Skip to main content

WTO အဖွဲ့ဝင်နိုင်ငံအချို့၏ ကုန်သွယ်ရေးဆိုင်ရာကုစားမှုများဖြစ်သော Anti-dumping and Countervailing ကျင့်သုံးဆောင်ရွက်မှုများအား လေ့လာခြင်း

အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် နိုင်ငံတကာကုန်သွယ်မှုနှင့်စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေးအတွက် WTO ကဲ့သို့သောနိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်နေချိန်၌ အခြားတစ်ဖက်တွင် ပြည်ပမှဝင်ရောက်လာသည့် သွင်းကုန်ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာခြင်းမှသက်သာစေရန် ကုန်သွယ်ရေးဆိုင်ရာကုစားမှုများ ဖြစ်သော လျော့ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ရယူတင်ပို့ရောင်းချ ခြင်းတို့ကြောင့်ထိခိုက်နစ်နာမှုအပေါ်ကုစားမှု(Anti-dumping and Countervailing)ဥပဒေနှင့် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှု (Safeguard) ဥပဒေတို့ဖြင့် အကာအကွယ်ပေး ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့အတူ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) တွင် ပြည်ပမှ လွတ်လပ်စွာစီးဆင်းဝင်ရောက်လာမည့်ကုန်စည်များကြောင့် ပြည်တွင်းအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များဈေးကွက်တွင်ယှဉ်ပြိုင်ရာ၌ပေါ်ပေါက်လာမည့်အခက်အခဲများမှ ထိခိုက် နစ်နာမှုများကိုကာကွယ်နိုင်ရန်အတွက် ယင်းဥပဒေများအားရေးဆွဲရန်လိုအပ်ပါသည်။ ထို့ကြောင့် ယင်းဥပဒေများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူရေးဆွဲလျက် ရှိပါသည်။
ဤစာတမ်းတိုတွင် Anti-dumping and Countervailing နှင့်စပ်လျဉ်းသော WTO မှ ဆောင်ရွက်ပေးနိုင်မှုအနေအထားများနှင့် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြထားပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတွင် Anti-dumping and Countervailing ဥပဒေအား ကျင့်သုံးနေမှုအခြေအနေများအား လွှတ်တော်ကိုယ်စားလှယ်များလေ့လာနိုင်ရန်အတွက် ရေးသား တင်ပြထားပါသည်။

နိဒါန်း
၁။    မြန်မာနိုင်ငံသည် ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့အစည်း၊ ဒေသတွင်းအဖွဲ့ အစည်းများ၏သဘောတူညီချက်များနှင့်အညီ လိုက်လျောညီထွေ ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community - AEC) တွင်နိုင်ငံတကာ နှင့်ဒေသတွင်းနိုင်ငံများမှ ကုန်စည်များလွတ်လပ်စွာ စီးဆင်းဝင်ရောက်လာသောအခါကုန်သွယ် မှုတိုးတက်လာမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ပြည်ပမှသွင်းကုန်များကြောင့် ပြည်တွင်း လုပ်ငန်းများထိခိုက်လာနိုင်မည့် အနေအထားကြုံတွေ့လျက်ရှိပါသည်။ ယင်းသို့  ပြည်ပမှလွတ်လပ် စွာစီးဆင်းဝင်ရောက်လာမည့်ကုန်စည်များကြောင့် ပြည်တွင်းအသေးစားနှင့်အလတ်စားထုတ်လုပ် သူများ ယှဉ်ပြိုင်ရာတွင် ပေါ်ပေါက်လာမည့်အခက်အခဲများမှ ထိခိုက်နစ်နာမှုများကို ကာကွယ် နိုင်ရန်  Anti-dumping and Countervailing ဥပဒေရေးဆွဲရန် လိုအပ်နေပါသည်။  
၂။    ကုန်စည်များ စုပြုံဝင်လာသည့်အခါဈေးနှုန်းကို SME လုပ်ငန်းရှင်များ မယှဉ်ပြိုင်နိုင်ဘဲ ထိခိုက်နစ်နာနိုင်ပါသည်။ SME လုပ်ငန်းရှင်များသည် လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် ချေးငွေ အလုံအလောက် မရရှိခြင်း၊ လျှပ်စစ်မီးအပြည့်အဝ မရရှိခြင်းတို့ကြောင့် AEC အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများကို မယှဉ်ပြိုင်နိုင်သေးသည့်အတွက် ပြည်တွင်း SME လုပ်ငန်းရှင်များ၏ထိခိုက်နစ်နာမှုများကိုဥပဒေနှင့်အညီကာကွယ်ရန်ပိုမိုလိုအပ်မည်ဖြစ်ပါသည်။   
Anti-dumping နှင့် Countervailing တို့နှင့်စပ်လျဉ်းသော ကုန်စည်စည်းကြပ်မှုများ
၃။    ယင်းကိစ္စနှင့်စပ်လျဉ်း၍
(က)    Dumping။    တခြားနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ကုန်ပစ္စည်းတစ်ခု၏ ပို့ကုန်တန်ဖိုး သည် ၎င်း၏ပြည်တွင်း ဈေးကွက်၏ မူလတန်ဖိုးထက်လျော့နည်းခဲ့လျှင် လျော့ဈေး ဖြင့်စုပုံတင်ပို့ရောင်းချခြင်း (Dumping) ဖြစ်ပါသည်။  
