Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်တွင်း/ပြည်ပ အကူအညီပေးရေး အဖွဲ့များမှ တာဝန်ရှိသူများ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်များ အရည်အသွေး မြင့်မားရေးနှင့် အားကောင်းစေရေး အတွက် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လွှတ်တော်များ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များလည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော်လည်း လွှတ်တော်များ ပေါ်ပေါက်စတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ဝန်ထမ်းများ အနေဖြင့် အတွေ့အကြုံ မရှိသေးဘဲ  အရည်အသွေး၊ အရည်အချင်းလည်း မပြည့်ဝ ခဲ့ပါကြောင်း၊ လွှတ်တော်များ အရည်အသွေးရှိပြီး အားကောင်းရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အရည်အသွေး(Capacity) မြင့်မားအောင် ဆောင်ရွက်ခဲ့ပါကြောင်း။

လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာ လွှတ်တော်များသို့ သွားရောက် လေ့လာခဲ့ပြီး နိုင်ငံတကာမှ လွှတ်တော်များကလည်း မိမိတို့ လွှတ်တော်များ အားကောင်းလာရေး အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက မိမိတို့ လွှတ်တော်အပေါ်၌ စေတနာထား အကူအညီ ပေးခဲ့ခြင်း အတွက်လည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊။

မိမိတို့လွှတ်တော်များ ပေါ်ပေါက်ကာစက ၁၅ မိနစ်လွှတ်တော်၊ လက်ညိုးထောင် ခေါင်းညိတ်လွှတ်တော် ဟု ပြောဆိုမှုများ ရှိခဲ့သော်လည်း အစပိုင်းသာဖြစ်ပြီး အချိန်ကြာလာသည် နှင့်အမျှ လွှတ်တော် လုပ်ငန်းများကို ပြည့်ပြည့်ဝဝ လုပ်ဆောင် နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်ကို အရည်အသွေး ကောင်းအောင် ဆောင်ရွက်သကဲ့သို့ နိုင်ငံသားများ နှင့် အဖွဲ့အစည်း များကိုလည်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိအောင် ထိုက်သင့်သော အချိန်ပေး၍ ဆောင်ရွက်သင့်သည်ဟု ယူဆပါကြောင်း။

လွှတ်တော်များသည် နိုင်ငံ၏ အသက်သွေးကြော၊ အသက်ဝိဉာဉ်ဖြစ်၍ လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရသည်မှာ ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လွှတ်တော်များသည် အဓိက မောင်းနှင်းအား ဖြစ်သည့်အတွက် လွှတ်တော်၏ အရေးပါ အရာရောက်မှုကို နားလည်နိုင်ပါကြောင်း၊ လာမည့် စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်၌ ကျင်းပရန် စီစဉ်နေပါကြောင်း၊ IPU က ယခုနှစ် ဒီမိုကရေစီနေ့ အတွက် “Public Participation for Democracy” ဆောင်ပုဒ်ကို ချမှတ်ပေးသည့် အတွက် လွှတ်တော်၌ ကျင်းပရန် စီစဉ်ခြင်း ဖြစ်ပါကြောင်း။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်သူလူထု၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယခုနှစ် ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်သူများထဲမှ လူငယ်များ တက်ရောက်ခြင်းဖြင့် အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၌ လူငယ်များ၏ စွမ်းဆောင်မှုအပေါ် အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်သည် မည်ကာမတ္တ လွှတ်တော်၊ Ruber Stamp လွှတ်တော် မဟုတ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရှိသင့်သည့် အရည်အချင်းများကို သိရှိရန် လိုအပ်ပြီး အရည်အသွေးနှင့် ယုံကြည်ချက် မြင့်မားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးမှ ဆုံးဖြတ်ချက်များသည် လွှတ်တော် အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေး အဖွဲ့များ ဖြစ်ကြသော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU), House of Commons UK , Hanns Seidel Foundation, Cuso International Organization, Myanmmar Sholarship Alumni Association (MSAA) တို့မှ တာဝန်ရှိသူများက လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေးအတွက် အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တက်ရောက် လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်ထောင်စုလွှတ်တော် နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်