Skip to main content

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်လွှတ်တော် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယအကြိမ်လွှတ်တော် (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစားခန်းမကြီး၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။

နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပထမအကြိမ်လွှတ်တော်များတွင် ဥက္ကဋ္ဌ များအဖြစ် တာဝန်ယူခဲ့ကြသည့် သူရဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် "ဒီနေ့ ကျွန်မတို့ လွှတ်တော်ရဲ့ (၂) နှစ်ပြည့် အခမ်းအနားကို လာရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တော်များနဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အရင်နှစ်တုန်းက ကျွန်မအကြောင်းကြောင်းကြောင့် မလာနိုင်တော့ ဒါပထမဦးဆုံး ဒီအခမ်းအနားကို ကျွန်မတက်ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီလိုလာရတာလည်း ကျွန်မအင်မတန်မှ ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဒီမိုကရေစီလမ်းကို လျှောက်တဲ့အခါမှာ လွှတ်တော်ဆိုတာဟာ မလွဲမသွေလိုအပ်တဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။"

"ကျွန်မတို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကနေပြီးတော့ လွှတ်တော်ထဲ ရောက်လာတဲ့အခါကစပြီးတော့ ဥပဒေပြုခြင်းရဲ့တန်ဖိုး၊ ဥပဒေပြုခြင်းရဲ့ ခက်ခဲတာတွေ၊ စိန်ခေါ်မှုတွေ၊ နက်နဲတာတွေ၊ သိမ်မွေ့တာတွေအားလုံးကို ကျွန်မတို့ လေ့လာပိုင်ခွင့် ရှိခဲ့ပါတယ်။ အဲဒီလို လေ့လာပိုင်ခွင့်ရှိခဲ့လို့လည်း ကျွန်မတို့အတွက် အင်မတန်မှကို တန်ဖိုးကြီးတဲ့ ပညာတွေရတယ်လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။ ဒါကြောင့် အခုကျွန်မတို့ရဲ့ လွှတ်တော်မှာရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးဟာလည်း လွှတ်တော်ရဲ့တန်ဖိုးနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ တန်ဖိုးကို နားလည်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ လွှတ်တော်ဆိုတာဟာ ပြည်သူလူထုကနေပြီးတော့ ပြည်သူလူထုအတွက်ကောင်းမယ့် ဥပဒေတွေကို ထုတ်ပေးမယ့် အဆောက်အအုံဆိုပြီးတော့ အားကိုးတကြီးနေရတာပါ။

"ကျွန်မတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေး၊ ခိုင်မာရေး၊ အင်အားရှိရေးဆိုတာဟာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်မှာ အင်မတန်မှ မူတည်ပါတယ်။ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာဟာ တရားဥပဒေစိုးမိုးရေးရှိမှ ရေရှည်တည်တံ့ခိုင်မြဲနိုင်မှာပါ။ ဒါကြောင့်မို့ တရားဥပဒေလို့ ပြောတာဟာ ကျွန်မအင်မတန်မှ ဒါကိုအားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်ဘာသာ စကားနဲ့ပြောရင် ဥပဒေရဲ့စိုးမိုးရေးလို့ဘဲ အဓိပ္ပာယ်ပေါက်ပါတယ်။  (Rule of Law) မြန်မာလိုပြောလိုက်တဲ့ အခါကျတော့ တရားဥပဒေစိုးမိုးရေးဆိုတာ အင်မတန်မှ ကျွန်မတို့အတွက် ကောင်းတဲ့လက္ခဏာလို့ ထင်ပါတယ်။ တရားတဲ့ ဥပဒေတွေဖြစ်ရမယ်။ တရားဥပဒေဆိုတာ တကယ်တော့ လူတွေကနေပြီး ပြုတဲ့အရာပဲ။ အဲဒီတော့ လူတွေကနေပြုတဲ့အရာဆိုတော့ အမြဲပဲမှန်ကန်တယ်၊ တိကျတယ်၊ ကောင်းမွန်တယ်လို့ ပြောလို့မရဘူး။ သို့သော်လည်း ဥပဒေဆိုတာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် လိုအပ်တဲ့အရာဖြစ်တဲ့အခါကျတော့ ဥပဒေတွေပြုကြပါတယ်။ ဒီဥပဒေတွေဟာ တရားမှလည်းနိုင်ငံအတွက် ပြည်သူပြည်သားတွေအတွက် တန်ဖိုးရှိမှာပါ။ ဒါကြောင့် ကျွန်မတို့ လွှတ်တော်က တရားဥပဒေစိုးမိုးရေးကို ဦးတည်မယ့် အဆောက်အအုံတွေလို့ ကျွန်မတို့ ဒီလိုပဲမျှော်လင့်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ဆိုတာဟာ ကျွန်မတို့ တစ်နိုင်ငံလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ရောက်လာတဲ့ နိုင်ငံ ပြည်ထောင်စုအနှံ့အပြားက လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေဟာ ဒီမှာဆုံကြပြီးတော့ နေရာအမြောက်အများက ဒေသမျိုးစုံကနေ လာဆုံပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်အကြောင်းပိုပြီးတော့ သိပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပိုပြီးတော့ နားလည်ပြီးတော့ နိုင်ငံရဲ့ ပြည်ထောင်စုရဲ့ တည်တံ့ခိုင်မြဲရေး၊ ညီညွတ်ရေးအတွက် ကြိုးပမ်းနိုင်မယ်လို့ ကျွန်မတို့ ဒီလိုပဲယုံကြည်ပါတယ်။