(ခ)    Anti-dumping duty။    တခြားနိုင်ငံမှ လျော့ဈေးဖြင့် စုပုံရောင်းချလာသော ကုန်ပစ္စည်းများကြောင့် အလားတူကုန်ပစ္စည်းထုတ်လုပ်သော ပြည်တွင်းလုပ်ငန်း များ ထိခိုက်နစ်နာလာနိုင်သော အခြေအနေမျိုးတွင် ၎င်းအားကာကွယ်ရန် ထို သွင်းကုန်အပေါ် တန်ပြန်အခွန် Anti-dumping duty ကောက်ခံပါသည်။ 
(ဂ)    Subsidy။       တခြားနိုင်ငံအစိုးရသည်၎င်း၏နိုင်ငံအတွင်းရှိ လက်ရှိလုပ်ဆောင် နေသော ရောင်းဝယ်ရေးလုပ်ငန်းများနှင့်အဖွဲ့အစည်းများ၊ စက်ရုံများနှင့်အဖွဲ့အစည်း များကို ထောက်ပံ့မှုပေးနေခြင်းကို ဆိုလိုပါသည်။  
(ဃ)    Countervailing duty။     တင်သွင်းလက်ခံနိုင်ငံတွင် ထိုသွင်းကုန်များကြောင့် အလားတူကုန်ပစ္စည်းထုတ်လုပ်သော ပြည်တွင်းလုပ်ငန်းရှင်များအား ထိခိုက်မှုဖြစ် ပေါ်လာသည့်အခါ စုံစမ်းစစ်ဆေးမှုများကိုစတင်ဆောင်ရွက်နိုင်ပြီး ယင်းကုန်စည် ကြောင့် အမှန်တကယ်ထိခိုက်နစ်နာမှုဖြစ်ပါက အဆိုပါကုန်စည်ထုတ်လုပ်သူ ရယူ ထားသော ထောက်ပံ့မှုကို ခုနှိမ်ရန်အတွက် ထိုသွင်းကုန်အပေါ် Countervailing duty အကောက်ခွန်စည်းကြပ်ပါသည်။ 
နိုင်ငံတော်အစိုးရ၏ကုန်သွယ်မှုနှင့်စပ်လျဉ်းသောဆောင်ရွက်ချက်
၄။    မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ဘက်ပေါင်းစုံကုန်သွယ်မှုစနစ် (Multi-Lateral Trading System)ကို အခြေခံဆောင်ရွက်ပြီး    အာဆီယံဒေသအတွင်းတွင်လည်း အာဆီယံလွတ်လပ်သောကုန်သွယ်ရေး ဧရိယာ (ASEAN Free Trade Area - AFTA) ၏ သဘောတူညီချက်ဖြစ်သော အာဆီယံကုန်ပစ္စည်းများကုန်သွယ်ရေး သဘောတူညီချက်(ASEAN Trade in Goods Agreement - ATIGA) အရ  ဒေသတွင်း ကုန်စည်များလွတ်လပ်စွာစီးဆင်းမှု (Free Flow of Goods) မူကိုလည်း လိုက်နာဆောင်ရွက် လျက်ရှိပါသည်။ WTO အဖွဲ့ဝင်နိုင်ငံများမှသွင်းကုန်များအပေါ်မှာလည်း WTO တွင် ကတိကဝတ် ပြုထားသော သွင်းကုန်အပေါ်တွင် သတ်မှတ်ထားသောနှုန်းထား(Bound Tariff Rate) အတွင်း၌သာကောက်ခံပါသည်။ ပြုပြင်ပြောင်းလဲမှုများစွာကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိခြင်း၊ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ကုန်သွယ်မှုမူဝါဒအသစ်များချမှတ်ခြင်း၊ လိုအပ် သောဥပဒေများ ပြဋ္ဌာန်းခြင်း၊ ကုန်သွယ်မှုဆိုင်ရာဖြေလျော့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။  
၅။    လျော့ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ ရယူတင်ပို့ရောင်းချခြင်း တို့ကြောင့် ထိခိုက်နစ်နာမှုအပေါ်ကုစားမှု ဥပဒေကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူရေးဆွဲလျက်ရှိပါသည်။  ယင်းဥပဒေများအား အာဆီယံတွင် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများတွင် ဥပဒေပြဋ္ဌာန်းပြီး ကျင့်သုံး လျက်ရှိပါသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှာမူ ဥပဒေရေးဆွဲလျက်ရှိနေပါသည်။  
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်ရေးကုစားမှုအစီအမံများ
၆။    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဥရုဂွေးညီလာခံ (Uruguay Round) အပြီးတွင် WTO အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် အကောက်ခွန်နှုန်းထားများကို လျော့ချလာခဲ့ခြင်းနှင့် ဒေသတွင်း လွတ်လပ် သော ကုန်သွယ်ရေးသဘောတူစာချုပ်များ များပြားလာခြင်းတို့ကြောင့် ကုန်သွယ်မှုများ တိုးတက်ခဲ့ သော်လည်း အခြားတစ်ဖက်တွင် လွတ်လပ်သည့် ကုန်သွယ်မှုကို ပျက်ယွင်းစေသည့် မူမမှန်သည့် ကုန်သွယ်မှုပုံစံများကြောင့် ပြည်တွင်းလုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်လာရသည့် ဆိုးကျိုးများဖြစ် ပေါ်လာသဖြင့် WTO အနေနှင့်အဆိုပါ ထိခိုက်မှုများကို ကာကွယ်နိုင်စေရန် ကုန်သွယ်ရေးဆိုင်ရာ ကုစားမှုအစီအမံများ (Trade Remedy Measures) များဖြစ်သည့် Anti-Dumping Measures, Countervailing Measures နှင့် Safeguard သဘောတူညီချက်များချမှတ်ခဲ့ပါသည်။ 

