်(Global value chains)တွင်ပါဝင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ (ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံ မှုများသည် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးမြင့်ကွင်းဆက်ဖြင့် ချိတ်ဆက်နေမှုများ ပိုမိုဖြစ်ပေါ်နေပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် အတွေ့အကြုံများအရ တန်ဖိုးမြှင့်ကွင်းဆက်ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာကိုဖြန့်ကြက် ပြီး ဒီဇိုင်းပုံစံပြုလုပ်ခြင်းလုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ ရောင်း ချမှုလုပ်ငန်းများ၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အရေး တကြီးလိုအပ်လာပါသည်။ မတူညီသောနိုင်ငံများတွင် မတူညီသော ထုတ် လုပ်မှုအဆင့်များ ပါဝင်လျက် ကမ္ဘာ့နိုင်ငံများကြား ချိတ်ဆက်ဆောင်ရွက် မှုများဖြင့် ကမ္ဘာ့အနှံ့အပြားတွင် ကုမ္ပဏီရုံးခွဲများဖွင့်လှစ်ဆောင်ရွက်နေခြင်း၊ ဒေသတွင်းရှိ ဝန်ထမ်းများခန့်အပ်ဆောင်ရွက်ခြင်းတို့ဖြင့် ဖွဲ့စည်းမှုများ လုပ်ဆောင်လျက် ရှိနေပြီဖြစ်ပါသည်။)  

(ဃ)    ဘဏ္ဍာရေးမူဝါဒသည် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသည့် SDGs(Sustainable Development Goals) များရောက်ရှိရေးအတွက် ဦးတည်ချက်များဖြစ်ရန် လိုအပ်ခြင်း။       ထိုသို့ဆောင်ရွက်ရာတွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို မထိခိုက်စေရန် နှင့်အစိုးရ၏ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှဖြည့်ဆည်းနေခြင်းအား လျော့ချရန် လိုအပ်ပါသည်။ အစိုးရ၏လူမှုရေးဆိုင်ရာ အသုံးစရိတ်များမြှင့်တင်ခြင်း၊ မတူညီ သော ပြည်နယ်ဒေသများအလိုက် အသုံးစရိတ်မြှင့်တင်ခြင်း၊ အထူးသဖြင့် ရခိုင် ပြည်နယ်တွင် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသုံးစရိတ်မြှင့် တင်ခြင်းများကိုကြိုဆိုပါသည်။
အထက်ပါအသုံးစရိတ်များကို မြှင့်တင်သုံးစွဲရန်နှင့် အခြေခံအဆောက်အဦ များအပေါ်သုံးစွဲမှုကိုမြှင့်တင်ရန်အတွက် နှစ်လတ်လိုအပ်သည့်ဘဏ္ဍာငွေကို ဖြည့် ဆည်းရန် အစိုးရ၏အသုံးစရိတ်ပြင်ဆင်ရေးဆွဲခြင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုမြှင့် တင်ခြင်း၊ ဝင်ငွေရရှိမှုမြှင့်တင်ခြင်း၊ ပြည်ပမှအတိုးနှုန်းသက်သာသည့် ချေးငွေများ ရယူခြင်းတို့ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
ဝင်ငွေတိုးမြှင့်ရရှိရန်အတွက် အခွန်ဌာန၏စီမံခန့်ခွဲမှုကို တိုးတက်ပြုပြင် ဆောင်ရွက်ရန်လိုအပ်ပြီး အခွန်ဥပဒေများကိုခေတ်နှင့်အညီဖြစ်ရေးအတွက် ပြုပြင် ရေးဆွဲရန် လိုအပ်ပါသည်။ နိုင်ငံတော်ပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲခြင်းအား ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါသည်။
လျှပ်စစ်မီတာခများနှင့်ပတ်သက်၍ နိုင်ငံတော်မှစိုက်ထုတ်ကုန်ကျခံနေခြင်း ကိုလျော့ချရန်ဆောင်ရွက်ရာတွင်အခြေခံလူတန်းစားများအား ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်။