 "အဲဒီတော့ လွှတ်တော်ထဲမှာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံတင် မကပါဘူး။ အဖွဲ့အစည်းပါတီအသီးသီးကလည်း ပါဝင်ကြပါတယ်။ ဒါဟာ ဒီမိုကရေစီ လွှတ်တော်တွေရဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီလိုကိုယ်နဲ့မတူတဲ့  အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံ့အကျိုးကို ဘယ်လိုထမ်းဆောင်မလဲဆိုတာကို လွှတ်တော်မှာသင်ယူဖို့ အခွင့်အရေးတွေ အပြည့်အဝ ရပါတယ်။ ကိုယ်နဲ့တူတဲ့ လူတွေမှ လုပ်နိုင်တယ်ဆိုတာ အမှန်ပြောရရင် ဒါဟာဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာကတော့ မတူကွဲပြားမှုကိုလက်ခံတယ်။ မတူကွဲပြားမှုအပေါ်မှာအခြေခံတဲ့ နိုင်ငံအတွက်လိုအပ်တဲ့ ညီညွတ်မှုကို ရအောင်ယူနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်အရ ပေါ်ပေါက်လာတဲ့စနစ်ပါ၊ ကျွန်မတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ကြားဖူးမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာဟာ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခြားစနစ်တွေထက် ကောင်းတယ်ဆိုပြီးတော့ ပြောတာရှိပါတယ်။ တစ်ခြားစနစ်တွေထက် ကောင်းတယ်ဆိုပြီး ပြောရတဲ့အချက်ရဲ့ အခြေခံကတော့ ဒီမိုကရေစီစနစ်လောက် ပြည်သူလူထုကိုလေးစားဖို့ အားပေးတဲ့စနစ်မရှိဘူးလို့ ကျွန်မတို့ ပြောရမှာပါ။ ဒီမိုကရေစီစနစ်အရဆိုရင် အစိုးရတစ်ခုဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒအလျောက် ပေါ်ပေါက်လာတာပဲ။ ဒါကြောင့်မို ဒီလိုပြည်သူလူထုရဲ့ သဘောဆန္ဒအလျှောက် ပေါ်ပေါက်လာတဲ့ အစိုးရများဟာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားရတယ်။ ပြည်သူလူထုကို လေးစားရတယ်။ အဲဒါကြောင့်မို ဒီမိုကရေစီစနစ်ဟာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သော်လည်း အခြားစနစ်တွေအားလုံးထက် သာတယ်လို့ပြောရတယ်လို့ ကျွန်မကတော့ ဒီလိုယုံကြည်ချက် ရှိပါတယ်။"

"ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာဟာလည်း အမြဲပဲတည်တံ့ခိုင်မြဲဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်သွားဖို့အတွက် အမြဲပဲကြိုးစားနေရတာပါ။ အဲဒီလိုကြိုးစားနေရတဲ့ အထဲမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ ရှေ့တန်းကနေပြီး ပါဝင်ပြီးတော့ ကြိုးစားဖို့လိုအပ်ပါတယ်။ ကျွန်မတို့ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုကို ကိုယ်စားပြုရုံတင်မကဘဲနဲ့ ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုတယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ ကျွန်မတို့ဟာ စနစ်တစ်ခုနဲ့ နိုင်ငံကို တည်တံ့ခိုင်မြဲအောင် ကျွန်မတို့ ပြည်ထောင်စုကြီးကို နောင်လာမယ့် မျိုးဆက်တွေအတွက် ခိုင်မာအောင်၊ ငြိမ်းချမ်းအောင် ကျွန်မတို့လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်မထပ်တလဲလဲ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ကြုံတုန်းကြုံတုန်း သတိပေးပါတယ်။ နိုင်ငံရဲ့သုခမိန်ကြီး တစ်ယောက်ပြောသလို နိုင်ငံရေးလုပ်စားတဲ့ လူတွေဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံအရေးကိုလုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်ဆိုတာ အဲဒီဟာတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်း ကိုယ်စားလှယ်တိုင်း အားလုံးစွဲစွဲမြဲမြဲ နှလုံးသွင်းစေချင်ပါတယ်။ ကျွန်မတို့ဟာ နောက်ရွေးကောက်ပွဲအတွက် စဉ်းစားလား၊ စဉ်းစားရမှာပဲ။ ဒါကတော့ ပါတီနိုင်ငံရေးကိုအခြေခံတဲ့ စနစ်မှာတော့ နောက်ရွေးကောက်ပွဲအတွက် မစဉ်းစားလို့မရဘူး။ ဒါပေမယ့် အဓိကက နောက်ရွေးကောက်ပွဲမဟုတ်ဘူး။ နောက်မျိုးဆက်တွေ အတွက်ပဲဖြစ်တယ်။

"အဲဒီတော့ နောက်ရွေးကောက်ပွဲဆိုတာဟာ နောက်မျိုးဆက်တွေအတွက် ကိုယ့်ရဲ့ကြိုးပမ်းမှုတွေအတွက် အထောက်အကူတစ်ခုပဲ ဖြစ်ရမယ်။ အဲဒီဟာပန်းတိုင်မဟုတ်ဘူး။ ပန်းတိုင်က နောက်မျိုးဆက်တွေ နောက်မျိုးဆက်တွေဟာ တည်ငြိမ်ပြီးတော့ အေးချမ်းပြီးတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံမှာနေသွားဖို့ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဆိုတော့ တည်တံ့ခိုင်မြဲသာယာဝပြောတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး၊ အများကနေလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတစ်ခု ထူထောင်သွားနိုင်ဖို့အတွက် အင်မတန်မှ အချက်အခြာကျတဲ့ အဆောက်အအုံကြီးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လွှတ်တော်ထဲမှာ ပါဝင်ခွင့်ရတဲ့အတွက်ကို အားလုံးကနေပြီးတော့ ဂုဏ်ယူကြမယ်၊ လေးလေးနက်နက်ထားကြမယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ ကျွန်မတို့ဟာ လွှတ်တော်ထဲမှာအများကြီး သင်ယူစရာတွေရှိခဲ့ပါတယ်။ ကျွန်မတို့ လွှတ်တော်ထဲမှာ သုံးနှစ်ကျော်ကျော်ကြာခဲ့ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ အများကြီး သင်ယူပိုင်ခွင့်တွေရှိတဲ့အတွက် အခုဒီအုပ်ချုပ်ရေးအပိုင်းကို ရောက်သွားတဲ့အခါမှာ အထောက်အကူတွေ အများကြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဟာ တကယ်ပဲ တိုးတက်ဖို့၊ တကယ်ပဲခိုင်မာဖို့ဆိုရင် အရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးခုစလုံးဟာ တက်ညီလက်ညီနဲ့ ပြည်သူ့အကျိုးကို ထမ်းဆောင်ဖို့လိုပါတယ်။ ဒီလိုထိန်းညှိဖို့ တာဝန်ရှိတယ်ဆိုတော့ တစ်ချို့ကဒါဟာ ပြိုင်ဆိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတည်‌့တဲ့သဘောလို့ ထင်ကြတယ်။ ဒီလိုမဏ္ဍိုင်ကြီးသုံးခုဟာ တစ်ခုနှင့်တစ်ခု ထိန်းညှိထားရမယ်ဆိုတာဟာ တကယ်တော့ အပြိုင်အဆိုင်လည်းမဟုတ်ဘူး။ ရန်ဘက်လည်းမဟုတ်ဘူး။ အတိုက်အခံအချင်းချင်းလည်း မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မမှားအောင်လို့ ထိန်းပေးတဲ့သဘောဖြစ်ရမယ်။ မမှားအောင်ဆိုတာ ဘာမှားမှာလဲဆိုတော့ နိုင်ငံ့အတွက်အကျိုးမရှိတဲ့ ကိစ္စတွေပြုမိမှာ အကျိုးရှိတဲ့ကိစ္စတွေ မပြုမိမှာ အဲ့ဒီဟာ မဖြစ်အောင်လို့ တစ်ယောက်နဲ့တစ်ယောက် ထိန်းညှိသွားတဲ့ သဘောပါပဲ။