WTO ၏ Dumping ကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှု
၇။    အစိုးရများစွာသည် Dumping အား၎င်း၏ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများကို ကာကွယ် ရန်အတွက် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိပါသည်။  WTO သည် Dumping နှင့်ပတ်သက်သောတရားစီရင်မှုအားဆုံးဖြတ်အတည်ပြုခြင်း မပြုလုပ်ပါ။ သို့သော် ၎င်းက အစိုးရ များသည် Dumping နှင့်ပတ်သက်၍လုပ်ဆောင်သင့်မသင့်ဆုံးဖြတ်ရန်အတွက် Anti-dumping Agreement တွင် Anti-dumping ဆောင်ရွက်ရမည့်စည်းမျဉ်းများ သတ်မှတ်ပေးပါသည်။ WTO သဘောတူညီချက်တွင် စက်မှုလုပ်ငန်းများယှဉ်ပြိုင်ရာတွင် အမှန်တကယ်နစ်နာမှုဖြစ်လျှင်အစိုးရ များမှ Dumping ကိုတုန့်ပြန်သည့်အခါ Anti-dumping အရေးယူဆောင်ရွက်ရာတွင် Dumping ဖြစ်ပေါ်ခဲ့သည့်အကြောင်းရင်းအနေအထားကိုသေချာပြသနိုင်ရန်လိုအပ်ပါသည်။ Dumping ဖြစ် သည့်အတိုင်းအတာကိုတွက်ချက်ရာတွင် ပို့ကုန်တန်ဖိုးသည် တင်ပို့သူ၏ပင်ရင်းဈေးကွက်တန်ဖိုး နှင့်နှိုင်းယှဉ်လျှင် မည်မျှလျော့နည်းကြောင်း၊  Dumping သည် နစ်နာမှုကို ဖြစ်ပေါ်စေခြင်း သို့မဟုတ် နစ်နာမှုဖြစ်ပေါ်ခါနီးအခြေအနေကို ရောက်ရှိနေကြောင်းအားဖော်ထုတ်နိုင်ရပါမည်။
၈။    သွင်းကုန်အပေါ်စည်းကြပ်ကောက်ခံသည့် အကောက်ခွန်ဆိုင်ရာသဘောတူညီချက် (General Agreement on Tariffs and Trade - GATT) ၏အပိုဒ် ၆ တွင် နိုင်ငံများသည် Dumping ကို တုန့်ပြန်အရေးယူဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းထားပါသည်။ Anti-dumping အရေးယူဆောင်ရွက်ရာတွင် သာမန်အားဖြင့် အဖွဲ့ဝင်နိုင်ငံများကြားတွင် ချမှတ် ထားသောအခြေခံမူများကို ချိုးဖောက်ရာကျပါသည်။ အဘယ်ကြောင့်ဆိုသော် တင်ပို့သည့် နိုင်ငံ မှကုန်ပစ္စည်းကို သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့်အခွန်ကို ထပ်ဆောင်းပေးရသော အကောက်ခွန်ကို ပေးဆောင်ရမည်ဖြစ်သည့်အတွက် သာမန်သဘောတူညီချက်ကို ချိုးဖောက်ရာ ကျပါသည်။ သို့သော်လည်း အပိုဆောင်းချမှတ်မှသာလျှင် ယင်းနိုင်ငံရှိ ပြည်တွင်းစက်မှုလုပ်ငန်း များ၏ နစ်နာမှုကို ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
၉။    ကုန်ပစ္စည်းတစ်ခုအား မြင့်မားစွာ Dumping ပြုလုပ်မှုရှိသလား နိမ့်ကျစွာ Dumping ပြုလုပ်သလား ဆိုသည်အား ကုန်ပစ္စည်း၏ သာမန်တန်ဖိုးကို အောက်ပါနည်းလမ်း ၃ သွယ်ဖြင့် တွက်ချက်နိုင်ပါသည်-
(က)    တစ်ဖက်တင်ပို့နိုင်ငံမှ တင်ပို့သူ၏ ပြည်တွင်းဈေးကွက်ရှိဈေးနှုန်းကို အခြေခံ၍ တွက်ချက်ခြင်း၊ ထိုသို့တွက်ချက်ခြင်းသည် အဓိကကျသောနည်းလမ်းဖြစ်ပါသည်။
(ခ)    အခြားနိုင်ငံသို့ တင်ပို့၍ရောင်းချသည့်ဈေးနှုန်းကိုအခြေခံ၍တွက်ချက်ခြင်းနှင့်
(ဂ)    တင်ပို့နိုင်ငံ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ အခြားသော ကုန်ကျစရိတ်နှင့် သာမန် အမြတ်တို့ကိုပေါင်း၍တွက်ချက်ခြင်းတို့ဖြစ်ပါသည်။ 
၁၀။    ကုန်ပစ္စည်းအပေါ် Dumping ၏ပမာဏကို တွက်ချက်ယုံဖြင့် လုံလောက်မှု မရှိပါ။   Anti-dumping ဖြင့်အရေးယူဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးမှုများကို အသေးစိတ်ဆောင်ရွက် ရာ၌ ပထမဦးဆုံး သတ်မှတ်ထားသောစည်းမျဉ်းများအရ လုပ်ဆောင်ရပါမည်။ စုံစမ်းစစ်ဆေးရာတွင် တွက်ချက်သည့်အခါ ပစ္စည်းတင်သွင်းခံရသောသက်ဆိုင်ရာလုပ်ငန်းများအနေနှင့် စီးပွားရေးအရ မည်မျှနစ်နာသည်ကိုထည့်သွင်းတွက်ချက်ရမည်။ ပြည်တွင်းစက်မှုလုပ်ငန်းများနစ်နာကြောင်း တွေ့ ရှိခဲ့လျှင် တင်ပို့သည့်ကုမ္ပဏီသည် ၎င်းဈေးနှုန်းကို တင်သွင်းခံရသည့်နိုင်ငံနှင့်ညှိနှိုင်းရရှိသည့် ဈေးနှုန်း ကိုမြှင့်တင်ခဲ့လျှင်၎င်းအား Anti-dumping ပို့ကုန်အကောက်ခွန်ကိုကောက်ခံရန်မလိုအပ်တော့ပါ။ 
၁၁။    အသေးစိတ်လုပ်ထုံးလုပ်နည်းများတွင် သက်ဆိုင်သည့်အဖွဲ့အစည်းများအား သက်သေ အထောက်အထားများကိုပြသရန် Anti-dumping နှင့်ပတ်သက်သော အရေးယူမှုများကို မည်သို့ စတင်မလဲ၊ စုံစမ်းစစ်ဆေးမှုများကို မည်သို့လုပ်ဆောင်ရမလဲ ဟူသည်ကို အသေးစိတ်ဖော်ပြထား ပါသည်။ Anti-dumping နှင့်ပတ်သက်သောအရေးယူမှုများသည် စတင်ဆောင်ရွက်သည်မှ ၅ နှစ်ပြည့်ပြီးလျှင် အဆုံးသတ်ရပါမည်။ သို့ရာတွင် စုံစမ်းစစ်ဆေးမှုအရ ဆက်လက်၍ နစ်နာမှုကို ဆက်လက်ဖြစ်နေဦးမည်ဆိုလျှင် အရေးယူမှုကိုဆက်လက်ဆောင်ရွက်ရမည်။
၁၂။    လုပ်ပိုင်ခွင့်ဖြင့်ဆုံးဖြတ်သည့်နေရာတွင် Dumping ၏အတိုင်းအတာသည် အလွန်နည်း လျှင် (ဈေးနှုန်းလျော့သောတန်ဖိုးသည် ကုန်ပစ္စည်း၏ပို့ကုန်တန်ဖိုး၏ ၂ ရာခိုင်နှုန်းထက်လျော့ နည်းလျှင်) Anti-dumping နှင့်ပတ်သက်သောအရေးယူမှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ နိုင်ငံ တစ်နိုင်ငံမှလျော့ဈေးဖြင့်တင်ပို့သော ကုန်ပစ္စည်းပမာဏသည် ထိုပစ္စည်းအမျိုးအစားကို ထို နိုင်ငံမှတင်ပို့သောစုစုပေါင်းပမာဏ၏ ၃ ရာခိုင်နှုန်းထက်လျော့နည်းကြောင်းတွေ့ရှိလျှင်လည်းရပ် တန့်ရမည်။ သို့ရာတွင်ထိုကုန်ပစ္စည်းကိုနိုင်ငံအများမှ ၃ ရာခိုင်နှုန်းထက်လျော့နည်းသောဈေးနှုန်း ဖြင့် မိမိနိုင်ငံသို့တင်ပို့နေသော စုစုပေါင်းပမာဏသည် ၇ ရာခိုင်နှုန်းထက်ပိုနေလျှင် စုံစမ်းစစ်ဆေး မှုကို ဆက်လက်လုပ်ဆောင်ရမည်။  
၁၃။    သဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံများသည် Anti-dumping လက်တွေ့လုပ်ဆောင်မှု များဖြစ်သော ရှေးဦးနှင့်နောက်ဆုံးစုံစမ်းစစ်ဆေးမှုများ အသေးစိတ်အား ကော်မတီသို့ ချက်ချင်း အကြောင်းကြားရမည်။ WTO သို့ တစ်နှစ်လျှင် နှစ်ကြိမ် စုံစမ်းစစ်ဆေးမှုအားလုံးကို တင်ပြရ ပါမည်။ WTO ကအဖွဲ့ဝင်များအချင်းချင်း သဘောတူညီမှုများ မရရှိခဲ့လျှင် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းရန်တိုက်တွန်းထားပါသည်။ ၎င်းတို့သည် WTO ၏အငြင်းပွားမှုများကို ကျေအေးစေ သည့်လုပ်ထုံးလုပ်နည်းများကိုအသုံးပြုနိုင်ပါသည်။