(င)    ဈေးကွက်မှ အဆုံးအဖြတ်ပေးသော ငွေလဲလှယ်မှုစနစ်ကို ကျင့်သုံးခြင်း။   ယင်း သို့ ကျင့်သုံးခြင်းဖြင့် စီးပွားရေးဂယက်ရိုက်မှုကို လျော့ချပြီးငွေကြေးစီးဆင်းမှုကို  အားပေးမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဈေးကွက်မှအဆုံးအဖြတ်ပေးသည့် ငွေလဲ လှယ်မှုစနစ်ကို ကျင့်သုံးခြင်း၊ ငွေဖြစ်လွယ်မှုကို စီမံခန့်ခွဲခြင်းဖြင့် ငွေကြေးဆိုင်ရာ အားသာမှုကို ရရှိမည်ဖြစ်သည့်အပြင် ငွေလဲလှယ်မှုနှုန်းထားကို အရှင်ထားခြင်း၊ ဘဏ်အချင်းချင်းအကြား ငွေကြေးဈေးကွက်ကို ပိုမိုဖြစ်ပေါ်စေခြင်းဖြင့် ငွေကြေး မူဝါဒတည်ငြိမ်မှုကို ဖြစ်စေပါမည်။

(စ)    မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိရေးကို ဦးတည်ဆောင်ရွက်ရန် လို အပ်ခြင်း။    ဘဏ်လုပ်ငန်းစနစ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေ ရေးအတွက် အဓိကကျသော လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချိန်ဆထုတ် ပြန်ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဘဏ်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ကိုထုတ်ပြန်ရာတွင် ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်ရေးနှင့်နက်ရှိုင်းရေးကို အထောက် အကူဖြစ်စေရန်လိုအပ်ကြောင်း IMF ပညာရှင်များမှအကြံပြုပါသည်။
ငွေကြေးကဏ္ဍတိုးတက်ရေးအတွက် အတိုးနှုန်းဖြေလျော့ခြင်းများ ဆောင် ရွက်ရာတွင်ဗဟိုဘဏ်၏စည်းမျဉ်းစည်းကမ်းချမှတ်မှုနှင့်ကြီးကြပ်ကွပ်ကဲနိုင်သည့် အရည်အသွေးမြင့်တက်လာမှုအပေါ် မူတည်၍ ဟန်ချက်ညီ ဆောင်ရွက်သွားသင့် ကြောင်း ဖော်ပြထားပါသည်။

World Bank ၏ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာချက်နှင့် ၂၀၁၈ ခုနှစ် အတွက်မျှော်မှန်းချက်များ

၆။    World Bank ကမြန်မာနိုင်ငံ၏စီးပွားရေးနှင့်စပ်လျဉ်း၍ မြန်မာသည်အရှေ့အာရှရှိ စီးပွားရေးမြန်ဆန်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများအနက် အပါအဝင်ဖြစ်ပြီး စီးပွားရေးမှာတည်ငြိမ် လျှက်ရှိကြောင်း အောက်ပါအတိုင်းသုံးသပ်ထားပါသည်-
(က)    ၂၀၁၇ ခုနှစ်အတွက် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာချက်
(၁)    အစိုးရသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အတွက် ပြုပြင်ပြောင်းလဲရေးကိုသိသိသာသာလုပ်ဆောင်ခဲ့သော်လည်း ရင်းနှီးမြုပ်နှံ သူများသည် အခြေအနေအားစောင့်ကြည့်နေဆဲဖြစ်၍ ရင်းနှီးမြုပ်နှံမှုမှာ တုန့်နှေးနေပါသည်။
(၂)    ၂၀၁၇ ခုနှစ် ပထမ ၄ လပတ်အတွင်း အစိုးရ၏ရင်းနှီးမြှုပ်နှံမှုများ လျော့ ကျသွားခြင်း၊ စိုက်ပျိုးရေးကဏ္ဍကျဉ်းမြောင်းသွားခြင်း၊  ထုတ်လုပ်မှုများ လျော့ကျသွားသဖြင့် စက်မှုကဏ္ဍနိမ့်ကျသွားခြင်း၊ သဘာဝဓာတ်ငွေ့ထွက်ရှိ မှုလျော့ကျသွားခြင်းတို့ကိုကြုံတွေ့ခဲ့ရပါသည်။
(၃)    ပုဂ္ဂလိကစားသုံးမှုနှင့်သုံးစွဲမှုများမှာ GDP ၏ ၅၀ ရာခိုင်နှုန်းရှိပါသည်။ အထူးသဖြင့် မြို့ပြတွင် မိုဘိုင်းဖုန်း၊ တယ်လီဗေးရှင်း၊ မော်တော်ဆိုင်ကယ် များအား ပြည်သူများဝယ်ယူသုံးစွဲလာသောကြောင့်ဖြစ်ပါသည်။ ပြည်သူ များ၏ ဝယ်ယူနိုင်စွမ်းမြင့်တက်လာသည့်အတွက် ဈေးကွက်တွင်လည်း လွယ်ယူစွာရရှိသည့်အတွက် အိမ်ထောင်စုများ၏ပိုင်ဆိုင်မှုများ သိသိသာ သာ တိုးတက်လာပါသည်။
(၄)    တင်းကြပ်သည့်စီးပွားရေးမူဝါဒများကြောင့်ဝယ်လိုအားနှေးကွေးသွားသည့် အတွက် ပြည်ပငွေပေးငွေယူရှင်းတမ်း(Balace of Payment)မှာယခင် နှစ်က ဝ.၈ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင်ခန့်မှန်း ၁.၄ ရာခိုင်နှုန်း ပိုငွေ တိုးတက်ခဲ့ပါသည်။
(၅)    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စားသုံးကုန်ဈေးမြင့်တက်မှုကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း ၁၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆.၇ ရာခိုင်နှုန်း ခန့်ရှိခဲ့ပါသည်။  
(၆)    ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်းမှာ ၁၉.၄ ရာခိုင်နှုန်းသို့လျော့ကျခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်ဆင်းရဲမှုနှုန်း၂၅.၆ ရှိခဲ့ပါသည်။  
(ခ)    ၂၀၁၈ ခုနှစ်အတွက် စီးပွားရေးမျှော်မှန်းချက်အလားအလာများနှင့်မူဝါဒ

