Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနဲ့ ဒီမိုကရေစီခရီးလမ်း ဖြောင့်ဖြူးစေရန် စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် ရပ်နားထားစဉ်ကာလအတွင်း ကွယ်လွန်သွားခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၂)ဦးအတွက်လည်း ကျွန်တော့်အနေနဲ့ များစွာစိတ်မကောင်း ဖြစ်မိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒီနေ့ စတင်ကျင်းပတဲ့ သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ (၂၆) ခု ရှိပါတယ်။         အဆိုများ အနေနဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ တင်သွင်းပြီး ဆွေးနွေးရန် ကျန်အဆို (၁)ခုနဲ့ ယခု အသင့်ဖြစ်အဆို (၈)ခု ရှိပါတယ်။ မေးခွန်းများအနေနဲ့ ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်း ထားတဲ့ ကြယ်ပွင့်ပြမေးခွန်း(၁၂၁)ခု အပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း (၁၇၂) ခု ရှိကြောင်း အသိပေးတင်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ယနေ့ကာလဟာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ အလေးထားဆောင်ရွက် နေတဲ့ ကာလဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အရေးကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးက စုပေါင်းဆွေးနွေး အဖြေရှာ လျက်ရှိကြ ပါတယ်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ချမှတ်ပြီး အသိပညာစွမ်းအား၊ စိတ်ဓာတ် ခွန်အားများနဲ့ အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြပါတယ်။  နိုင်ငံတော်အစိုးရက အဓိက ကြိုးပမ်းဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဥပဒေပြုရေး မဏ္ဍိုင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကလည်း ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ကောင်းမွန်တဲ့ စေတနာ၊ ရင့်ကျက်တဲ့ အတွေးအခေါ်၊ ပြည့်စုံတဲ့ ဉာဏ်ပညာ၊ ဗဟုသုတတွေကို ပေါင်းစပ်အသုံးချနိုင်မှသာ နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှသာ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အကောင်အထည်ဖော် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ပြည်သူ့အသံကို ထင်ဟပ်စေတဲ့ လွှတ်တော်တွေဟာ ပြည်သူတွေ အားကိုးထိုက်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြီးဖြစ်ဖို့ အထူးအရေးကြီးပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ တာဝန်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်စားလှယ်များက မေးမြန်းတဲ့ မေးခွန်းတွေ၊ တင်သွင်းတဲ့ အဆိုတွေ၊ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေဟာ ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ညီ၊ မညီ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ ကိုက်၊ မကိုက် တို့ကို အသေအချာ ဆန်းစစ်လေ့လာပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို “ပြည်သူလူထုက ယုံယုံ ကြည်ကြည်နဲ့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အဂတိတရားကင်းစွာနဲ့ ဆက်လက်ကြိုးပမ်း အားထုတ်ကြပါ”လို့ တိုက်တွန်းပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်။

ရက်စွဲ
15.12018