Skip to main content

ပြည်သူ့လွှတ်တော် Website အသစ် ထုတ်လွှင့်ထားရှိမှုအား အသိပေးတင်ပြခြင်း

၁။ ပြည်သူ့လွှတ်တော် Website ကို ပိုမိုပြည့်စုံသော သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါတွင် ပြည်သူ့လွှတ်တော် Website အသစ်အား ပိုမိုပြည့်စုံသော သတင်းအချက်အလက်များဖြင့် www.pyithu.hluttaw.mm လိပ်စာတွင် လွှင့်တင်ထား ရှိပြီးဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် Website ၏ Home Page တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပသည့်ရက်များ၌ အစည်းအဝေး ကျင်းပပုံများအား တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခြင်းနှင့် ဝန်ကြီးဌာန များအလိုက် မေးခွန်းနှင့်ဖြေကြားချက်များကို စုစည်းကြည့်ရှုနိုင်ရန် လည်းကောင်း၊ အစည်းအဝေးကဏ္ဍတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတင်၍ ဆဋ္ဌမပုံမှန်အစည်းအဝေးအထိ ကျင်းပခဲ့သော အစည်းအဝေးအကြိမ်များအလိုက် အစည်းအဝေး မှတ်တမ်းများ၊ မေးခွန်းနှင့်အဖြေများ၊ အဆိုများနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့မှစ၍ အစည်းအဝေး ကျင်းပသည့် ရုပ်သံဖိုင်များကိုလည်းကောင်း ပြည့်စုံစွာ ထုတ်လွှင့်ထားရှိပါသည်။ သတင်းနှင့် ပြန်ကြားရေး ကဏ္ဍတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကော်မတီ၊ ကော်မရှင်များ၏ သတင်းများ၊ မိန့်ခွန်းနှင့် ကြေငြာချက်များကို လည်းကောင်း၊ ကိုယ်စားလှယ်များကဏ္ဍတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းများကိုလည်းကောင်း၊ ကော်မတီ၊ ကော်မရှင်များကဏ္ဍတွင် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားရှိသည့် ကော်မတီ၊ ကော်မရှင်များ၏ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လုပ်ငန်း တာဝန်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာကဏ္ဍတွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီးသော ဥပဒေများ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ် လမ်းညွှန်နှင့် လွှတ်တော် ကိုယ်စားလှယ် လက်စွဲ စာအုပ်များအား Download ရယူရန် လည်းကောင်း၊ သုတေသနကဏ္ဍတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ပါလီမန်များနှင့် ပတ်သက်သော စာတမ်းတိုများကိုလည်းကောင်း၊ ပြည်သူများ၏ ဆန္ဒကို တင်ပြတောင်းဆိုနိုင်ရန်အတွက် “ ပြည်သူ့လွှတ်တော်သို့ ပြည့်သူ့အသံ တင်ပြတောင်းခံ ကြပါစို့” ကဏ္ဍကိုလည်းကောင်း၊ လွှတ်တော်လေ့လာရေး ကဏ္ဍတွင် ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာလိုသည့် ပြည်သူများအတွက် Online မှတဆင့် လျှောက်ထားနိုင်စေရန်လည်းကောင်း စီမံဆောင်ရွက် ထားရှိပါသည်။

၂။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း  ပြည်သူများလေ့လာကြည့်ရှုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

၃။ ပြည်သူ့လွှတ်တော် Website တွင် အများပြည်သူဖတ်ရှုလေ့လာနိုင်ရန် ပြည်သူ့လွှတ်တော်၏ သတင်းများ၊ ပုံမှန်အစည်းအဝေးနှင့်အဆိုများအပြင် ဥပဒေများ၊ အခြားလေ့လာ ဖတ်ရှုစရာများကို ပြည့်စုံစွာဖော်ပြထားရှိပါသည်။ ပြည်သူများအနေဖြင့် အကြံပြုချက်များ ပေးပို့လိုပါက [email protected] သို့ပေးပို့နိုင်ပါသည်။

၄။ ပြည်သူ့လွှတ်တော်အနေဖြင့် ပြည်သူလူထုအား ပိုမိုကောင်းမွန်ပြည့်စုံသော သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန် အစဉ်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။