(၁)    ယခင်နှစ်ကစတင်ခဲ့သော ရခိုင်ပြည်နယ်အရေးကြောင့် ခရီးသွားလုပ်ငန်း (Tourism)အနည်းငယ်ထိခိုက်နိုင်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်စီးပွား ရေးတိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းရှိလိမ့်မည်ဟုမျှော်မှန်းရပါသည်။ ပြုပြင် ပြောင်းလဲမှုများနှေးကွေးနေသည့်အပြင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိမှုအား နည်းသောကြောင့် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာရန် တုံ့နှေးနေပါသည်။
(၂) လုပ်သားများပြားစွာအသုံးပြုရသောထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့်ဦးစား ပေးကဏ္ဍဖြစ်သော အခြေခံအဆောက်အဦများဖြစ်သည့် စွမ်းအင်နှင့်သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင်ရင်းနှီးမြုပ်နှံမှုများတိုးတက်လာနိုင်ပါသည်။
(၃)    ၂၀၁၇-၂၀၁၈ ခုနှစ်တွင်း ငွေကြေးဖောင်းပွမှုနှုန်း ၅.၂ ရာခိုင်နှုန်းသို့ နိမ့်ကျ သွားမည်ဟုမျှော်မှန်းရပါသည်။ သို့သော်လည်း စွမ်းအင်ဈေးနှုန်းမြင့်တက် နေမှု အဟန့်အတားများမှာ ရှိနေပါသေးသည်။
(၄)    စီးပွားရေးအတွက်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာစေရန်အတွက်  ပြုပြင်ရန်လိုအပ်သောကဏ္ဍများအနက် ဘဏ္ဍာရေးကဏ္ဍနှင့်စွမ်းအင်ကဏ္ဍ တို့၏စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲခြင်းဖြစ်ပြီးစီးပွားရေးလုပ်ငန်းစည်းမျဉ်း စည်းကမ်းများကိုပြုပြင်ပြောင်းလဲရန်ဖြစ်ပါသည်။ နှစ်လတ် စီးပွားရေးအစီ အစဉ်များကို အကောင်အထည်ဖော်နိုင်မည့်မူဝါဒနှင့် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံကိန်းများချမှတ်ရန်၊ အစိုးရ၏လုပ်ဆောင် မည့် မူဝါဒနှင့်အစီအမံများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိစေရန် ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြုပ်နှံသူများ၏ ခိုင်မာသော ယုံကြည်မှုကိုရရှိ နိုင်ကြောင်း အကြံပြုထားပါသည်။

Roland Berger ၏ ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်စိတ်ချမှုစစ်တမ်း

