Skip to main content

လွှတ်တော်ကော်မတီများဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုလွှတ်တော်ရုံးနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ပူးပေါင်းစီစဉ် ကျင်းပသည့် လွှတ်တော်ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ (Hluttaw Committees Development Workshop Series) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမကြီး၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များဖြစ်ကြသော UNDP,IPU, Australian Perliament, Parliament of Denmark, UK House of Commons တို့မှ တာဝန်ရှိသူများ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ Chief Technical Advisor Mr. Warren Cahill က ပြင်ပပညာရှင်များကိုယ်စား လွှတ်တော်ကော်မတီဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အကျဉ်းချုပ်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် မိမိတို့လွှတ်တော်အတွင်း လွှတ်တော်ကော်မတီများသည် လွှတ်တော်အငယ်များဖြစ်သည်ဟု ပြောဆိုလေ့ရှိကြောင်း၊ ကော်မတီများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြင့်မားလျှင်မြင့်မားသလောက် လွှတ်တော်ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ လွှတ်တော်သည် နိုင်ငံတစ်နိုင်ငံ၏ အသက်ဝိဉာဉ်၊ အသက်သွေးကြောဖြစ်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင်ပေးနေသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လွှတ်တော်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ လွှတ်တော်များ အားကောင်းရန်လိုအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အရည်အသွေး၊ အရည်အချင်း ပြည့်ဝရန်လိုအပ်ပါကြောင်း။

ယခု အလုပ်ရုံဆွေးနွေးပွဲသည် လွှတ်တော်ရုံးအသီးသီးမှ လက်ရှိလုပ်ငန်းခွင်တွင် တာဝန် ထမ်းဆောင်နေသည့် ကော်မတီဝန်ထမ်းများအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ထောင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် လွှတ်တော်ကော်မတီများ၏ တာဝန်သည် အရေးကြီး ပါကြောင်း၊ လွှတ်တော် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ UNDP အပါအဝင် နိုင်ငံတကာမှ မိတ်ဆွေများ၏ အသိ အမှတ်ပြုမှုနှင့် အားပေးမှုကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ထိုက်သင့်သည့် အခြေ အနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ သို့ရာတွင် မိမိတို့ပြည်သူများ မျှော်လင့်သလောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်မှုမရသေးသည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ဒီမိုရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက်ဆိုလျှင် နိုင်ငံသားအားလုံး စိတ်ထားနှင့် ခံယူချက်များပြောင်းရန် လိုအပ်ပါကြောင်း။

ထိုနည်းတူ လွှတ်တော်၏ တာဝန်ရှိမှု၊ တာဝန်ယူမှုအပိုင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအားလုံး လက်ခံအောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး အရည်အသွေးမြှင့်တင်ရေးဆိုင်ရာနှင့် စိတ်ဓာတ် ခံယူချက် မြှင့်တင်ပေးခြင်းဖြင့် ကော်မတီများမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူများအကြား ပျံ့နှံ့သွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းသည် အချိန်ကုန်၊ ငွေကုန်ပြီး လုပ်အားစိုက်ထုတ်ရသဖြင့် ပေးရသည့်အချိန် သုံးစွဲရသည့်ငွေကြေး၊ စိုက်ထုတ်ရသည့် လုပ်အားအလိုက် တန်ရာတန်ကြေးရရှိအောင် ဝန်ထမ်းများအနေဖြင့် ဆွေးနွေးသင်ကြားမှတ်သားနာယူပြီး လက်တွေ့လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဦးဆောင်ပုဂ္ဂိုလ်များနှင့် နည်းပြများ အနေဖြင့်လည်း သည်းခံစိတ်ထားရှိပြီး နားလည်တတ်ကျွမ်းအောင်လုပ်ဆောင်ပေးကြမည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း။

ယခုဆိုလျင် လွှတ်တော်များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ လေးနှစ်ကျော်၊ ငါးနှစ်အတွင်း ရောက်ရှိလာပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းကုန်ဆုံးချိန်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းစတင်သည့် အကူးအပြောင်းကာလတွင် လုပ်ငန်းများ ထိထိရောက်ရောက်၊ တက်တက်ကြွကြွ လုပ်ဆောင်ရန်အတွက် ဝန်ထမ်းများ၏ အခန်းကဏ္ဍ အရေးကြီးပါကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အတွေ့အကြုံနည်းပါး ခဲ့သော်လည်း ဥပဒေပေါင်း (၁၈၉) ခု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ထို့အတူ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဖြစ်သည့် မဏ္ဍိုင်သုံးရပ်ကြား ထိုက်သင့်သည် အပြန်အလှန်ထိန်းကျောင်းမှု ပြုလုပ်နိုင်ခဲ့ပါကြောင်း။

ပြည်သူများ၏ နေ့စဉ်ဘဝတွင် အရေးပါသည့် စားဝတ်ရေးနေရေးအပါအဝင် လူမှုရေးကိစ္စများကို မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အထူးသဖြင့် အရေးကြီးအဆိုများ အောင်မြင်၍ ပြည်သူများ၏ ကြောင့်ကျမှုများကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့လွှတ်တော် အပေါ် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက အသိအမှတ်ပြုခြင်းနှင့် အားပေးကူညီခြင်းများ ကြောင့် ဖြစ်ပါကြောင်း။

လွှတ်တော်များ ဆက်လက်ရှင်သန်ရန်နှင့် အားကောင်းရန်လိုအပ်ပြီး လွှတ်တော်များ ရှင်သန်အား ကောင်းမှသာ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒီမိုကရေစီစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ရေးကို ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂအပါအဝင် မိတ်ဆွေအားလုံးက လိုလားကြမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ UNDP အပါအဝင် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့များနှင့် မိတ်ဆွေများက စေတနာထက်သန်စွာ ဆောင်ရွက်ပေးခြင်းအပေါ် လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တာဝန်ရှိသူများနှင့် အတူ ဇမ္ဗူ သီရိဆောင် ဒုတိယထပ်ရှိ မြန်မာ့လွှတ်တော် လေ့လာသင်ကြားရေး ဗဟိုဌာန၌ ခင်းကျင်းပြသ ထားသော လွှတ်တော်အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် လွှတ်တော်ရုံး အသီးသီးမှ ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေး သင်တန်းနှင့် ကွန်ပျူတာ အသုံးချသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုတို့ကို လေ့လာကြည့်ရှုအားပေးသည်။

လွှတ်တော်ကော်မတီများဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ ရက်သတ္တ (၃) ပတ်ကြာ ကျင်းပမည်ဖြစ်ရာ နိုင်ငံတကာ လွှတ်တော်များမှ ကော်မတီဆိုင်ရာ ပညာရှင် (၈) ဦးတို့က ဆွေးနွေးပို့ချမည်ဖြစ်ပြီး လွှတ်တော်ရုံး များ ကော်မတီဝန်ထမ်းစုစုပေါင်း ၁၇၃ ဦး တက်ရောက်လေ့လာ ဆွေးနွေးကြမည်ဖြစ် ကြောင်း သိရှိရသည်။ 

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်