Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် မြန်မာပြည်သူ့ဖိုရမ်၏ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု စာတမ်း

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနဲ့ ကြွရောက် လာသော ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ။

ကျွန်တော်ကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်တဲ့ မြန်မာပြန်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦး ဖြစ်ပါတယ်။ အခုလို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ မြန်မာ့ဒီမိုကရေစီနဲ့ ပတ်သက်ပြီး စာတမ်းဖတ်ကြားခွင့် ရတဲ့အတွက် ဒီမိုကရေစီခေတ်မှာ လူဖြစ်ရတဲ့ ပြည်သူတစ်ဦးအနေနဲ့ရော၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ညင်သာချောမွေ့ရေး အတွက် အဓိက အခန်းကဏ္ဍကနေ ရှိနေတဲ့ အရပ်ဘက် အဖွဲ့အစည်းမှာ ဦးဆောင်သူတစ်ဦး အနေနဲ့ပါ ဂုဏ်ယူ ဝမ်းမြောက်လှပါတယ်။

လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျာ -

လက်ရှိအချိန်မှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးနဲ့ ပြည်သူအတွက် ရည်ရွယ်တဲ့ ပြည်သူ့ရေးရာ မူဝါဒတွေ အကြောင်းကို မြန်မာနိုင်ငံက လူတိုင်းနီးပါးက ပြောဆိုနေကြတဲ့ စကားရပ်တွေ ဖြစ်ကြပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ သော့ချက်ကျတဲ့ ကီစ္စရပ်တစ်ခုကတော့ နိုင်ငံသားတွေအဖြစ် ပြည်သူတွေက နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှု-စီးပွား ဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်သူလူထုဟာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေး အဆောက်အအုံတွေ တိကျခိုင်မာနေဖို့ အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရေး ကြိုးပမ်းဆောင်ရွက်မှုဟာ ရှည်လျားလှတဲ့ သမိုင်းကြောင်းရှိပြီး အဲဒီ လှုပ်ရှားကြိုးပမ်းမှုရဲ့ အလှည့်အပြောင်းတိုင်းမှာ ပြည်သူလူထုဟာ အဓိကကျတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အလွန်ကစပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်လာတဲ့ အခါမှာ တိုးတက်ပြောင်းလဲမှုတွေကိုလည်း သိသိသာသာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီတစ်ရပ်ကို ဖေါ်ဆောင်ဖို့အတွက်ဆိုရင် ဆုံးဖြတ်ချက် ချမှတ်ရာမှာ ပြည်သူလူထုပါ ဝင်ခွင့်ရရှိဖို့ လိုအပ်သလို ပြည်သူ့ရေးရာ မူဝါဒတွေ ချမှတ်တဲ့နေရာမှာလည်း တိကျ သေချာပြီး ခိုင်မာမှုရှိဖို့လိုမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်ခွင့် ရရှိဖို့ အတွက်ဆိုရင် ပြည်သူလူထုဟာ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကိစ္စရပ်တွေမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို မှန်မှန်ကန်ကန် သိရှိပိုင်ခွင့် ရှိရမှာဖြစ်သလို အဲဒီအခွင့်အရေးကိုလည်း ပြည့်ပြည့်၀၀ အသုံးချနိုင်ခွင့် ရှိရမှာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေနဲ့ အစိုးရအဆင့်တိုင်းမှာရှိတဲ့ စီမံခန့်ခွဲသူတွေဟာ ပြည်သူလူထုရဲ့ စိုးရိမ် ပူပန်မှုတွေ၊ အကြံပြု တင်ပြချက်တွေနဲ့ မူဝါဒချမှတ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှုတွေကို လက်ကမ်း ကြိုဆိုသင့်ပါတယ်။ သူတို့ဟာ ပြည်သူလူထုနဲ့ ပုံမှန်ဆွေးနွေး တိုင်ပင်နိုင်တဲ့ ဆွေးနွေးပွဲတွေနဲ့ အကျွမ်း တဝင် ရှိနေဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြည်သူ့ဝန်ထမ်း တွေနဲ့ ဗျူရိုကရေစီ ယန္တယားတစ်ခုလုံးကနေ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့လည်း လိုအပ်လှပါတယ်။