၇။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်နှင့် မြူးနစ်မြို့အခြေစိုက်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာ အတိုင်ပင်ခံလုပ်ငန်းအဖွဲ့ ဖြစ်သော Roland Berger တို့က ပူးပေါင်းကောက်ယူလေ့လာထားသည့် စီးပွားရေးလုပ်ငန်းရှင် ၅ဝဝ ခန့်နှင့်အကြီးတန်းအမှုဆောင်အရာရှိများအား မေးမြန်းထားသည့် ၂၀၁၇ မြန်မာ့စီးပွားရေး စစ်တမ်းတွင် စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချမှု (Business Confidence) သည် ၂၀၁၆ ခုနှစ်က ၇၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့  လျော့ကျသွားကြောင်းဖော်ပြခဲ့ပါသည်။

၈။    စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကုမ္ပဏီများ၏စိန်ခေါ်မှုများမှာ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း (၇၇) ရာခိုင်နှုန်း၊   အစိုးရ၏ ပြတ်သားသော စီးပွားရေးဆိုင်ရာမူဝါဒများ မရှိခြင်း (၇၇) ရာခိုင်နှုန်း၊ မမျှော်မှန်းနိုင်သောဥပဒေ၊ နည်းဥပဒေချမှတ်လာနိုင်သည့်အခြေအနေရှိနေခြင်း (၇၂) ရာခိုင်နှုန်းနှင့် မမျှော်လင့်နိုင်သော ရွေးချယ်ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ ချမှတ် ဖော်ဆောင်ခြင်း (၇၂) ရာခိုင်နှုန်းတို့ဖြစ်ကြပါသည်။

၉။    စစ်တမ်းကောက်ယူမှုတွင် စင်္ကာပူ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အမေရိကန်၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများပါဝင်ပြီး စစ်တမ်းကောက်ယူသည့်ကာလမှာ ရခိုင်ပြည်နယ် ပဋိပက္ခမတိုင်မီဖြစ်သဖြင့် ယခုအခါ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံသူများ ၏ယုံကြည်မှုသည်စစ်တမ်းရလဒ်ထဲမှကိန်းဂဏန်းများထက်လျော့ကျဖွယ်ရှိကြောင်း သိရပါသည်။

စီးပွားရေးပညာရှင်များ၏ သဘောထားမှတ်ချက်များ

၁၀။    ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်တွင်ပြုလုပ်သောညီလာခံ၌ အသင်းချုပ်၏စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် က ၂၀ဝ၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသားတစ်ဦးချင်း၏ GDP မှာ ၁၉၃.၂ ဒေါ်လာသာရှိခဲ့ပြီး အာဆီယံတွင်အောက်ဆုံးဖြစ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံကိုအမီလိုက်နိုင်ခဲ့ ပါသည်။ IMF က ၂၀၂၀-၂၁ ခုနှစ်အရောက်တွင်တစ်ဦးချင်း GDP ၁,၈၃၂ ဒေါ်လာဖြစ်မည် ဟုခန့်မှန်းထားပါသည်။ ၂၀၁၅ ခုနှစ်က လာအိုနိုင်ငံ၏ နိုင်ငံသားတစ်ဦးချင်း GDP မှာ ၂,၁၅၉ ဒေါ်လာဖြစ်ပါသည်။ ထို့အပြင် လာအိုမှာ ၂၀၂၀-၂၁ ခုနှစ် (၅) နှစ်တာအတွင်း ဆက်လက် တိုးတက်ဦးမည်ဖြစ်၍ IMF ကခန့်မှန်းထားသည့်အတိုင်း တိုးတက်ခဲ့လျှင်ပင် လက်ရှိအစိုးရ သက်တမ်းအတွင်းလာအိုကိုအမှီလိုက်နိုင်ရန်အလားအလာနည်းနေကြောင်းပြောကြားခဲ့ပါသည်။  