World Trade Organization  - WTO

 

၁၄။    အိန္ဒိယနိုင်ငံသည်  ၁-၁-၁၉၉၅  ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိနှစ်ပေါင်း (၂၂) နှစ် အတွင်း Anti-dumping duty ဆောင်ရွက်ရန် WTO သို့အကြောင်းကြားသောအရေအတွက် အများဆုံးနိုင်ငံဖြစ်ပါသည်။ 

World Trade Organization  - WTO

၁၅။    တရုတ်နိုင်ငံသည် ၁-၁-၁၉၉၅ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိနှစ်ပေါင်း (၂၂) နှစ်အတွင်း Anti-dumping Duty ချမှတ်စစ်ဆေးခြင်းခံရသောအရေအတွက်အများဆုံးနိုင်ငံဖြစ်ပါသည်။ 
WTO ၏ Subsidies ဖြင့်တင်ပို့ရောင်းချမှုကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှု
၁၆။    နိုင်ငံများအနေနှင့်အစိုးရမှထောက်ပံ့မှုများလုပ်ဆောင်ပါကအခြားနိုင်ငံများမှတုန့်ပြန်ဆောင် ရွက်နိုင်ရန် စည်းကမ်းသတ်မှတ်ထားပါသည်။ အဖွဲ့ဝင်နိုင်ငံများမှ ထောက်ပံ့မှုများလုပ်ဆောင် ကြောင်းတွေ့ရှိလျှင် တင်ပို့နိုင်ငံကထောက်ပံ့မှုများကိုရုပ်သိမ်းပေးရန် သို့မဟုတ် ထောက်ပံ့မှုများ ကိုဖယ်ရှားပေးရန်အတွက် WTO ဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများကို အသုံးပြု၍ ကန့်ကွက်ခွင့် ရှိပါသည်၊ သို့မဟုတ် ၎င်းနိုင်ငံသည် ကိုယ်တိုင်စုံစမ်းမှုပြီးဆုံးသောအခါ ပြည်တွင်း ထုတ်လုပ်သူ များနစ်နာစေသောတင်ပို့ကုန်များအပေါ်အပိုအကောက်ခွန်အဖြစ် Countervailingအကောက်ခွန် အားစည်းကြပ်ရပါမည်။
၁၇။    WTO သဘောတူညီချက်တွင် တားမြစ်ထားသောထောက်ပံ့မှုများနှင့် အရေးယူဆောင် ရွက်နိုင်သော ထောက်ပံ့မှုအမျိုးအစား နှစ်ရပ်ကိုဖော်ပြထားပါသည်။ ယခင်က တတိယအချက် ဖြစ်သော တရားဥပဒေနှင့် ညှိစွန်းမှု မရှိသောထောက်ပံ့မှု ရှိပါသည်။ ထိုအမျိုးအစားသည် ၅ နှစ် ကျင့်သုံးခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးဆုံးခဲ့ပြီး ဆက်လက်၍ သက်တမ်းထပ်တိုး ခြင်းမရှိခဲ့ပါ။ Countervailing နှင့်စပ်လျဉ်း၍
(က)    တားမြစ်ထားသော ထောက်ပံ့မှုများ။        တားမြစ်ထားသောထောက်ပံ့မှုများမှာ ပို့ကုန်လျာထားချက်ကိုပြည့်မီရန် ထောက်ပံ့ပေးခြင်း သို့မဟုတ် အခြားနိုင်ငံမှသွင်းကုန် ပစ္စည်းများအစား ပြည်တွင်းပစ္စည်းများကိုအသုံးပြုစေရန် ထောက်ပံ့ပေးခြင်းတို့ဖြစ် ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် တခြားနိုင်ငံများ၏ ကုန်သွယ်မှုနစ်နာ စေရန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို ပျက်ယွင်းသွားစေရန်ရည်ရွယ်၍ ထောက်ပံ့ သည့် သဘောဖြစ်သောကြောင့် တားမြစ်ခြင်းဖြစ်ပါသည်။ ယင်းလုပ်ထုံးလုပ်နည်း သည် ခိုင်မာသော သက်သေအထောက်အထားများ တွေ့ရှိလျှင် ထောက်ပံ့မှုအား တားမြစ်ထားပြီး ၎င်းအား ချက်ချင်းရုပ်သိမ်းရမည်။ ချက်ချင်းမရုပ်သိမ်းနိုင်လျှင် တိုင်ကြားသောတိုင်းပြည်သည် ပြည်တွင်းထုတ်လုပ်သူများ နစ်နာသည့်အပေါ် Countervailing အကောက်ခွန်ကို  စည်းကြပ်နိုင်ပါသည်။   
(ခ)    အရေးယူဆောင်ရွက်နိုင်သော ထောက်ပံ့မှုများ။       ၎င်းသည် တိုင်ကြားသော နိုင်ငံက တဖက်နိုင်ငံ၏ထောက်ပံ့မှုသည် ၎င်းတို့၏အကျိုးစီးပွားအပေါ် ထိခိုက် စေကြောင်းသက်သေပြရပါမည်။ မပြသနိုင်ပါက WTO အနေနှင့် အရေးယူနိုင် သည့် ထောက်ပံ့မှုဟု မသတ်မှတ်ပါ။ သဘောတူညီချက်တွင် အကျိုးပျက်စီးမှုနှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၏ထောက်ပံ့မှုသည် တင်သွင်းခံရသည့်နိုင်ငံအား တင်ပို့ နေသည့် အခြားသောပြိုင်ဘက်နိုင်ငံကိုလည်း နစ်နာနိုင်ခြင်း၊ ၎င်းနိုင်ငံ၏ ပြည် တွင်းဈေးကွက်သို့ အလားတူပစ္စည်းတင်သွင်းနေသော အခြားနိုင်ငံများကို နစ်နာ စေခြင်းတို့ကို ဖော်ပြထားပါသည်။  အငြင်းပွားမှုများကို ကြေအေးစေသည့် အဖွဲ့မှ ထောက်ပံ့မှုများသည် တဖက်နိုင်ငံကိုထိခိုက်မှုရှိအောင်လုပ်ဆောင်ခဲ့လျှင် ထောက်ပံ့ မှုကိုရုပ်သိမ်းရန် သို့မဟုတ် ထိခိုက်မှုများမရှိအောင် ဖယ်ရှားရမည်ဟု ဆုံးဖြတ်ရ   ပါသည်။ တဖန် ပြည်တွင်းလုပ်ငန်းရှင်များကိုနစ်နာပါက ထောက်ပံ့ပေးမှုများ ပါဝင်သည့်ပို့ကုန်အား Countervailing အကောက်ခွန်ကိုစည်းကြပ်ရပါလိမ့်မည်။
        စည်းမျဉ်းအချို့သည် Anti-dumping သဘောတူညီချက်နှင့်တူညီပါသည်။ Countervailing အကောက်ခွန်သည် Anti-dumping ကဲ့သို့တူညီသော အသေး စိတ်စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရသကဲ့သို့ ပို့ကုန်တင်သွင်းပြီးမှ အခွန်ကောက်ခံရ ပါသည်။ အစိုးရမှထောက်ပံ့ထားကြောင်း ပြည်တွင်းလုပ်ငန်းရှင်များကို ထိခိုက် ကြောင်းအတည်ပြုနိုင်သောစံနှုန်းများရှိပါသည်။ စုံစမ်းစစ်ဆေးမှုများစတင်ဆောင် ရွက်ရာ၌ Countervailing ကိုအရေးယူဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားပါသည်။ ပြည်တွင်းစက်ရုံများ၊ ထုတ်လုပ်သူများ နစ်နာမှုအတွက် သာမန်အားဖြင့် ၅ နှစ်အတွင်းစည်းမျဉ်းကိုအကောင်အထည်ဖော်ရပါသည်။ ထောက်ပံ့ သည့်နိုင်ငံသည် ၎င်း၏ပို့ကုန်ဈေးနှုန်းများကို မြှင့်တင်ခြင်းဖြင့် Countervailing အကောက်ခွန်ကို  ရှောင်လွှဲနိုင်ပါသည်။
        ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အစိုးရ၏ထောက်ပံ့မှုသည် အရေးကြီးသောကိစ္စဖြစ်ပြီး ဗဟိုဦးစီးစနစ်ကိုကျင့်သုံးသော စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲလာသည့်အခါ ယင်းကိစ္စသည် အရေးကြီးသောကဏ္ဍတွင်ပါဝင်လာပါ သည်။ ဖွံ့ဖြိုးမှုနောက်ကျဆုံးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင်တစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ထက်နည်းသောကြောင့်တားမြစ်ထားသော ထောက်ပံ့မှုမှ ကင်းလွတ်ခွင့်ရပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် သွင်းကုန် အပေါ်အစားထိုးသောထောက်ပံ့မှုများကို ၂၀၀၃ ခုနှစ်ကျော်လျှင် ဖယ်ရှားရန် ဖော် ပြထားပါသည်။ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကို သွင်းကုန်အပေါ်အစားထိုးသော ထောက်ပံ့မှုများကို ၂၀၀၀ ပြည့်နှစ်တွင်ဖယ်ရှားရန် ဖော်ပြထားပါသည်။ ဗဟိုဦးစီး စနစ်ကိုကျင့်သုံးသော စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲလာ သည့် နိုင်ငံများအပေါ် Countervailing အကောက်ခွန်ချထားခြင်းကို ၂၀၀၂ ခုနှစ် အထိသာ ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။
 

ဇာဈမွဈ။	World Trade Organization  - WTO

၁၈။    အမေရိကန်နိုင်ငံသည် ၁-၁-၁၉၉၅ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိ နှစ်ပေါင်း (၂၂) နှစ် အတွင်း Countervailling Duty ဆောင်ရွက်ရန်အတွက် WTO သို့အကြောင်းကြားသော အရေ အတွက်မှာ အများဆုံးဖြစ်ပါသည်။ 

World Trade Organization - WTO

၁၉။    တရုတ်နိုင်ငံသည် ၁-၁-၁၉၉၅ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိ နှစ်ပေါင်း (၂၂) နှစ်အတွင်း Countervailing Duty ချမှတ်စစ်ဆေးခြင်းခံရသော  အရေအတွက်မှာ အများဆုံးဖြစ်ပါသည်။

World Trade Organization   - WTO

 