ပြီးတော့မိတ်ဆွေသဖွယ် နောက်ဆုံးကျတော့ ရဲဘော်ရဲဘက်များ သဖွယ်ဖြစ်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ မိတ်ဆွေတွေနဲ့တော့ နည်းနည်းကွာပါတယ်။ မိတ်ဆွေဆိုတာ ခင်မင်မှု ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုအပေါ်မှာ အခြေခံပါတယ်။ ရဲဘော်ရဲဘက်ဆိုတာကတော့ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ ရဲဘော်ရဲဘက်များဆိုတာဟာ တူညီတဲ့ယုံကြည်မှု ဒါကြောင့်မို့ ဒီတရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရဲဘော်ရဲဘက်များသဖွယ် ပန်းတိုင်ဖြစ်တဲ့ နိုင်ငံ့အကျိုးအတွက် ညှိပြီးတော့လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခုဒီပွဲမှာဆိုရင်လည်း မဏ္ဍိုင်ကြီးသုံးခုစလုံးက ဧည့်သည်တော်တွေ ပါဝင်ပါတယ်။ အဲဒီတော့ ကျွန်မတို့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ဖို့ဆိုတာလည်း အရေးကြီးပါတယ်။ ဒါမှ အထစ်အငေါ့လေးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာလေးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်မှားတာလေးတွေရှိရင် ဒါတွေကို ကျွန်မတို့ ချောမွေ့အောင် လုပ်နိုင်ဖို့ပါ။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲမှာရောက်နေတဲ့ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးဟာ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်မသတိပေးချင်ပါတယ်။ ဒီလိုမိတ်ဆွေများသဖွယ် ရဲဘော်ရဲဘက်များသဖွယ် လုပ်နိုင်မှ တကယ့်ကိုနိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာပါ။"

"ကျွန်မတို့ အခုဆို အစိုးရအသစ်တက်လာတာဆိုရင် ၂ နှစ်မပြည့်သေးပါဘူး။ ၂ နှစ်မပြည့်သေးတဲ့ကာလအတွင်းမှာ လွှတ်တော်ကတော့ ၂ နှစ်ပြည့်သွားပြီ ပထမဦးဆုံး လွှတ်တော်ခေါ်ပြီး နောက်တော့မှ အစိုးရကပေါ်လာတာပါ။ အဲ့ဒါကိုက လွှတ်တော်ရဲ့ အရေးပါမှုကို ရောင်ပြန်ဟပ်တာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအစ လွှတ်တော်ကလို့ ကျွန်မတို့ပြောမယ်ဆိုရင် မှားမယ်လို့တောင် မထင်ပါဘူး။ လွှတ်တော်ကနေစပြီးတော့ အစိုးရကပေါ်လာတာဖြစ်ပါတယ်။ အစိုးရဆိုတာလည်း လွှတ်တော်အပေါ်မှာ အားကိုးရပါတယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင် အစိုးရနဲ့လွှတ်တော်နဲ့ အံဝင်ဂွင်ကျ မဖြစ်တဲ့အခါကျတော့ အလုပ်လုပ်ရတာ ခက်ခဲပါတယ်။ တစ်ချို့ကျတော့လည်း  လွှတ်တော်ထဲမှာကိုက အင်အားခိုင်မာမှုမရှိတဲ့အခါကျတော့ အစိုးရများ အလုပ်လုပ်ရကိုင်ရတဲ့အခါမှာ ခက်တာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျွန်မတို့လွှတ်တော်ကို ခိုင်ခံ့စေချင်တယ်၊ အရည်အချင်း ပြည့်ဝစေချင်တယ်။ အရည်အချင်း ပြည့်ဝခြင်းကတော့ အခြေခံအားဖြင့် နိုင်ငံ့ပေါ်မှာ စေတနာပြည့်ဝစေချင်တယ်။ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် တစ်ဦးချင်းတစ်ဦးချင်းဟာ နိုင်ငံအပေါ်မှာ တကယ်ပဲစေတနာထားတယ်၊ တကယ်ပဲနိုင်ငံ့ရဲ့သစ္စာကို စောင့်စည်းတယ်ဆိုရင် ဒါဟာ ပထမစိန်ခေါ်မှုကြီးကို ကျွန်မတို့ အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။

