Skip to main content

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာပါလီမန်အဖွဲ့က ပေးပို့သော “ဒီမိုကရေစီအတွက် ပြည်သူပါဝင်ခြင်း” ဆိုသည့်ခေါင်းစဉ်မှာ အုတ်မြစ်ခိုင်မာရေးကို ရည်ရွယ်ဟန်ရှိပေသည်။ အကြောင်းမူ ဒီမိုကရေစီစနစ် ဆိုသည် မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သောကြောင့် ပြည်သူလူထုသာ အခြေခံအုတ်မြစ်ဖြစ်သည်။

သို့သော်ကမ္ဘာပေါ်ရှိ ပြည်သူမှန်သမျှသည် ဒီမိုကရေစီရေးထက် ဝမ်းရေးကိုသာ အာရုံရောက်မည်မှာ သဘာဝကျပါသည်။ ဝမ်းရေးတည်းဟူသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီစနစ်တည်းဟူသော အမှတ်အသားနှစ်ခုအကြားတွင် တိကျသေချာသော ညီမျှခြင်း အဖြေမရှိသောကြောင့်လည်း စိတ်ဝင်စားမှု မရှိခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီရပြီ ဆိုသည်နှင့် တစ်ပြိုင်နက်တည်း လူ့အဖွဲ့အစည်းအတွင်း--ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများ ဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်ဟု စနစ်က အာမခံထားခြင်းမရှိချေ။ ထို ထက်ဆိုးသည်မှာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံက ဝါရင့်ခေါင်းဆောင်ကြီး တစ်ဦး၏ အနုမာန အယူ အဆဖြစ်ပြီး ဒီမိုကရေစီနည်းမကျသော အုပ်ချုပ်မှုစနစ်များက စီးပွားရေးကို ပိုမိုကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည် ဟူ၍ ဖြစ်နေသည်။ ဤအယူအဆသည် ကျယ်ပြန့်သော သုတေသနပြုမှုမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ့နိုင်ငံနှင့် သူ့အတွေ့အကြုံတစ်ရပ်မျှသာ ဖြစ်ပေသည်။

ဒီမိုကရေစီစနစ်သည် အပြောကျယ်လှသည်။ နိုင်ငံရေးသမားများက ဒီမိုကရေစီတံဆိပ်ကို ဆင်မြန်းပြီး ဒီမိုကရေစီဝေါဟာရကို အာတွေ့နေသော်လည်း ကမ္ဘာ့ပညာရှင် အများစုကမူ ဒီမိုကရေစီစနစ်အပေါ် သုတေသနပြုမဆုံး၊ ဆွေးနွေးမဆုံး ဖြစ်နေဆဲပင်။ ဒီမိုကရေစီဆိုသော စကားလုံး၏ ရှေ့၌နာမဝိသေသန တစ်ခုခုမထည့်ဘဲ သုံးစွဲဖို့ရာပင် မဝံ့မရဲ ဖြစ်နေကြကြောင်း ဖတ်ရှုမိသည်။

သို့သော် ဒီမိုကရေစီစနစ်က လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည်။ ဤသည်ပင် အဓိကဟုယူဆပါသည်။ ထို့အပြင် စုပေါင်းဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းစိတ်အားထက်သန်စွာ ပါဝင်ပါဟု တိုက်တွန်းသင့်သည်။ ပညာပေးသင့်သည်။

အာဏာရှင်စနစ်၌ အာဏာရှင်တစ်ဦး၏ အမှားကို ကုစားရန်နည်းလမ်းမရှိ။ လူသည်မှားတတ်သော သတ္တဝါဖြစ်သည်။ အမှားကိုကုစားနိုင်ခြင်း မရှိက လူထုနာမည်။

ဒီမိုကရေစီစနစ်၌ အမှားကိုကုစားရန် နည်းလမ်းရှိသည်။ ကနဦးကတည်းက မမှားရအောင်လည်း အများက စုပေါင်းဆုံးဖြတ်သည်။ မှားသွားပါကလည်း အများဆန္ဒဖြင့် အမှားပြင်နိုင်သည်။

သတိထားရမည်မှာ ဒီမိုကရေစီ၏ အဖျက်မျိုးစေ့ဖြစ်သည်။

ဒီမိုကရေစီ၏ အဖျက်မျိုးစေ့သည် ဒီမိုကရေစီစနစ်အတွင်းမှာပင် ပါဝင်လာတတ်သည်။ ထိုမျိုးစေ့မှာ အစွန်းရောက်မှုပင်ဖြစ်သည်။ ထိုအဖျက်မျိုးစေ့ကို ထိန်းနိုင်လျှင် ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်း၌ ဖြေလျော့ရေးမှ ကူးပြောင်းရေး ထိုမှတစ်ဆင့် ဒီမိုကရေစီခိုင်မာရေး သို့တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ မထိန်းနိုင်လျှင်မူ ဒီမိုကရေစီစနစ်က နောက်ပြန်လျှောကျ သွားတတ်သည်။

အရေးအကြီးဆုံးမှာ ဒီမိုကရေစီတည်ဆောက်ရေးသည် ဆင့်ကဲဖြစ်စဉ်ဖြစ်သည်နှင့်အညီ နိုင်ငံရေး အသိပညာနှင့် နိုင်ငံပြု အတွေ့အကြုံရှိသော မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းဖြစ်သည်။

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပြည်သူအားလုံးက အာရုံထားကြရန် တင်ပြအပ်ပါသည်။