၂၀။    Anti-dumping, Countervailing နှင့် Safeguarding တို့နှင့်စပ်လျဉ်း၍ WTO သို့  နှစ်အလိုက် အကြောင်းကြားသော နိုင်ငံများအရေအတွက်သည်  Anti-dumping နှင့်စပ်လျဉ်း၍ တိုင်ကြားမှုမှာ အလွန်များပြားကြောင်း တွေ့ရပါသည်။
အိန္ဒိယနိုင်ငံတွင် Dumping နှင့် Sudsidy တို့ကြောင့်ထိခိုက်နစ်နာမှုအပေါ်ကုစားမှု
၂၁။    အိန္ဒိယနိုင်ငံတွင် Dumping နှင့် Countervailing တို့ကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုန်သွယ်ရေးဆိုင်ရာကုစားမှုမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က)    Anti - Dumping။        အိန္ဒိယနိုင်ငံတွင်Anti-dumping ကျင့်သုံးဆောင်ရွက် မှုနှင့်စပ်လျဉ်း၍ ၁၉၇၅ ခုနှစ် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့်အခွန် ဥပဒေနှင့် စည်းမျဉ်းများ၊ ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော   လျော့ဈေးဖြင့် စုပုံ တင်ပို့ရောင်းချခြင်းကြောင့် ထိခိုက်နစ်နာမှုအပေါ်ကာကွယ်ကုစားမှုစည်းမျဉ်းများ ဖြင့် ထိန်းချုပ်ထားပါသည်။ ၎င်းတို့အား အခါအားလျှော်စွာပြင်ဆင်ခဲ့ပါသည်။ 
Dumping နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ပိုင်ခွင့်ပေးထားသောသူမှာ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီးဌာနမှ Anti-dumping နှင့့််ပတ်သက်သော အခွန်များကို ဦးစီး သောဌာန၏ အကြီးအကဲကို တာဝန်ပေးထားပါသည်။ ၎င်းသည် Anti-dumping နှင့့််စပ်လျဉ်းသော ရှေးဦးစုံစမ်းမှု ဆောင်ရွက်ခြင်းနှင့် စုံစမ်းစစ်ဆေးပြီးသဘောထား မှတ်ချက်ချရန် တာဝန်ယူရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စည်းကြပ် ရန်နှင့် အခွန်ကောက်ခံရန် တာဝန်ယူရပါသည်။
အိန္ဒိယနိုင်ငံ၏ဥပဒေအရ အခြားတစ်နိုင်ငံမှ မည်သည့်ပစ္စည်းမဆို တင်ပို့လာ သည့်အခါ ပုံမှန်တန်ဖိုးထက် လျော့နည်းနေမည်ဆိုလျှင် တင်သွင်းသည့် ကုန်ပစ္စည်း အပေါ်တွင် Anti-dumping duty ချမှတ်ရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတဆင့် အစိုးရပြန်တမ်းမှ တရားဝင်ထုတ်ပြန်ပါသည်။  
Dumping လုပ်ခြင်းသည် အရေးယူသင့်သော အပြစ်မဟုတ်ပါ။ သို့သော် ပြည်တွင်းစက်မှုလုပ်ငန်းများကို ထိခိုက်ကြောင်း ဆက်စပ်မှုရှိနေလျှင် အရေးယူသင့် ပါသည်။ ပြည်တွင်းမှ စက်မှုလုပ်ငန်းများကို မထိခိုက်သောဈေးနှုန်းနှင့်အိန္ဒိယနိုင်ငံ တွင်းရောက် ဈေးနှုန်းကြား တွက်ချက်ရပါမည်။ အိန္ဒိယနိုင်ငံသည် WTO ကသတ် မှတ်ထားသော အနည်းဆုံးချမှတ်ရမည့်နှုန်းကို လိုက်နာလျက်ရှိပါသည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့၏တွက်ချက်မှုတွင် ပြည်တွင်းဈေးကွက်တွင် ကျသင့်သည့်တန်ဖိုး အရနစ်နာသည့်တန်ဖိုးနှင့် ဈေးကွက်တွင်ရောင်းချသည့်တန်ဖိုးအရ နစ်နာသည့်တန်ဖိုး တို့နှစ်ခုအနက် နည်းသည့်တန်ဖိုးကို Anti-dumping dutyအဖြစ်သတ်မှတ်ပါမည်။
တဖက်နိုင်ငံသည် Anti-dumping duty ကို (၅) နှစ်ထိ အခွန်ဆောင်နေဦး မည်ဆိုပါက သို့မဟုတ် Anti-dumping duty ကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်၍ အိန္ဒိယနိုင်ငံအား ဆက်လက်၍ ထိခိုက်နေဦး မည်ဆိုလျှင် Anti-dumping duty ကိုဆက်လက်၍ (၅) နှစ်သက်တမ်းတိုးချမှတ်မည်ဖြစ်ပါသည်။ အာဏာပိုင်အဖွဲ့ သည် (၅) နှစ်ကာလအတွင်း ပြောင်းလဲလာသော အခြေအနေပေါ်မူတည်၍ သုံးသပ် မှုကိုပြုလုပ်ပါသည်။  
Anti-dumping Duty နှင့်ပတ်သက်၍ သတ်မှတ်မှုနှင့် သဘောထား မှတ်ချက်အား မကျေနပ်ပါက   ၁၉၆၂ ခုနှစ်၊ အကောက်ခွန်ဥပဒေ ၏ ပုဒ်မ ၁၂၉ အရ အကောက်ခွန်၊ ယစ်မျိုး နှင့်ဝန်ဆောင်မှုဆိုင်ရာအခွန်အယူခံဝင်ခုံရုံးတွင် အယူခံ ဝင်နိုင်ပါသည်။
(ခ)    Subsidies and Countervailing။      ထောက်ပံမှုနှင့်တင်ပို့သောပစ္စည်းများ ကြောင့် ထိခိုက်နှစ်နာမှုနှင့်ပတ်သက်၍ ၁၉၉၄ ခုနှစ်တွင် WTO ကထုတ်ပြန်သော GATT ၏ပုဒ်မ ၁၆ နှင့် Subsidies နှင့် Countervailing တိုင်းတာမှုသဘော တူညီချက်တွင် စည်းမျဉ်းများပြဋ္ဌာန်းထားပါသည်။ Subsidies နှင့် Countervailing တိုင်းတာမှုသဘောတူညီချက်အရထောက်ပံ့မှုသည်အစိုးရမှလုပ်ငန်းတစ်ခုကို ဘဏ္ဍာ ရေးဆိုင်ရာပေးဆောင်မှုဖြစ်ခဲ့လျှင် သို့မဟုတ် ၎င်းနိုင်ငံ၏ပြည်တွင်းပစ္စည်းဈေးနှုန်း အရထောက်ပံ့မှုဖြစ်ခဲ့လျှင်လည်း အစိုးရ၏ထောက်ပံ့မှုမြောက်ပါသည်။
အိန္ဒိယနိုင်ငံတွင် Countervailing ကျင့်သုံးဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဥပဒေ၏ ပုဒ်မ ၉,၉(ခ)နှင့်၉(ဂ)တို့နှင့် ထိန်းချုပ်ထားပါသည်။ ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သွင်းကုန်အပေါ်စည်းကြပ်ကောက်ခံသည့် အခွန်စည်းမျဉ်းများနှင့် Countervailing စည်းမျဉ်းများကိုလည်း ချမှတ်ထားပါသည်။
Countervailing ရှေးဦးစုံစမ်းမှုအား Anti-dumping ကဲ့သို့ပင် တာဝန် ပေးအပ်ထားသော အာဏာပိုင်များမှဆောင်ရွက်ရပါသည်။ Countervailing ဥပဒေနှင့် စည်းမျဉ်းများတွင်ဖော်ပြချက်များအရ ၎င်းပုဂ္ဂိုလ်အား တာဝန်များသတ်မှတ်ထား ပါသည်။ Countervailing အာဏာပိုင်များနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် Countervailing အခွန်စည်းကြပ်ရန်နှင့်အခွန်ကောက်ခံရန် တာဝန်ယူရပါသည်။ 