၁၁။    ၎င်းကဆက်လက်၍ တိုင်းပြည် စီးပွားရေးတိုးတက်စေရေးအချက် (၄) ချက်ဆောင် ရွက်ရန် အောက်ပါအတိုင်း တင်ပြခဲ့ပါသည်-
(က)    ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ စီးပွားရေးကဏ္ဍအား ထိပ်ဆုံးဦးစားပေး အဖြစ်သတ်မှတ်ထားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန်ဖြစ် ပါသည်။ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုထိန်းသိမ်းရေး၊ ပြည်ပထွက်ခွာသွားသူများမှ ၎င်းတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေး၊ ပြန်လည်အခြေချနေထိုင်ရေးနှင့် ပြုစုပျိုးထောင် ရေးတို့အတွက် စီးပွာရေးရှင်သန်တိုးတက်နေမှုသည် မရှိမဖြစ်လိုအပ်ပါသည်။
(ခ)     အဓိကအရေးပါသည့်သက်ဆိုင်သူအားလုံးက ထောက်ခံနိုင်သော စီးပွားရေးမဟာ ဗျူဟာတစ်ခု ရေးဆွဲပေးပါရန် နမူနာအခြေခံအချက်များကို  ဖော်ပြထားပြီးဖြစ်ပါ သည်။ ထိုအချက်များသည်အကြံပြုမှုသာဖြစ်ပါသည်။ ထို့အတွက်ကြောင့် မဟာဗျူဟာ ရေးဆွဲရေးတွင် တင်ပြထားသောနမူနာကို လိုအပ်သင့်တော်သလိုပြင်ဆင်ပြောင်းလဲ မှုများလုပ်ဆောင်ပေးသင့်ပါသည်။ ထိုမဟာဗျူဟာအကြမ်းကိုရေးဆွဲပြုစုပြီး လွှတ်တော် ထံတရားဝင်အထောက်အထားအဖြစ် အတည်ပြုပေးရန် လည်းတင်ပြနိုင်ပါသည်။
(ဂ)    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် သူမ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင်များ၊ စီးပွားရေးအကြံပေးများ၊ ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မှ စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စများနှင့် ဗဟိုဘဏ်အဆင့် ငွေကြေးရေး ရာကိစ္စများမှာ အဓိကလုပ်ဆောင်နေသော အရာရှိများနှင့်မကြာခဏ၊ အနှစ်သာရရှိရှိ အမြင်ဖလှယ်မှုများ လုပ်ပေးသင့်ပါသည်။ ထိုပုဂ္ဂိုလ်များအနေနှင့် လွတ်လွတ်လပ် လပ်ပွင့်ပွင့်လင်းလင်းပြောနိုင်ရန် အခွင့်အလမ်းများပိုမိုဖန်တီးပေးရန်နှင့် အားပေးရန်၊ ၎င်းတို့အကြံဉာဏ်များကိုဆုံးဖြတ်ချက်ချရာတွင် ထည့်သွင်းစဉ်းစားပေးရန် အကြံ ပြုလိုပါသည်။  ၎င်းတို့တာဝန်ထမ်းဆောင်ရာမှာလည်း အမှီအခိုကင်းကင်းနှင့်လွတ် လွတ်လပ်လပ်လုပ်နိုင်၍ ၎င်းတို့၏ကျွမ်းကျင်သောကဏ္ဍများမှာ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချ လုပ်ဆောင်နိုင်ရန်လုပ်ပိုင်ခွင့်များပေးသင့်ပါသည်။
(ဃ)     ရွေးကောက်ခံအစိုးရသည် လက်ရှိအခြေအနေမှ ရှေ့ဆက်လှမ်းတက်နိုင်ဖို့ အခွင့် အလမ်းကောင်း တစ်ခုဖြစ်နေပါသည်။ ထိုအခွင့်အလမ်းကောင်းကို အသုံးချနိုင်ရန် စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့် အခြားအရေးပါတဲ့ကဏ္ဍများတွင် ကျွမ်းကျင် ပိုင်နိုင်ကြောင်းသက်သေထူပြီးသားသူများအများကြီးရှိထားပြီးဖြစ်ပါသည်။ ထို့ကြောင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ထိုကျွမ်းကျင်သူများနှင့်တွေ့ရှိရန် ၎င်းတို့ ပြောကြားချက်များကိုနားထောင်ကာ ၎င်းတို့ရင်ဆိုင်နေရသော အခက်အခဲများကို မှတ်သားပြီး ၎င်းတို့အကြံပြုချက်များကိုစဉ်းစားပေးရာမှာ ဆန္ဒမစောစေအောင် ထိန်းပေးရန်နှင့် ၎င်းတို့အကြံပြုချက်ဖြင့် အတိုင်ပင်ခံ၏ ဦးဆောင်မှုအောက်တွင် စီးပွားရေးပြန်လည်တိုးတက်ရှင်သန်အားကောင်းလာနိုင်ရေးအတွက် လက်တွေ့ အစီ အစဉ်များကို စနစ်တကျအချိန်ယူလုပ်ဆောင်ရန် အကြံပြုလိုပါသည် ဟုသဘောထား မှတ်ချက်ပြုထားပါသည်။

