Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ စာတမ်း

ပြည်ထောင်စုမြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို မဏ္ဍိုင်ပြု၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်ဖော်ဆောင်လျက်ရှိရာ ကာလအားဖြင့် ၄ နှစ်ကျော် ၅ နှစ်ကာလ  အတွင်းသို့ ရောက်ရှိခဲ့ပြီး ပထမသက်တမ်းကုန်ဆုံးလုနီးအချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပေသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်ရာတွင် ထွန်းသစ်စဒီမိုကရေစီ နိုင်ငံများ၏ ဖြစ်စဉ်များအတိုင်း ပြုပြင်ပြောင်းလဲမှုသက်တမ်းကာလအတွင်း အောင်မြင်မှု အားသာချက် အခွင့် အလမ်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများကိုလည်း ဖြတ်သန်းကျော်လွှား နေရဆဲဖြစ်ပေသည်။ ဤ ကဲ့သို့ အခြေအနေအချိန်အခါတွင် အောင်မြင်မှု ရရှိပြီဖြစ်သော အခြေအနေများကို မပျက်ယွင်း မဆုံးရှုံးစေဘဲ အမျိုးသားရေးအကျိုးစီးပွားကို ဦးထိပ်ထား၍ တည်ငြိမ်တိုးတက်လာအောင် အမျိုးသား အင်အားစုအားလုံးက ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်သွားကြရန် အထူးလိုအပ်သည့် အချိန် ကာလဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အလေးအနက် ယုံကြည်ပါကြောင်း နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအပေါင်းသို့ အသိပေးအပ်ပေသည်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် နိုင်ငံတော်ဘက် စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဓိကကျသော လိုအပ်ချက်ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ထာဝရငြိမ်းချမ်းရေးအောင်မြင်တည်တံ့စွာ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်အဆင့်ဆင့်တွင် မိမိတို့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နည်းလမ်းများဖြင့် ပူးပေါင်းပါဝင်လျက်ရှိနေပြီး လုပ်ငန်းစဉ်များအောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပေသည်။

အရင်းအနှီးကြီးမားစွာဖြင့် ကြိုးပမ်းတည်ဆောက်ထားရသော ယနေ့မျက်မှောက်ခေတ်ကာလ နိုင်ငံတော်၏ ဖြစ်တည်မှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပေဒေမဏ္ဍိုင်ပြုသည့် လမ်းကြောင်းမှ သွေဖီ တိမ်းစောင်းသွားခြင်းမရှိအောင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်သည်။

ယနေ့ ၂၀၁၅ ခုနှစ်သည် ပါတီစုံဒီမိုကရေစီနိုင်ငံတော်၏ ဒုတိယ (၅)နှစ် သက်တမ်းသို့ ကူးပြောင်းမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေသောကာာဖြစ်သည်နှင့်အညီ ယခုကျင်းပမည့် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သည်လည်း ပိုမိုရင့်ကျက် တည်ငြိမ်မှုရှိသော ဒီမိုကရေစီအလေ့အကျင့်သို့ ကူးပြောင်းရောက်ရှိရန် အားသစ်လောင်းရမည့် ထူးခြားလေးနက်သော ကာလဖြစ်သည်။

ယနေ့ ကမ္ဘာ့တစ်ဝှမ်းလုံးတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲများဖြင့် သက်ဆိုင်ရာအစိုးရအသီးသီးကို ရွေးချယ်တင်မြှောက်လျက်ရှိကြောင်း တွေ့ရှိရပေသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲတိုင်းသည် ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်မှုမရှိကြောင်းလည်း လေ့လာတွေ့ရှိရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ပါတီစုံဒီမိုကရေစီစနစ်၊ စည်းကမ်းပြည့်ဝ၍ စစ်မှန်သော ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာကျင့်သုံးလျက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီပါတီအထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာဝင်ရောက် အရွေးချယ်ခံရေးအတွက်

၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀၁၅) ဦး

၂။ အမျိုးသားလွှတ်တော်ကိုယ်စာလှယ်လောင်း (၉၇) ဦး

၃။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၄၂) ဦး

၄။ တိုင်းရင်းသားကိုယ်စားလှယ်လောင်း (၁၂) ဦး

စုစုပေါင်း (၇၅၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အမည်စာရင်း တင်သွင်းထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီအထိမ်းအမှတ်နေ့ကျင်းပသည့် ကာလနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် ကာလသည် ထူးခြားစွာ တိုက်ဆိုင်မှုရှိသည့် အားလျှော်စွာ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံ့ကံကြမ္မာကို ဖန်တီး၊ ဖော်ဆောင်မည့် ပြည်သူ့ကိုယ်စား လှယ်များကို ရွေးချယ်တင်မြှောက်ရာတွင် အစွဲတရားကင်းရှင်းစွာဖြင့်

၁။ လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့်ရှိရမည်။

၂။ တရားမျှတမှုရှိ၍ ဥပဒေနှင့် အညီ ကျင်းပသောရွေးကောက်ပွဲဖြစ်ရမည်။

၃။ ပွင့်လင်းမြင်သာမှုရှိရမည်။

၄။ ဂုဏ်သိက္ခာရှိ၍ နိုင်ငံတကာစံနှုန်း၊အဆင့်အတန်းနှင့် ကိုက်ညီမှုရှိစွာဖြင့် ရွေးချယ်တင်မြှောက်ခွင့်ရရှိရန် အထူးလိုအပ်လျက်ရှိပါကြောင်း တင်ပြရင်း ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီအထိမ်းအမှန်နေ့ကို ဂုဏ်ပြုလျက်တင်ပြအပ်ပါသည်။