Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ချင်းတိုးတက်ရေးပါတီမှ ဖတ်ကြားသည့် စာတမ်း

“ ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက် ”

အားလုံးမင်္ဂလာပါခင်ဗျား - ကျနော်ကတော့ ချင်းတိုးတက်ရေးပါတီမှ ဦးခွန်လိန်း ဖြစ်ပါတယ်။

နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ခုလို စကားပြောခွင့်ရတဲ့အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့မှာ Public Participation for Democracy ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ဖတ်ကြားမှာဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ယေဘူယျအကျဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ပြည်သူလူထုက အုပ်ချုပ်ခြင်းဆိုတာဘဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက တိုင်းပြည်စီမံအုပ်ချုပ်ဖို့ အစိုးရကို အခွင့်အာဏာပေးအပ်တယ်။ နိုင်ငံသားများက မိမိတို့ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ကာ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင်စေဖို့ အခွင့်အရေးရှိကြပါတယ်။ ဒီအခွင့်အရေးကို လွတ်လပ်ပြီး တရားမျှတတဲ့ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ ဖော်ဆောင်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီကျင့်သုံးမှုတွေဟာ ဒီမှာပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာဟာ တနည်းအားဖြင့် ပြည်သူတွေရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်များက မိမိမဲဆန္ဒရှင်ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံရမှု ရှိရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စဉ် ကာလကပေးထားခဲ့တဲ့ ကတိကဝတ်တွေ အနာဂါတ်မျှော်လင့်ချက် မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးကြရမှာဖြစ်ပါတယ်။

ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာဌာနများက အစိုးရအဖွဲ့ဝန်ကြီးများ အရွေးကောက်ခံ ပုဂ္ဂိုလ်များဟာ သူတို့ရဲ့ လုပ်ဆောင်မှုတိုင်းအတွက် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုကို ပြသကြရမှာဖြစ်ပါတယ်။

ပြည်သူများက ကိုယ်စားလှယ်များကို မဲပေးလိုက်တဲ့အခါ သူတို့ကိုယ်စား သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ဥပဒေများပြုစု ပြဌာန်းပေးစေရေးတို့အတွက် အခွင့်အာဏာလွှဲအပ်လိုက်တာဖြစ်ပါတယ်။ ဥပဒေများပြုစုပြဌာန်းတဲ့အခါ လွှတ်တော်က အခြေခံဥပဒေနဲ့ မဆန့်ကျင်ဖို့ သတိထားရမှာဖြစ်သလို ပြဌာန်းလိုက်တဲ့ဥပဒေများနဲ့အညီ အစိုးရက အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေတစ်ရပ်အာဏာ တည်စေဖို့အတွက်လည်း ရဲတပ်ဖွဲ့နဲ့ တရားရုံးများက ထိန်းသိမ်းကာကွယ်ကြရမှာဖြစ်ပါတယ်။

တကယ်လို့ အစိုးရတစ်ရပ်ဟာ လူကြိုက်မများတော့ဘူးဆိုရင် ဒါမှမဟုတ် သူကတိကဝတ်ပြု ထားတဲ့အတိုင်း ဆောင်ရွက်မပေးနိုင်တော့ ဘူးဆိုတဲ့အခါ ပြည်သူတွေဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ တခြားသောပါတီတစ်ရပ်ကို ရွေးချယ် ကြမှာဖြစ်ပါတယ်။ ဒါဟာထိရောက်တဲ့အစိုးရ အုပ်ချုပ်မှုပုံစံတစ်ရပ်အတွက် ဒီမိုကရေစီက ဘယ်လိုဘယ်ပုံ အလုပ်လုပ်တယ်ဆိုတဲ့ အနှစ်ချုပ်သဘောပဲဖြစ်ပါတယ်။

ဒီမိုကရေစီ၏ အခြေခံ မူများ

ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ အခြေခံမူတွေရှိပါတယ်။ အဲဒါတွေကတော့…

(၁) ပြည်သူလူထုပါဝင်နိုင်မှု

(၂) တန်းတူညီမျှမှု

(၃) စိတ်ရှည်သီးခံမှု

(၄) တာဝန်ယူမှု၊ တာဝန်ခံမှု

(၅) ပွင့်လင်းမြင်သာရှိမှု

(၆) လွတ်လပ်တရားမျှတပြီး ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲရှိမှု

(၇) ရွေးကောက်ပွဲရလာဒ်ကို လက်ခံနိုင်မှု

(၈) အာဏာကို အလွဲသုံးမှုအပေါ်ထိန်းချုပ်ကာကွယ်နိုင်မှု

(၉) ပါတီစုံစနစ်ကျင့်သုံးနိုင်မှု

(၁၀) တရားဥပဒေစိုးမိုးမှု        စတာတွေဖြစ်ပါတယ်။

ဒီအခြေခံမူတွေထဲကမှ ပြည်သူလူထု ပါဝင်မှုနဲ့ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထု ပါဝင်မှုဆိုတာဟာ အစိုးရက ပြည်သူလူထုအပေါ် သက်ရောက်မှုရှိလာမယ့် ဆုံးဖြတ်ချက်များတိုင်းမှာ ပြည်သူလူထု ပါဝင်နိုင်မှုဘဲဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ပွဲပြီးတာနဲ့ ပြည်သူလူထုပါဝင်ပတ်သက်မှုပြီး ဆုံးသွားတာမဟုတ်ပါ။ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကချမှတ်မဲ့ မြောက်များလှတဲ့ ဆုံးဖြတ်ချက်များ၊ လွှတ်တော်များက ဥပဒေပြုတဲ့အခါ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ပြီး ဆွေးနွေးနိုင်ကြပါတယ်။ ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှု ရှိလာမယ့်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ဥပဒေပြဌာန်းရေးတွေမှာ ဝင်ရောက်အကြံပေး ဆွေးနွေးခွင့်ရှိကြရမှာဖြစ်ပါတယ်။

ဒေသဆိုင်ရာ အောက်ခြေ မြူနီစပါယ်အဆင့်တွေမှာတော့ လူနေအိမ်ခြေတွေတည်ဆောက်ရေး၊ လမ်းဖောက်လုပ်ရေးနဲ့ မြေယာအသုံးပြုရေး စသည့် ကိစ္စများမှာ ပါဝင်ဆွေးနွေးကြရမှာဖြစ်ပါတယ်။

ပြည်သူလူထုဟာ အစိုးရတစ်ရပ်အနေနဲ့ ဘယ်လို လုပ်ကိုင်သင့်တယ်ဆိုတာကို ပြောဆိုဝေဖန်အကြံပြု ဖို့ အခွင့်အရေးရှိရမှာ ဖြစ်သလို အခွန်ထမ်းဆောင်ဖို့လည်းတာဝန်ရှိပါတယ်။ အဲဒီအခွန်ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိ သုံးမယ်ဆိုတဲ့ကိစ္စကိုလည်း သိခွင့်ရှိပါတယ်။ တကယ်လို့ ဒီလိုကိစ္စတွေမှာ ပြည်သူလူထုက မပါဝင်ဘူးဆိုရင် အစိုးရဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကြားနာမှုမလုပ်ဘဲ ဆုံးဖြတ်ချက်များကို ချမှတ်လိုက်မှာဖြစ်ပါတယ်။

အဲဒီအခါ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိ ဖြစ်သွားမှာသေချာပါတယ်။ ဒီလိုအခြေအနေဟာ အာဏာကို အလွဲသုံးစားပြုမှုတွေ အကျင့်ပျက်ချစားမှုတွေ ဖြစ်ပေါ်လာ စေပါလိမ့်မယ်။

ဒါကြောင့် ပြည်သူလူထုပါဝင်မှုဆိုတာ ဒီမိုကရေစီစနစ်မှာ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်းထင်ရှားပါတယ်။

လူကြီးမင်းများခင်ဗျား…

ကျနောတို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲက စလို့ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကိုတော့ ချမှတ်နိုင်ခဲ့ပါပြီ။ သို့သော်လည်း ဒီမိုကရေစီစနစ်အတွင်းမှာ ပြည်သူလူထုပါဝင်ဆောင်ရွက်ခွင့်ကတော့ ကျနော်တို့အတွက်အတော်ပဲ စိမ်းနေပါသေးတယ်။ ကျနော်တို့ ၅ နှစ်နီးပါးဖြတ်သန်းခဲ့တဲ့ လွှတ်တော်ရဲ့ ဥပဒေပြုရေးဖြစ်စဉ်တွေမှာတော့ တချို့သော ဥပဒေပြဌာန်းရေးကိစ္စတွေမှာ ပြင်ပ NGO များ၊ INGO များ၊ ပညာရှင်များကို ဖိတ်ကြားပြီး သူတို့ရဲ့ ထင်မြင်ချက်တွေ အကြံပြုချက်တွေကို ကြားနာတွေလုပ်ခဲ့တာ ရှိပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် ဥပဒေပြုရေးမှာ များစွာလည်း အကျိုးရှိခဲ့ပါတယ်။

မကြာမီကာလအတွင်း ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးလည်း ကျင်းပပါတော့မယ်။ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မယ်လို့ အများက မျှော်လင့်ယုံကြည်နေခဲ့ကြ ပါတယ်။ အဲဒီရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့် လွှတ်တော်သစ်၊ အစိုးရသစ်တို့က ဒီမိုကရေစီစနစ်အတွင်း ပြည်သူများပါဝင်ဆောင်ရွက်နိုင်မှုကို ဒီထက်တိုးတက်ဆောင်ရွက်ပေးနိုင် ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။