စေတနာလည်းရှိတယ်၊ သစ္စာလည်းရှိတယ်ဆိုရင် ကျွန်မတို့သင်ယူရမယ်။ ကျွန်မတို့ သိသင့်သိထိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ သိသင့်သိထိုက်တဲ့ ကိစ္စတွေကိုသင်ယူဖို့၊ နားလည်ဖို့၊ ကျွမ်းကျင်ဖို့ အဲဒီဟာက နောက်တစ်ဆင့်ပါပဲ။ စေတနာမရှိဘူး၊ သစ္စာမရှိဘူးဆိုရင် ကျွမ်းကျင်မှုတွေကိုက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အရည်အချင်းတွေ၊ ကိုယ့်ရဲ့အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အကောင်းအတွက် သုံးဖို့ဆိုတာဟာ လွှတ်တော် ကိုယ်စားလှယ်များအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်လို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။ အခုဒီမှာ ကျွန်မပြောတဲ့အခါမှာ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့လည်း ကျွန်မပြောတာဖြစ်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ယောက်အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲကြည့်ကြည့် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ တန်ဖိုးဟာ အင်မတန်မှကြီးပါတယ်။ အဲဒီတော့ ကျွန်မတို့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလို့ပြောလို့ ကျွန်မတို့ တပ်မတော်သား ကိုယ်စားလှယ်တွေကိုချန်ဖို့ ပြောတာမဟုတ်ပါဘူး။ ဒါဟာ အားလုံးကနေပြီးတော့ စုပေါင်းပြီးတော့ လုပ်ရမှာပဲ။ နိုင်ငံအတွက်ဆိုရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မတည်‌့နိုင်ဘူးဆိုတာ လုံးဝမရှိသင့်ဘူး။ နိုင်ငံ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာဟာ ဘယ်တော့မှမဖြစ်ရဘူး။ နိုင်ငံ့အကျိုးအတွက်ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ နောက်ပြီးတော့ ကျွန်မတို့အချင်းချင်းတွေပဲ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။

"အတိုက်အခံပါတီဆိုတာဟာ ကျွန်မတစ်ခါတစ်လေပြောပါတယ်။ အတိုက်အခံ အတိုက်အခံဆိုတဲ့ စကားလုံးကို ကျွန်မ မကြိုက်ဘူး။ တိုက်မလား၊ ခံမလားဆိုတဲ့ သဘောရှိတယ်။ တကယ်တော့ အတိုက်အခံဆိုတာဟာ ဒီလိုမဖြစ်သင့်ပါဘူး။ အတိုက်အခံဆိုတာ နိုင်ငံ့အကျိုးကိုကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာကူညီရမယ်။ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲရမယ်။ ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြရမယ်။ ဝေဖန်သင့်တဲ့အခါမှာ ဝေဖန်ရမယ်။ အတိုက်အခံမို့လို့ ရန်သူဆိုပြီးတော့ ဒီလိုသဘောမျိုးမထားသင့်ဘူး။ အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီစိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ မတူကွဲပြားမှုကိုလက်ခံလို့ကို အတိုက်အခံဆိုတာ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားလုံးကိုသုံးတာ အတိုက်အခံပါတီပါ။ ကိုယ်နဲ့မတူတဲ့ ပါတီတွေအစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့မလိုပါဘူး။ အမြင်ချင်း မတူပေမယ့်လည်း မတူကွဲပြားမှုတွေရှိပေမယ့်လည်း စုစည်းနိုင်တယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီစိတ်ဓာတ်ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့အခုကျွန်မတို့ လွှတ်တော်လာတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ဦးချင်းတစ်ဦးချင်းနဲ့ တွေ့ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လူကလည်းတော်တော်များတယ်။ အချိန်ကလည်းနည်းတယ်။ သို့သော်ငြားလည်း ကျွန်မကတော့ တစ်ဦးချင်းတစ်ဦးချင်းကို တန်းတူညီတူ တန်ဖိုးထားပါတယ်လို့ ကျွန်မပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ထဲမှာ ရောက်တဲ့အခါမှာ တစ်ဦးချင်းတစ်ဦးချင်းဟာ တန်းတူညီတူ မဲတစ်မဲရပါတယ်။ မဲတစ်မဲရတဲ့အခါကျတော့ ကိုယ့်ရဲ့တာဝန်ဟာ ကိုယ့်ရဲ့အခွင့်အရေးနဲ့ အတူတူပါပဲ။ လူတိုင်းနဲ့ အတူတူပါပဲ။ အားလုံးဟာ ကိုယ်စားလှယ် တစ်ယောက်ချင်းတစ်ယောက်ချင်းဟာ လွှတ်တော်ထဲမှာ မဲပေးတဲ့အခါမှာ အခွင့်အရေး မဲပေးပိုင်ခွင့်ရှိသလို မှန်မှန်ကန်ကန်မဲပေးဖို့ တာဝန်ဆိုတာလည်းရှိပါတယ်။ ဒါကြောင့် နောက်ဆုံးကျတော့ တန်းတူညီတူ ညီအစ်ကိုမောင်နှမတွေပဲ၊ ရဲဘော်ရဲဘက်တွေပဲလို့ အဲ့ဒီလိုပဲစိတ်ထဲထားစေချင်ပါတယ်။