ဒါကြောင့်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့ ဟာ ဂျာမနီအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Hanns Seidel Foundation ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ဒေသဆိုင်ရာ ပြည်သူ့ဖိုရမ်တွေ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ အဲဒီ ပြည်သူ့ဖိုရမ်တွေမှာ ဒေသဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ပြည်သူတွေဟာ အဓိက ခေါင်းစဉ်ကြီးတွေအဖြစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှု စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုဟာ သူတို့ဒေသမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို အခြေခံပြီး သက်ဆိုင်ရာ ဆွေးနွေးပွဲ ခေါင်းစဉ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။ ပြီးတော့ အဲဒီ ဆွေးနွေးပွဲ ရလဒ်တွေအရ တိကျခိုင်မာမှုရှိတဲ့ မူဝါဒအကြံပြုချက်တွေကို အားလုံး သဘောတူညီချက်နဲ့ ရေးဆွဲ ခဲ့ကြကာ အဲဒီ ပြည်သူ့ဖိုရမ်တွေရဲ့ ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီ အကြံပြု တင်ပြချက်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသဆိုင်ရာ လွှတ်တော် တွေကို တင်ပြခဲ့ပြီး ဒေသခံပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို နိုင်ငံရေးသမားများနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲသူတွေကို သိရှိလာအောင် ကြိုးစားအားထုတ် ခဲ့ကြပါတယ်။ လက်ရှိ အချိန်အထိ အဲဒီလို ပြည်သူ့ဖိုရမ်တွေကို မွန်၊ ကရင်၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ်တွေနဲ့ စကိုင်း၊ မန္တလေး စတဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာတစ်ပြည်လုံးက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တက်ရောက်တဲ့ မြန်မာပြည်သူ့ဖိုရမ်းကိုလည်း ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီ ပြည်သူ့ဖိုရမ်တွေကနေ တက်ရောက်သူတွေက ဖက်ဒရယ် ဝါဒရေးရာ အယူအဆနဲ့ ပတ်သက်ပြီး ပိုမိုနားလည် သိမြင်ကြဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ အတွက် ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲတွေကိုလည်း ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီလို ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲသူတွေကနေ ပြည်သူလူထုတွေအကြား တံတားထိုးပေးတဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ဆက်လက် ဆောင်ရွက်နေဦးမှာလည်း ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ကျွန်တော့်အနေနဲ့ အခုလို ထူးခြားလှတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဂုဏ်သရေရှိ လူကြီးမင်းများကို စကားပြောခွင့်ရတဲ့ အတွက် ပြည်ထောင်စုလွှတ်တော် ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒီနှစ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားရဲ့ ဦးတည်ချက်ကတော့ ဒီမိုကရေစီအရေးမှာ ပြည်သူလူထု ပါဝင်ရေး ဖြစ်တာကြောင့် ပြည်သူရေးရာ မူဝါဒများ ချမှတ်အကောင်အထည်ဖေါ်ရာမှာ ပြည်သူလူထု ပိုမိုပါဝင်နိုင်ရေး လိုအပ်ချက်တွေကို ပြောပြခွင့် ရရှိတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်လှပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တိုင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အာဏာပိုင်တွေနဲ့ ပြည်သူလူထုအကြားမှာ တံတားခင်းပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ အခမ်းအနားမှာ တက်ရောက်လာတဲ့ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အားလုံး အတူတကွ လက်တွဲပြီး တာဝန်ရှိသူများနဲ့ ပြည်သူလူထုအကြားမှာ တံတားခင်းပေးခြင်းဖြင့် မြန်မာ့အသွင်ကူးပြောင်းမှု အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံး ချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။