၁၂။    ဦးလှမြင့်သိန်း (အကြံပေးပုဂ္ဂိုလ် - UMFCCI)  က အစိုးရသစ်လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမျှော်မှန်းသလောက်ဝင်ရောက်မလာသေးခြင်း၊ ကုန်သွယ်မှုလိုငွေဆက်လက်ပြ နေခြင်း၊ ဘက်ဂျက်လိုငွေပြနေခြင်း၊ ငွေကြေးဖောင်းပွမှုများနေခြင်း၊ အလုပ်လက်မဲ့ဦးရေများ နေခြင်း၊ ကုန်ထုတ်လုပ်မှု လျော့နည်းနေခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်း၊  SME စီးပွားရေးလုပ်ငန်းများ မတိုးတက်ခြင်း၊ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု ကျဆင်းလာခြင်းတို့ရှိ နေပါကြောင်း မှတ်ချက်ပြုပါသည်။

(က)    ကုန်သွယ်မှုလိုငွေ ပြနေခြင်း။        ပို့ကုန်နှင့်သွင်းကုန်တွင်သွင်းကုန်သည်ဆက်တိုက် များနေရာ သွင်းကုန်အတွက်ဒေါ်လာလိုအပ်ချက်များနေသဖြင့် ဒေါ်လာဈေးတက် လျက်ရှိပါသည်။ သွင်းကုန်ဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် စားသုံးသူ များ ထိခိုက်လျက်ရှိပါသည်။ ထို့ကြောင့် သွင်းကုန်များလျော့ချရန်နှင့် ပို့ကုန်များ မြင့်တက်ရန်လိုအပ်သကဲ့သို့ ပို့ကုန်မြင့်တက်ရန် နိုင်ငံတကာနှင့်ဈေးနှုန်းများ ယှဉ် ပြိုင်ရန်လည်းလိုအပ်ပါသည်။  ယှဉ်ပြိုင်ရာတွင် ကုန်ကျစရိတ်များသက်သာရန် လို အပ်ပါသည်။ ထိုကုန်ကျစရိတ်တွင်သယ်ယူပို့ဆောင်ခများ၊ ဘဏ်တိုးများ၊ အခွန် အခများကို လျော့ချရန်လိုအပ်ပါသည်။ Withholding Tax(ပင်ရင်းမှနုတ်ယူပေး သွင်းရသည့်ဝင်ငွေခွန်) ၂ ရာခိုင်နှုန်းသည်လည်းစရိတ်တစ်ခုအပါအဝင်ဖြစ်နေပါ သည်။ နိုင်ငံတကာတွင်လုပ်ငန်းရှင်များကို အခွန်သက်သာခွင့်များပေးနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် Withholding Tax ၂ ရာခိုင်နှုန်းကိုလျော့ပေးသင့် ပါသည်။ စိန်နှင့်မြကို အထူးကုန်စည်ကင်းလွတ်ခွင့်နှင့် ရွှေစင်ရွှေတုံးကိုကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလျှင် ၂ ရာခိုင်နှုန်း Withholding Tax  ကိုလည်း ခွင့်ပြုသင့်ပါသည်။  (Withholding Tax ဆိုသည်မှာ လစာခေါင်းစဉ်မှအပ သတ်မှတ်ထားသော ပေးချေငွေအမျိုးအစားများနှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းများအတိုင်း ကျသင့်သောဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရန် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ အဆိုပါသတ်မှတ်ချက်များမှာ ချေးငွေ သို့မဟုတ် ကြွေးမြီ တစ်ရပ်ရပ် သို့မဟုတ် ယင်း သဘောသဘာဝသက်ရောက်သည့်ကိစ္စရပ် သို့မဟုတ် ငွေစုဆောင်းခြင်းအတွက် အတိုးပေးငွေအမျိုးအစားတွင် ပြည်ပနေနိုင်ငံခြားသားအတွက် ၁၅ ရာခိုင်နှုန်း၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့် အတွက် ပေးချေငွေများအမျိုးအစားတွင် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် ၁၀ ရာခိုင်နှုန်း၊ ပြည်ပနေနိုင်ငံခြားသားအတွက် ၁၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ သမဝါယမအသင်းများ၊ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများနှင့်အဖွဲ့အစည်းများ၊ပြည်တွင်းကုမ္ပဏီများ၊ တည်ဆဲဥပဒေတစ်ရပ်ရပ် အရဖွဲ့စည်းမှတ်ပုံတင်ထားသောအစုစပ်လုပ်ငန်းများက တင်ဒါစနစ်၊ ကန်ထရိုက် စနစ်၊ ဈေးနှုန်းခေါ်ယူသည့်စနစ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော် အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားယူခြင်းတို့အတွက် ပေးငွေများအမျိုးအစားတွင် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် ၂ ရာခိုင်နှုန်း၊ ပြည်ပနေနိုင်ငံခြားသား အတွက် ၂.၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားပါသည်။)