"ကျွန်မတို့နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးလည်းဆိုတာ ကျွန်မပြောပြီးပါပြီ။ နောက်ပြီးတော့ ကျွန်မတို့ ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဘယ်လောက်အရေးကြီးလည်းဆိုတာ ကျွန်မနိဂုံးမချုပ်ခင် ပြောချင်ပါတယ်။ အများသိပြီးသားပါ။ ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားသိပ်ကြီးတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အင်အားသိပ်မကြီးတဲ့နိုင်ငံမို့လို့ ကျွန်မတို့က စိတ်ပိုင်းဆိုင်ရာအင်အားနဲ့ စုစည်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကျွန်မတို့နိုင်ငံအတွက် ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ကျွန်မသတိပေးချင်ပါတယ်။ ဒီလိုစုပေါင်းအင်အားနဲ့ ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကျွန်မတို့ရပ်တည်နိုင်လို့ရှိရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာပါ။ တဖြည်းတဖြည်းလည်း ကျွန်မတို့ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို တည်ဆောက်နိုင်မှာပါ။ ဒါကတော့ ကမ္ဘာကြီးရဲ့ လောကနိယာမလို့ ဆိုပါတော့။ အင်အားရှိတာနဲ့အမျှ ကိုယ့်ကိုတော့ အနိုင်ကျင့်မှုကနည်းသွားတာပဲ။ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ခိုင်ခိုင်မာမာနဲ့ အမှန်တရားပေါ်မှာ အခြေခံပြီးတော့ ရပ်တည်ချင်ရင် ကျွန်မတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်များဟာ တစ်ဦးချင်းတစ်ဦးချင်း ဒီလိုပဲခိုင်ခိုင်မာမာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်၊ သစ္စာရှိရှိနဲ့ရပ်တည်ပေးပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ်စားလှယ် တစ်ဦးချင်းတစ်ဦးချင်းဟာ ဘာမှအမှားမရှိဘူးဆိုရင် ကျွန်မတို့လွှတ်တော်ကြီးဟာ မှားတဲ့လမ်းကို ရောက်သွားစရာ ဘယ်တော့မှမရှိပါဘူး။  ကျွန်မတို့ရဲ့ လွှတ်တော်ကြီးဟာ မှားတဲ့လမ်းကို မရောက်သွားဘူးဆိုရင် ကျွန်မတို့နိုင်ငံဟာလည်း မှားတဲ့လမ်းကို ရောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ နိုင်ငံဟာ မှန်မှန်ကန်ကန်နဲ့ အားလုံးကလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ဖို့အတွက် ချီတက်သွားတဲ့အခါမှာ  လွှတ်တော် ကိုယ်စားလှယ်များဟာ ရှေ့ကနေဖို့လိုရင် ရှေ့ကနေပေးပါ။ နောက်ကနေကာဖို့လိုရင် နောက်ကနေ ကာပေးပါ။ ဘေးကနေရံဖို့လိုရင် ဘေးကနေရံပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။" ဟု ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် "ဒုတိယအကြိမ် လွှတ်တော်များရဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကြွရောက်လာကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပထမအကြိမ် လွှတ်တော်များရဲ့ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးရဲ့ ဝန်ထမ်းများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