အိန္ဒိယနိုင်ငံ၏ Countervailing တိုင်းတာမှုအပေါ် ပြဋ္ဌာန်းထားသော ဥပဒေသည် WTO ကထုတ်ပြန်ထားသော Countervailing တိုင်းတာမှုသဘော တူညီချက်အတိုင်းဖြစ်ပါသည်။ အိန္ဒိယအစိုးရအနေဖြင့် မည်သည့်တိုင်းပြည်မဆို တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ထုတ်လုပ်မှု သို့မဟုတ် သယ်ယူပို့ ဆောင်ရေးတွင် မည်သည့်ထောက်ပံ့မှုမဆို ထောက်ပံ့မှုပါဝင်လာပါက အစိုးရ ပြန်တမ်းမှ တရားဝင်ထုတ်ပြန်သတိပေးပါမည်။ ထောက်ပံ့မှုလုပ်ဆောင်နေသော တန်ဖိုးထက် မကျော်သော အခွန်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ပါသည်။
တာဝန်ပေးအပ်ထားသော အာဏာပိုင်သည် ထောက်ပံ့မှုကို စိစစ်နေစဉ် အတွင်း အောက်ပါတို့ကို  သေချာစိစစ်ပါသည်-
(၁)    ပို့ကုန်နှင့်ပတ်သက်သောကုန်ကျစရိတ်သည် ထောက်ပံ့မှုနှင့်ဆက်နွယ်နေခြင်း၊
(၂)    ပို့ကုန်အတွက်အသုံးပြုရမည့် ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းရမည့် အစား ပြည်တွင်းပစ္စည်းများအစားထိုးသုံးစွဲစေရန် ထောက်ပံ့ပေးခြင်း၊
(၃)    ပို့ကုန်ပစ္စည်းများအပေါ် ထုတ်လုပ်မှုနှင့်ပို့ဆောင်မှုများနှင့်ပတ်သက်၍ လို အပ်သည့်လူအင်အားအပေါ် အောက်ပါအတိုင်းထောက်ပံ့ခြင်း၊
(ကက)    ထုတ်လုပ်မှုနှင့်ပို့ဆောင်မှုအတွက် သုတေသနဆောင်ရွက်ရန် ဝန်ထမ်း များထောက်ပံ့ကူညီပေးခြင်း၊
(ခခ)    ထုတ်လုပ်သည့်နိုင်ငံအတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသောဒေသ များတွင်ထုတ်လုပ်မှုကြောင့်ပိုမိုကုန်ကျမည့်စရိတ်ကိုထောက်ပံ့ပေးခြင်း၊
(ဂဂ)    ထုတ်လုပ်ရေးလုပ်ငန်းသည် ဝန်းကျင်အသစ်တွင်အသားကျစေရေး အတွက် လိုအပ်သည့် ကုန်ကျစရိတ်အပေါ် ထောက်ပံ့ပေးခြင်း၊
Anti-dumping လက်တွေ့လုပ်ဆောင်မှုများကဲ့သို့ စုံစမ်းစစ်ဆေးသည့် အာဏာပိုင်သည် ထောက်ပံ့မှုပါဝင်သော တင်ပို့သောပစ္စည်းသည် ပြည်တွင်း စက်မှု လုပ်ငန်းများကို မည်မျှထိခိုက်မှုရှိပြီး မည်မျှအန္တရာယ်ရှိကြောင်းရှာဖွေတွေ့ရှိရန်လို အပ်ပါသည်။ နစ်နာမှုကိုဆုံးဖြတ်ရန်အတွက် အခြေခံမူများကို Countervailing စည်းမျဉ်းများနောက်ဆက်တွဲ(၁)နှင့်စည်းမျဉ်းအမှတ် ၁၃ တွင်ဖော်ပြထားပါသည်။ ထောက်ပံ့မှုပမာဏကို တွက်ချက်ရန်အတွက် Countervailing စည်းမျဉ်းများ နောက်ဆက်တွဲ (၄)နှင့်စည်းမျဉ်းအမှတ် ၁၂ တွင်ဖော်ပြထားပါသည်။ ပစ္စည်းတစ်ခု သည် Anti-dumping dutyနှင့် Countervailing duty (၂) မျိုးစလုံးချမှတ်ရန် တွေ့ရှိပါက (၂) မျိုးစလုံးကိုချမှတ်ရပါမည်။  
 Countervailing duty သည်သက်တမ်းအားဖြင့် (၅) နှစ်ရှိသော်လည်း သက်တမ်းမပြည့်မီ ကြိုတင်ရုပ်သိမ်းရန်လိုအပ်ပါ လျော့ပေါ့ဆောင်ရွက်နိုင်ပါသည်။ Countervailing duty ကိုရပ်ဆိုင်းလိုက်ပါက ထောက်ပံ့မှုကြောင့် အိန္ဒိယနိုင်ငံ အား ဆက်လက်၍ ထိခိုက်နေဦးမည်ဆိုလျှင် Countervailing duty ၏ သက်တမ်း ကို (၅) နှစ်သက်တမ်းထပ်မံတိုးမြှင့်ချမှတ်နိုင်ပါသည်။ Countervailing duty ချထားမှုကြောင့်စပ်လျဉ်း၍ဖြစ်စေ၊ ထပ်တိုးခြင်းကြောင့် ဖြစ်စေ၊ ချမှတ်မှု အတိမ် အနက်ကြောင့်ဖြစ်စေ မကျေနပ်ပါက အကောက်ခွန်၊ ယစ်မျိုးနှင့်ဝန်ဆောင်မှု ဆိုင်ရာ အခွန်အယူခံခုံရုံးတွင် အယူခံဝင်နိုင်ပါသည်။ 
မလေးရှားနိုင်ငံတွင် Dumping  နှင့် Subsidy တို့ကြောင့်ထိခိုက်နစ်နာမှုအပေါ် ကုစားမှု
၂၂။    လျော့ဈေးဖြင့်စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ရယူတင်ပို့ရောင်းချခြင်းတို့ ကြောင့်ထိခိုက်နစ်နာမှုအပေါ် ကာကွယ်မှု ဥပဒေကို ၁၉၉၃ ခုနစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်ပြင်ဆင်ခဲ့ပါသည်။ ယင်းဥပဒေသည် ကုန်သွယ်မှုကို ကုစားရန်အတွက် ပြဋ္ဌာန်းထားသောဥပဒေဖြစ်ပါသည်။ Anti-dumping နှင့် Countervailing နှင့်စပ်လျဉ်း၍
(က)    Anti-dumping။    မလေးရှားနိုင်ငံတွင် Anti-dumping အားကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်အတွင်းမှာ Dumping ကြောင့် ထိခိုက်နစ်နာမှုပေါင်း ၇၀ ခုအားစစ်ဆေးခဲ့ပါသည်။ သို့သော်လည်း ၎င်း အမှုများသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၄ နှစ်အတွင်း ၂၇ မှုထိ တိုးတက် လာပါသည်။
လျော့ဈေးဖြင့်စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ရယူတင်ပို့ ရောင်းချခြင်းတို့ကြောင့်ထိခိုက်နစ်နာမှုအပေါ်ကာကွယ်မှုဥပဒေ(Countervailing and Anti-dumping duties Act - CADDA) တွင် Dumping ၏အဓိပ္ပါယ်ကို ဖော်ပြထားပြီး Dumping များကို Anti-dumping duty မည်သို့ချမှတ်ရမည်၊ စုံစမ်းစစ်ဆေးမှုကိုမည်သို့ပြုလုပ်ရမည်ကိုဖော်ပြထားပါသည်။ အခြားနိုင်ငံ တစ် နိုင်ငံမှမလေးရှားနိုင်ငံသို့ တင်သွင်းလာသည့် သွင်းကုန်သည် ပင်ရင်းနိုင်ငံတွင် ရောင်းချသည့်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် သိသာထင်ရှားစွာဈေးနှုန်းနိမ့်ကျနေသည့် အခြေအနေဖြစ်ပေါ်နေလျှင် Anti-dumping  duty  ချမှတ်ပါသည်။ ယင်းဥပဒေ အရ သာမန်ဈေးနှုန်းဆိုသည်မှာ တင်ပို့သည့်နိုင်ငံ၏သာမန်ဈေးကွက်တွင် စားသုံး သူ များအတွက်ရောင်းချပေးသောဈေးနှုန်းဖြစ်ပါသည်။ တင်ပို့သောနိုင်ငံဆိုသည် မှာ ၎င်းပစ္စည်းအား တင်ပို့သည့်နိုင်ငံကိုခေါ်ပါသည်။ ဥပမာ ကုန်ပစ္စည်းသည် မလေးရှားနိုင်ငံကို တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ ကြားခံနိုင်ငံတစ်နိုင်ငံမှတစ်ဆင့် တင်ပို့လျှင် ၎င်းနိုင်ငံမှ ကုန်ပစ္စည်းအား ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ တင်ပို့လျှင် ကြားခံနိုင်ငံကို တင်ပို့သောနိုင်ငံဟုမှတ်ယူရပါမည်။