(ခ)    အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း။        အလုပ်လုပ်နိုင်သူ ၃၂.၉၈သန်းတွင် အမှန်တကယ်အလုပ်လုပ်နေသူမှာ ၂၁.၈၇ သန်းကျော်သာရှိနေ၍ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၁ သန်းကျော် ရှိနိုင်သည့် အနေအထားဖြစ်ပါသည်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လကုန်အထိ နေရပ်စွန့်ခွာပြီး မြဝတီ-မဲဆောက် လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ အမျိုးသား ၅၃,၆၄၉ ဦးနှင့်အမျိုးသမီး ၈,၇ဝ၇ ဦးရှိခဲ့ပြီး သြဂုတ်လအတွင်းအများဆုံးဖြစ်ကြောင်းသိရပါ သည်။ ယင်းကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်လူရွယ်များ ပြည်ပနိုင်ငံများသို့ထွက်ခွာ လုပ်ကိုင်နေကြခြင်းမှာ မြင့်တက်လာသည့် ကုန်ဈေး နှုန်း၊ စားဝတ်နေရေး၊ အလုပ်အကိုင်ရှားပါးမှု၊ လုပ်အားခနည်းပါးခြင်း၊ ဘဝရပ် တည်ရန် ခက်ခဲလာခြင်းတို့ကြောင့်ဖြစ်သည်ဟု နေရပ်စွန့်ခွာ အလုပ်သွားရောက် လုပ်ကိုင်သူများက ပြောကြားပါသည်။