"ဒုတိယအကြိမ် လွှတ်တော်များရဲ့ (၂) နှစ်တာကာလအတွင်း ပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်လို့ ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ပူးပေါင်းပါဝင် တာဝန်ထမ်းဆောင်ကြသော လွှတ်တော် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

"ဒီကာလအတွင်းမှာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်များဟာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေးတာဝန်များကို ထမ်းဆောင်ရာမှာ တိုးတက်မှုများရှိလာတာကို ကျွန်တော့်အနေနဲ့ တွေ့ရှိရပါတယ်။ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းဆိုတာ မဏ္ဍိုင်တစ်ခုနဲ့တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘူးဆိုတာကိုလည်း ပိုမိုနားလည်လာတယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ မဏ္ဍိုင်ကြီး (၃) ရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရင်း အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။

"မဏ္ဍိုင်ကြီး (၃) ရပ်ဟာ ပြိုင်ဘက်မဟုတ်ဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များဆိုတာကို သဘောပေါက်ကြစေလိုပါတယ်။ လွှတ်တော်အနေနဲ့ ဥပဒေပြုရေးသာမက ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်အားပေး ကူညီသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ ဒီမိုကရေစီကျင့်စဉ်များကို လေးစားလိုက်နာနိုင်ကြတာနဲ့အမျှ ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုခိုင်မာ အားကောင်းလာမယ်လို့ ကျွန်တော်ယူဆပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဝန်ထမ်းများရဲ့ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝစေဖို့အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ပြည်ပခရီးစဉ်စေလွှတ်ပေးခြင်းများ ပြုလုပ်ပေးလျက် ရှိနေကြောင်းကိုလည်း ကိုယ်စားလှယ်များအားလုံး အသိပင်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဝန်ထမ်းများရဲ့အရည်အသွေး မြင့်မားလာလေလေ ဒီမိုကရေစီယဉ်ကျေးမှု ရင့်ကျက်လာလေလေ နှစ်ပေါင်းကာလတာရှည်စွာ ပြည်သူများ မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းစံထားများနဲ့ ညီညွတ်တဲ့၊ ခေတ်ကာလအခြေအနေနဲ့ ဆီလျော်တဲ့ဥပဒေများကို ပြဋ္ဌာန်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း (၂) နှစ်တာကာလအတွင်း မိမိတို့ရဲ့ အတွေ့အကြုံများအပေါ် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကြပြီး ရှေ့ဆက်ရမယ့်ခရီးမှာ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားများအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါတယ်။ ဒီမိုကရေစီရဲ့ မဏ္ဍိုင်များဖြစ်တဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ လက်တွေ့ဆန်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ နှစ်ဦးနှစ်ဖက် ပြေပြစ်ညီညွတ်စွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို မမေ့မလျော့ပဲ လိုက်နာကြစေချင်ပါတယ်။ ဒီမိုကရေစီကို ယုံကြည်ကြပါက ဒီမိုကရေစီသမားတွေကိုယ်တိုင်က အမှားကင်းအောင် သတိထားကြရပါမယ်။ ဒီမိုကရေစီကို မယုံကြည်သူတွေနဲ့ ဆွေးနွေးနိုင်အောင် ကြိုးစားကြရပါမယ်။ တစ်ဦးရဲ့သဘောထားကို တစ်ဦးကနားလည်နိုင်အောင် ဂရုပြုကြရပါမယ်။

"အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်များ ခိုင်မာတောင့်တင်းနေသရွေ့ ဒီမိုကရေစီရှင်သန်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလိုကျင်းပတဲ့ လွှတ်တော်နှစ်ပတ်လည်နေ့ အခမ်းအနားများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေသရွေ့ ကျင်းပပြုလုပ်နိုင်ပါစေကြောင်း အလေးအနက် ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။" ဟု ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမှာစကားပြောကြားရာတွင် "မိမိအနေဖြင့် ယခုလို ဒုတိယအကြိမ် လွှတ်တော်များ၏  နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားလိုပါတယ်။ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးခရီးလမ်းမှာ နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် အဓိကအခန်းကဏ္ဍကနေ ဦးဆောင်လျှောက်လှမ်းလျက်ရှိတဲ့ ဒုတိယအကြိမ်လွှတ်တော်များရဲ့ ဒီမိုကရေစီဖော်ဆောင်မှု ခရီးဟာ ဒီကနေ့ဆိုလျှင် (၂)နှစ်တာဆိုတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာပဲ မဲဆန္ဒနယ်မြေအသီးသီးက ပြည်သူများ ဖြစ်စေချင်သော ဆန္ဒနဲ့မျှော်လင်‌့ချက်များကို တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