တင်ပို့သည့်နိုင်ငံတွင် ယင်းကုန်ပစ္စည်းအား ရောင်းချမှု မရှိခြင်း သို့မဟုတ် ဈေးကွက်ရောင်းချမှုတွင် ယှဉ်ပြိုင်နိုင်သော အရေအတွက်မရှိခြင်း ထိုသို့သော အခြေအနေ မျိုးတွင် ပစ္စည်းတန်ဖိုးကို နည်းလမ်း နှစ်မျိုးဖြင့် စဉ်းစားနိုင်ပါသည်။ ပထမနည်းလမ်းမှာ တတိယနိုင်ငံကိုတင်ပို့သောဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်။ တင်ပို့ ပစ္စည်း၏တန်ဖိုးသည် ထုတ်လုပ်သည့်ကုန်ကျစရိတ်ထက် နည်းမည်ဆိုလျှင် ၎င်း တင်ပို့ဈေးနှုန်းကို သာမန်ဈေးနှုန်းဟုယူဆ၍မရပါ။ ဒုတိယနည်းလမ်းမှာ ပစ္စည်း၏ သာမန်တန်ဖိုးကိုတွက်ချက်သည့်အခါ ထုတ်လုပ်မှုကုန်ကျစရိတ်၊ ရောင်းချမှုကုန်ကျ စရိတ်၊ စီမံအုပ်ချုပ်မှုကုန်ကျစရိတ်နှင့်အခြားသော ကုန်ကျစရိတ်များအပြင် ရရှိ သင့်သည့် အကျိုးအမြတ်ကိုပါထည့်သွင်း၍ အနီးစပ်ဆုံးမှန်ကန်အောင် တွက်ချက် ရပါမည်။ အုပ်ချုပ်ရေးကုန်ကျစရိတ်၊ အထွေထွေကုန်ကျစရိတ်၊ အမြတ်ခွန်များ တွက်ချက်သည့်အခါ သာမန်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့်ကုန်သွယ်မှုကိုဆောင်ရွက် ရာတွင်တွေ့ရှိရသည့် သတင်းအချက်အလက်ကိုအခြေခံ၍ တွက်ချက်ရပါမည်။
ဥပဒေတွင် ပို့ကုန်တန်ဖိုးနှင့်ပတ်သက်၍ အမှန်တကယ်ပေးရသောတန်ဖိုး ကို တွက်ချက်ရမည်။ ပို့ကုန်တန်ဖိုးအထောက်အထားမရှိလျှင် တင်ပို့သူ၊ တင် သွင်းသူအကြား သို့မဟုတ် တတိယလူတို့ကြားတွင် ဆက်နွယ်မှုများရှိနေလျှင် သော်လည်းကောင်း သို့တည်းမဟုတ် ၎င်းတို့အကြားတွင် လျော်ကြေးပေးရမည့် အစီအစဉ်များရှိနေလျှင်သော်လည်းကောင်း ၎င်းတို့၏ဈေးနှုန်းကို မှန်ကန်သော ဈေးနှုန်းဟုယူဆ၍ မရပါ။နောက်ဆုံးလူမှဆက်နွယ်မှု မရှိသောသူကို ရောင်းချ သောဈေးနှုန်းကို ပို့ကုန်တန်ဖိုးဟုသတ်မှတ်ရပါမည်။ သို့တည်းမဟုတ် ပြန်လည် ရောင်းချခြင်းမရှိခဲ့လျှင် ခိုင်လုံသောအထောက်အထား၊ ကျိုးကြောင်းညီညွတ်သည့် အခြေအနေ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် အကြောင်းအရာအချက်အလက်များကိုစုပေါင်း ၍တွက်ချက်ရပါမည်။
သာမန်တန်ဖိုးနှင့်ပို့ကုန်ဈေးနှုန်းတို့အား နှိုင်းယှဉ်သတ်မှတ်ရာတွင် ဥပဒေ က တရားမျှတစွာ နှိုင်းယှဉ်ရန် သတ်မှတ်ထားပါသည်။ နှိုင်းယှဉ်ရာတွင် တူညီ သော အဆင့်အတန်း၊ အမျိုးအစားနှင့် အချိန်ကာလ တို့အားအနီးစပ်ဆုံးမှန်ကန် အောင်တွက်ချက်ရပါမည်။ နောက်အခြေအနေတစ်ခုမှာ တတိယနိုင်ငံမှတဆင့် တင်သွင်းလာမည်ဆိုလျှင် တင်ပို့သည့်စရိတ်တန်ဖိုးကို တွက်ချက်သည့်အခါမလေးရှား နိုင်ငံအတွင်းသို့ တင်သွင်းသည့်ဈေးနှုန်းနှင့်ယှဉ်၍တွက်ချက်ရပါမည်။
ထိခိုက်နစ်နာမှုကိုတွက်ချက်သည့်အခါကုန်ပစ္စည်းကိုလည်းကောင်း သို့မဟုတ် ပြည်တွင်းတွင်ရှိသော ၎င်းနှင့်အမျိုးအစားတူလုပ်ငန်းကိုလည်းကောင်း  သို့မဟုတ် လုပ်ငန်းတိုးတက်ထွန်းကားမှုကိုလည်းကောင်း ထိခိုက်ခံရသည့် အတိုင်းအတာကို တွက်ချက်ရမည်။ ထိခိုက်နစ်နာမှုကိုဆုံးဖြတ်သည့်အခါ Anti-dumping duty ကိုချမှတ်ရာတွင် ပြည်တွင်းဈေးကွက်တွင် ရောင်းချသူများ၏ ထိခိုက်နစ်နာမှု သာမက ၎င်းနစ်နာမှုနှင့်ဆက်နွယ်နေသော ပြည်တွင်းထုတ်လုပ်သူများ၏ နစ်နာမှု အကျိုးဆက်ကိုပါ ထည့်သွင်းတွက်ချက်ရပါမည်။ 
လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ၌ Anti-dumping duty နှင့် စပ်လျဉ်းသောစစ်ဆေးမှုများလုပ်ဆောင်ရာတွင် နည်းလမ်း နှစ်မျိုးရှိပါသည်။ ပထမ နည်းလမ်းမှာ နစ်နာသူမှ Dumping နှင့်စပ်လျဉ်းသောအထောက်အထားများနှင့် အစိုးရအား တိုက်ရိုက်တင်ပြလာခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များကိုယ်စားတင်ပြ လာခြင်း၊ ဒုတိယမှာ အစိုးရအနေဖြင့် ထူးခြားသောအခြေအနေတစ်ရပ်တွင် မိမိ ပြည်တွင်းမှလုပ်ငန်းများ နစ်နာသည်ဟုယူဆလျှင် ၎င်း၏ဆုံးဖြတ်ချက်ဖြင့် စုံစမ်း စစ်ဆေးမှုကိုစတင်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။ တိုင်ကြားစာရရှိလျှင်တိုင်ကြား စာတွင် ပါရှိသည့်နိုင်ငံသို့ အသိပေးအကြောင်းကြားစာကို အရင်ဆုံးပေးပို့ရပါမည်။ ခိုင်လုံမှု ရှိ မရှိကို ရှေးဦးစွာစုံစမ်းပြီး Dumping ဖြစ်သည့်အဆင့်ရှိကြောင်း၊ ပြည်သူ များအကြားတွင် သတင်းဖြစ်ပေါ်နေကြောင်း စုံစမ်းရပါမည်။ ၎င်းအချက်များနှင့် ညီညွတ်မှုမရှိလျှင်ဆက်လက် စုံစမ်းခြင်းမပြုလုပ်တော့ဘဲ ရပ်တန့်၍ တိုင်ကြားသူ ကိုအကြောင်းကြားရပါမည်။   
အစိုးရအနေနှင့် ၎င်း၏ဆုံးဖြတ်ချက်ဖြင့် စုံစမ်းစစ်ဆေးမှုများကို စုံစမ်းရာ တွင် ရှေးဦးစွာယင်းကိစ္စနှင့်ပတ်သက်နေသောအဖွဲ့များအား အကြောင်းကြားထုတ် ပြန်ကြေညာရပါမည်။ သက်ဆိုင်ရာအဖွဲ့အစည်းများသည် အစိုးရ၏စစ်တမ်းမေးခွန်း လွှာအပေါ် ၎င်းတို့၏အမြင်များကို တုန့်ပြန်ဖြေကြားပါလိမ့်မည်။ ၎င်းသည် လျော့ ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် အစိုးရအထောက်အပံ့ရယူတင်ပို့ရောင်းချခြင်း တို့ကြောင့်ထိခိုက်နစ်နာမှုအပေါ်ကာကွယ်မှု အခွန်ဆိုင်ရာစည်းမျဉ်းများ (Countervailing and Anti-dumping duties Regulation- CADDR)အရ ဆုံးဖြတ်မှုပြုလုပ်ရန် အတွက် သတင်းအချက်အလက်များစုစည်းခြင်းဖြစ်ပါသည်။ 