(ဂ)    ငွေကြေးဖောင်းပွမှုအားဖြေရှင်းခြင်း    ။  ငွေကြေးဖောင်းပွခြင်းကုန်ဈေးနှုန်းမြင့် တက်နေခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းရာတွင် ရေတိုရေရှည်မူဝါဒများ ချမှတ်ဖြေ ရှင်းရလေ့ရှိသည်။ သီအိုရီများအရ အဓိကဖြေရှင်းနည်းသုံးနည်းဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်ပါသည်။
(၁)    ငွေကြေးပေါ်လစီ(Monetary Policy) ဖြင့်ဖြေရှင်းခြင်း၊(ငွေကြေးဖောင်းပွ မှုများကို ထိန်းချုပ်ရန် ဗဟိုဘဏ်က အတိုးနှုန်းများ သတ်မှတ်ပေးခြင်း သည် ငွေကြေးပေါ်လစီတစ်ခုဖြစ်ပါသည်။)
(၂)    ဘဏ္ဍာရေးပေါ်လစီ(Fiscal Policy)ဖြင့်ဖြေရှင်းခြင်း(ဘဏ္ဍာရေးပေါ်လစီ
သည် အစိုးရအသုံးစရိတ်ရရှိမှုနှင့် သုံးစွဲမှုအခြေအနေကို သုံးသပ်၍ဖြေရှင်း ခြင်းဖြစ်ပါသည်။)
(၃)    အစိုးရက ဝင်ရောက်ထိန်းညှိခြင်း(Government Instruction Control Policy) တို့ဖြစ်ပါသည်။
(၄)    အခြားနည်းလမ်းများမှာဝယ်လိုအားဖောင်းပွမှုများကိုဖြေရှင်းရန်ကုန်ထုတ် လုပ်မှုများကို ပိုမိုတိုးတက်ရန်အတွက် အခွန်စည်းကမ်းများ အခွန်အခများ ကိုပြန်လည်သုံးသပ်၍ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းရှိ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများတိုးတက် ဖွံ့ဖြိုးလာအောင် နည်းလမ်းများရှာကြံပံ့ပိုးကူညီပေးခြင်းများကိုလည်း လုပ် ဆောင်ရမည် ဖြစ်ပါသည်။
(ဃ)    SME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နည်းလမ်းများ။        SME ဖွံ့ဖြိုး တိုးတက်ရန် အဓိကမဏ္ဍိုင်ကြီး (၃) ခုလိုအပ်ပါသည်။ ပထမမဏ္ဍိုင်မှာ ဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်ပြီး ဒုတိယမဏ္ဍိုင်မှာ နည်းပညာဖွံ့ဖြိုး အောင်သင်ပေးရမည့်မဏ္ဍိုင်ဖြစ်ကာ တတိယမဏ္ဍိုင်မှာကူးသန်းရောင်းဝယ်ရေး၊ ရောင်းဝယ်ဖောက်ကားရေးများမှာ လုပ်ကိုင်တတ်ရန်ဖြစ်ပါသည်။ အဆိုပါ မဏ္ဍိုင် သုံးခုတွင် ဘဏ္ဍာရေးမဏ္ဍိုင်သည် အရေးအကြီးဆုံးဖြစ်ပါသည်။ ကျန်သောမဏ္ဍိုင် များ မည်မျှပင်ကောင်းစေကာမူ ဘဏ္ဍာရေးမဏ္ဍိုင် အားမကောင်းလျှင်အချည်းနှီး ဖြစ်ပါသည်။ ထို့ကြောင့်ဘဏ္ဍာရေးမဏ္ဍိုင်ကို အားပေးမြှင့်တင်ရန် လိုအပ်လှပါ သည်။
(င)    ငြိမ်းချမ်းရေးနှင့် စီးပွားရေးဒွန်တွဲနေခြင်း။             ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်စဉ်တစ်ပြိုင်နက် ဈေးကွက်စီးပွားရေးစနစ်ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားသင့်သည်ဟု ထင်ပါသည်။ စီးပွားရေးအရ ခိုင်မာမှု မရှိပါက နောက်ပိုင်းတွင် ယိုယွင်းသွားနိုင်သည်ကို တွေ့ရပါသည်၊ စီးပွားရေးနှင့်နိုင်ငံရေး သည် ဒွန်တွဲနေပြီး အညမညသဘောတရားအရ အပြန်အလှန်ကျေးဇူးပြုနေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအပိုင်းကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက် သွားရန် လိုအပ်ပါသည်။

နိဂုံး
၁၃။      မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်များတွင် ကိန်းဂဏန်းများအခြေ အနေအရ အနည်းငယ်အကောင်းဘက်သို့ ရောက်ရှိခဲ့ပါသည်။ World Bank နှင့် IMFတို့၏ ကမ္ဘာ့စီးပွားရေး၊ မြန်မာ့စီးပွားရေးခန့်မှန်းချက်များသည် ထပ်တူထပ်မျှမဖြစ်ပါ။ စိန်ခေါ်မှုများမှာ  Policy Stabilityဖြစ်ရန်၊   Infactstructure တစ်ရပ်ဖြစ်သောလျှပ်စစ်ကဏ္ဍတိုးတက်ရန်၊ ဌာန အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်၊  Rule and Regulation   များEnforce ဖြစ်ရန်၊ လွယ်ကူ ချောမွေ့ Facilitate ပြုလုပ်ရန်၊  Promote လုပ်နိုင်ခြင်းများပါဝင်ပါသည်။ Foreign Investment ကိုရယူ၍ ပြိုင်ဘက်မဟုတ်ဘဲပူးပေါင်းဆောင်ရွက်မှုများဟုရှုမြင်ရန် စသည်တို့ဖြစ်ပါသည်။
၁၄။    နိုင်ငံတော်အစိုးရသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ပြဋ္ဌာန်းကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လာရေးအတွက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်း များကို ဖြေလျော့ဆောင်ရွက်နေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူအားလုံးမှ မျှော်လင့်နေသည့်လိုအပ်ချက်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ ကြီးမားသော ထောက်ခံမှုဖြင့်ရွေးချယ်တင်မြှောက်ခံရသောအစိုးရဖြစ်ရာ အစိုးရ၏ပြတ်သားသော ဦးဆောင်မှု အောက်တွင်ပြည်သူများမှယုံကြည်စွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး မှာမကြာမီကာလအတွင်းပြန်လည်ဦးမော့လာလိမ့်မည်ဟုသုံးသပ်ရပါကြောင်းတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်