"လွှတ်တော်များသည် ပြည်သူတို့၏အသံများကို အစဉ်နားစွင့်ကာ အမျိုးသားလွှတ်တော်မှာ  လွှတ်တော် ကိုယ်စားလှယ်များက  မိမိတို့ဒေသအကျိုး၊  နိုင်ငံတော်နှင့်  ပြည်သူ့အကျိုးစီးပွားကို  မြင့်မြင့်မားမား ဖော်ဆောင်နိုင်ရေးအတွက်  အဆို (၁၃) ခု၊  ကြယ်ပွင့်ပြမေးခွန်း (၇၁၅) ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း (၆၄၉) ခုတို့ကို မေးမြန်းခဲ့ရာ  သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက  လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊  စာဖြင့်ပေးပို့ဖြေကြားခြင်းများကို  ဆောင်ရွက်နိုင်ခဲ့ပါတယ်။

"ဥပဒေပြုလွှတ်တော် အားကောင်းမှသာ ဒီမိုကရေစီအားကောင်းမှာပဲဖြစ်လို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စွမ်းရည်မြင့်မားအောင် အစဉ်ကြိုးစားနေကြရမှာပဲ ဖြစ်ပါတယ်။ သို့မှသာ ဒီမိုကရေစီရှင်သန်ခိုင်မြဲစေပြီး လွှတ်တော်များစွမ်းရည် ပိုမိုမြင့်မားစေမှာပဲဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိရာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းလျက်ရှိပါတယ်။

"ဒီမိုကရေစီစနစ်မှာ ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူကိုဗဟိုပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေပြုခြင်း၏ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေများရေးဆွဲပြဋ္ဌာန်းရာမှာ ခေတ်ကာလနှင့်မလျော်ညီသော ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် အသစ်ပြဋ္ဌာန်းသင့်သော ဥပဒေများကို ပွင့်လင်းမြင်သာစွာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာမှာ  ပြည်ထောင်စုလွှတ်တော်က (၂) နှစ်တာကာလအတွင်း အသစ်ပြဋ္ဌာန်းသည့်ဥပဒေ (၂၀) ခု၊ ပြင်ဆင်သည့်ဥပဒေ (၂၄) ခုနှင့် ရုပ်သိမ်းသည့်ဥပဒေ (၆) ခုတို့ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်၍လည်း ပြည်သူအကျိုးပြုဥပဒေများကို ရဲဝံ့ပြတ်သားစွာ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ ကြိုးပမ်းသွားကြရမှာပဲ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူများဟာ ဥပဒေရဲ့အကာအကွယ်ကို တန်းတူရရှိစေပြီး မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူကအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူ့အကျိုးအတွက် ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

"ပြည်ထောင်စုတစ်ဝန်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတော်ရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နယ်မြေဒေသအသီးသီးမှာ ငြိမ်းချမ်းမှုရရှိရေး တို့အတွက် နိုင်ငံတော်က ဦးစားပေးဆောင်ရွက်ရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာလည်း ဥပဒေပြုရေးမဏ္ဍိုင်မှ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အစွမ်းကုန်ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

"ပြောင်းလဲချိန်တန်ပြီမှ အစပြုပြီး ဒီမိုကရေစီ ခ‌ယောင်းလမ်းကို ဖြတ်သန်းလာခဲ့ကြရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲအကျပ်အတည်းများ စိန်ခေါ်မှုများစွာတို့ကို ပြည်သူနှင့်အတူ စည်းလုံးခြင်းအင်အား၊ ညီညွတ်ခြင်းသက်သေတို့ဖြင့် တက်ညီလက်ညီ တွဲလက်မဖြုတ်စတမ်း ရင်ဆိုင်ဖြတ်ကျော်ရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားများအားလုံး၏ တူညီသော စိတ်ဆန္ဒများဖြစ်သည့် မိမိနိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်တို့ဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက်ကြဖို့ ဆန္ဒပြုတိုက်တွန်း နှိုးဆော်ပါတယ်"ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ခင်မင်ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး လွှတ်တော်သဘင်ဆောင်၌ ပြသသည့် ဇာတိမြေ (My Country My Home) ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်