အစိုးရသည် ရှေးဦးစုံစမ်းခြင်းကိုစတင်ပြုလုပ်ရန် ထုတ်ပြန်ကြေညာသည့် ရက်မှ ရက်ပေါင်း ၁၂၀ အပြင် စုံစမ်းဖော်ထုတ်မှုများကို ရက်ပေါင်း ၃၀ တိုး၍ လုပ်ဆောင်နိုင်ပါသည်။ ပဏာမစုံစမ်းမှုများတွင် အရေးယူသင့်သော အခြေအနေ  ရှိ မရှိ ဖော်ထုတ်ရပါမည်။ အရေးမယူသင့်သောကိစ္စရပ်များတွင် Anti-dumping dutiesကိုချမှတ်ရန်အတွက်လိုအပ်သည့်ကိစ္စရပ်အားလုံးကို မတွေ့ရှိရသဖြင့် စုံစမ်း စစ်ဆေးမှုများကိုရပ်စဲရမည်။ အရေးယူသင့်ကြောင်း စုံစမ်းဖော်ထုတ်ထားသည်ကို တွေ့ရှိရလျှင် ယာယီအခွန်စည်းကြပ်မှုအား အရေးယူဆောင်ရွက်ချက်များပြုလုပ် ရန်ကြိုတင်ဆောင်ရွက်ရပါမည်။  နောက်ဆုံးစုံစမ်းဖော်ထုတ်မှုသည် ရှေးဦးစုံစမ်း မှုပြုလုပ်ရာ၌ထုတ်ပြန်ကြေညာသည့်ရက်မှ ရက်ပေါင်း ၁၂၀ အတွင်းတွင် ဆောင် ရွက်ပြီးဖြစ်ရပါမည်။ ကုန်ပစ္စည်းတွင် ထုတ်လုပ်သူနှင့် တင်ပို့သူတို့၏ အမည်၊ ကုန် ပစ္စည်း၏ ဖော်ပြချက်၊ နစ်နာမှုကိုဖြစ်စေသောအချက်အလက်များအပြင် အခြား သောအချက်အလက်များပါဝင်သည့်ထုတ်ပြန်ချက်ကို နောက်ဆုံးဆုံးဖြတ်ချက်တွင် ဖော်ပြရပါမည်။ သက်ဆိုင်သူသည်အစိုးရ၏နောက်ဆုံးဆုံးဖြတ်ချက်အား မကျေ နပ်ပါက သို့မဟုတ် ထိခိုက်နစ်နာသည်ဟုယူဆပါကတရားရုံးသို့ လျှောက်ထားနိုင် ကြောင်း ဥပဒေတွင်ဖော်ပြထားပါသည်။
မလေးရှားနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ Dumping ကြောင့် ထိခိုက်နစ်နာမှုပေါင်း ၇၀ ခုအား စစ်ဆေးခဲ့ရာမှ ၃၈ ခုသည် Anti-dumping နှင့် ပတ်သက်သော အရေးယူဆောင်ရွက်ချက်များပြုလုပ်နိုင်သည့် ဆုံးဖြတ်ချက်ရလဒ် များရှိခဲ့ပါသည်။
(ခ)    Subsidies and Countervailing။          Anti-dumping ကဲ့သို့ပင်ဆောင်ရွက် ရန်အတွက် CADDA ဥပဒေတွင်ဖော်ပြထားပါသည်။ Countervailing နှင့် ပတ်သက်သော အမှုများမှာ အလွန်နည်းပါးပါသည်။  ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာလောက်သော တစ်ဖက်နိုင်ငံ အစိုးရများအနေနှင့်ပံ့ပိုးမှုများကို လုပ် လာမည်ဆိုလျှင် Countervailingနှင့်အရေးယူဆောင်ရွက်မှုများရှိလာပါလိမ့်မည်။ အထူး အခြေအနေတစ်ရပ်တွင် အစိုးရသည် Anti-dumping စုံစမ်းမှုများကဲ့သို့ Countervailing နှင့်ပတ်သက်၍ ပြည်တွင်းလုပ်ငန်းရှင်များက တိုင်ကြားလာ လျှင် အစိုးရအနေနှင့်တိုင်ကြားချက်ပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ Anti-dumping စုံစမ်းစစ်ဆေးမှုနှင့် Countervailing စုံစမ်းစစ်ဆေးမှုတွင် မတူညီ သော အချက်တစ်ချက်မှာ Countervailing တွင်သက်ဆိုင်ရာနိုင်ငံ၏ အစိုးရနှင့် နှစ်ဦးနှစ်ဖက်သဘောတူဆုံးဖြတ်ချက်များ ရရှိရန်အတွက် စေ့စပ်ညှိနှိုင်းရန်လိုအပ် ပါသည်။
        နှစ်ဦးနှစ်ဖက်သဘောတူညီမှုမရရှိခဲ့ပါက ထိခိုက်နစ်နာမှုနှင့် ကျိုးကြောင်း ဆက်နွယ်သောကိစ္စရပ်များအတွက် အတည်ပြုသောဆုံးဖြတ်ချက်အား မချနိုင်ခင် ထိခိုက်နစ်နာမှုအား သေချာသည့်အထိရှာဖွေရပါမည်။ Anti-dumping နှင့် Countervailing နှစ်မျိုးစလုံးတွင် ဥပဒေနှင့်နည်းဥပဒေ၌ ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်သည် တူညီပါသည်။ 
နိဂုံး
၂၃။     Anti-dumping and Countervailing နှင့်စပ်လျဉ်း၍ တင်ပြပါနှစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် ဥပဒေများဖြင့်လည်းကောင်း၊ စည်းမျဉ်းများဖြင့်လည်း ကောင်း အသေးစိတ်ပြဋ္ဌာန်း၍ ကုစားဆောင်ရွက်နေကြောင်းတွေ့ရပါသည်။ 
၂၄။     Dumpingကိုစဉ်းစားဆုံးဖြတ်ရာတွင်အတိမ်းအစောင်းမခံကြောင်းတွေ့ရပါသည်။ စုံစမ်း စစ်ဆေးမှုသည် ဒေါင့်မျိုးစုံမှစဉ်းစားရပါလိမ့်မည်။ မည်သည့်အပိုဆောင်းအကောက်ခွန်မဆို စည်း ကြပ်ခဲ့လျှင် ထိုပို့ကုန်ကြောင့် ပြည်တွင်းဈေးကွက်တွင် နစ်နာမှုဖြစ်စေသည့်အကြောင်းပြချက် ရှိရ ပါမည်။
၂၅။    Anti-dumping ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်ကော်မတီများသည် ထိခိုက်မှုသည် လျော့ဈေးနှင့်တင်သွင်းလာသောကုန်ပစ္စည်းများကြောင့် ပြည်တွင်းမှလုပ်ငန်းများ အမှန်တကယ် ထိခိုက်မှု မရှိကြောင်း သက်ဆိုင်ရာတင်ပို့နိုင်ငံနှင့် တင်သွင်းလက်ခံနိုင်ငံများတွင် စုံစမ်းစစ်ဆေးမှု များကို အသေးစိတ်ပြုစုဆောင်ရွက်ကြရပါသည်။ မှန်ကန်မှုရှိမှသာ Duty ကောက်ခံနိုင်မှာဖြစ်ပြီး မှန်ကန်မှု မရှိပါက ယာယီအားဖြင့်ကောက်ခံထားသော Anti-dumping Duty အခွန်များကို ပြန်လည်ပေးအပ်ရမည်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတွင် Anti-dumping ဆိုင်ရာကြေညာချက်ထုတ်ပြန်ထားရှိရန်လိုအပ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်ကော်မတီ များဖွဲ့စည်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ အခွန်စည်းကြပ်ပြီး ပြည်တွင်းလုပ်ငန်းကို ကာကွယ် ပေးနိုင်ရန်အတွက် WTO အဖွဲ့ဝင် နိုင်ငံများအများစုတွင် Countervailing ဆိုင်ရာဥပဒေကိုလည်း ထုတ်ပြန်ထားရှိပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ကော်မတီများဖွဲ့စည်းထားပါသည်။ သို့ဖြစ်ပါ၍ ဤ စာတမ်းတိုသည် နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ အကာအကွယ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဥပဒေများရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသော လွှတ်တော်ကိုယ်စားလှယ်များမှလေ့လာနိုင်ရန် ရေးသားတင်ပြ အပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
 

ရက်စွဲ
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်